ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

“တရားတော်ကို စောင့်ရှောက်သူကို တရားက ပြန်ပြီး စောင့်ရှောက်ပါတယ်
တရားကို ကောင်းကောင်းကျင့်ရင် ချမ်းသာကို ခံစားရပါမယ်
ဒါဟာ တရားစောင့်ခြင်း အကျိုးတရားပါ။ တရားကျင့်သူဟာ ဒုဂ္ဂတိကို မရောက်နိုင်ပါဘူး”

တခါက ဘုရားအလောင်းတော်ဟာ မဟာဓမ္မပါလ အမည်ရတဲ့ လူငယ်လေးဖြစ်ခဲ့ပြီး တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ သူပညာသင်ကြားနေတဲ့ အချိန်မှာပဲ ဒိသာပါမောက္ခဆရာကြီးရဲ့ သားဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားပါတယ်။ သုဿာန်မှာ အားလုံးငိုတဲ့အချိန် မဟာဓမ္မပါလကလေးက မငိုပါဘူးတဲ့။ ဒိအပြင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတာဟာဖြင့် မဖြစ်သင့်ပါဘူးလို့ သူငယ်ချင်းတွေကို ပြောတော့ သေခြင်းသဘောတရားဟာ ကြီးငယ် မဟူဖြစ်လေ့ရှိတတ်တာကို သွေဖယ်ကြီး ငယ်သူမှာ မဖြစ်သင့်ပါဘူးလို့ ပြောတဲ့ သင်တို့ အမျိုးမှာ ဒါမျိုးဖြစ်လေ့မရှိဖူးလားလို့ ပြန်မေးတော့ အသက်ကြီးတဲ့အခါမှာပဲ သေဆုံးပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေဆုံးကြပါဘူးလို့ ပြန်ပြောပါတယ်။

ဒီအကြောင်း ဆရာကြီးကို ပြန်ပြောတော့ ဆရာကြီးကလည်း မဟာဓမ္မပါလကို မေးမြန်းစစ်ဆေးပြီး စိတ်ထဲ မကျေနပ်တာနဲ့ သူ့ရဲ့ ဇာတိကို သွားခဲ့ပါတယ်။ ဆိတ်အရိုးကို ပခြုပ်(တောင်း)ထဲမှာ ထည့်ယူသွားပြီး မဟာဓမ္မပါလရဲ့ မိဘများကို သင်တို့သား သေဆုံးကြောင်း စိတ်ဝမ်းမနည်းစေဖို့အကြောင်း ပြောတော့ မိဘများက လက်ခုပ်လက်ဝါးတီးပြီး ၀ိုင်းရယ်ကြပါတယ်။ ပြီးတော့ ဆွေမျိုးတွေကလည်း ထိုနည်းတူစွာပဲ ရယ်မောကြပါတယ်။ သူတို့ အမျိုးရိုးမှာ ဒါမျိုးငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးတာ မရှိပါ လိမ်ပြောတာပဲဖြစ်လိမ့်မယ်လို့လည်း ဆိုကြတယ်။ တက္ကသိုလ်ဆရာကြီးက အကြောင်းမဲ့တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခြင်း မဖြစ်နိုင်ပါ- အကြောင်းတခုခု ရှိပါလိမ့်မယ် အဲဒီအကြောင်းကို ပြောပြပါ လို့ဆိုတော့

(၁) ကုသိုလ်တရား ဆယ်မျိုးကို ကျင့်သုံးကြပါတယ်၊ လိမ်မပြောကြပါဘူး၊ မကောင်းမှုမှလည်း ရှောင်ကြပါတယ်

(၂) သူတော်ကောင်းတရားဖြစ်စေ မသူတော်တရားဖြစ်စေ နားထောင်ပါတယ်။ မသူတော်တရားကိုတော့ မပြောကြပါဘူး။ နားထောင်တယ်ဆိုရုံပါပဲ။ မသူတော်တရားကို ပယ်စွန့်လိုက်ပြီး သူတော်ကောင်းတရားကိုပဲ ဆောင်ထားကြပါတယ်။ (မိတ်ဆွေဆိုး မိတ်ဆွေညစ်ကို ပစ်ပယ်ပြီး မိတ်ဆွေကောင်းကိုပဲ မှီဝဲပါတယ်)

(၃) အလှူတခု မလုပ်ခင်ကတည်းက ၀မ်းသာနေကြပါတယ်။ လုပ်တုန်းလည်း ကျေနပ်ကြပါတယ်။ လုပ်ပြီးသွားတော့လည်း နောင်တ တရားမရကြပါဘူး။

(၄) ရဟန်းပုဏ္ဏားတွေ ခရီးသွားတွေ သူတောင်းစားတွေ လူဆင်းရဲတွေကို အစားအစာ သောက်သုံးရေ စသည်ကို ပေးကမ်းကြပါတယ်။ (သာသနာဝန်ထမ်းရော သာသနာ့ဝန်ထမ်း မဟုတ်သူတွေရောပေါ့)

(၅) ကိုယ့်မိန်းမကလွဲရင် အခြားမိန်းမကို လိင်ကိစ္စနဲ့ မပြစ်မှားဖူး မကျူးလွန်ကြပါဘူး။ ဇနီးများကလည်း ကိုယ့်လင်သားကလွဲရင် အခြားသူနဲ့ လိင်ကိစ္စမှာ မပြစ်မှားကြပါဘူး မကျူးလွန်ကြပါဘူး

(၆) ကိုယ့်အသက်ရှင်ဖို့ရာ အကြောင်းကြောင့် သူတပါးအသက်ကို မသတ်ဖြတ်ကြပါဘူး။ သူတပါး ဥစ္စာကိုလည်း မခိုးကြပါဘူး။ အရက်သေစာ မသောက်ကြပါဘူး။ လိမ်ပြီးတော့လည်း မပြောကြပါဘူး။ (လိမ်ပြောတတ်သူဟာ မလုပ်ရဲတဲ့ မကောင်းမှုလို့ တခုမှ မရှိပါဘူး)

(၇) သားသမီးတွေကလည်း အကျင့်ကောင်းရှိတဲ့ အမျိုးသမီးတွေက မွေးဖွားလို့ ပညာရှိကြပါတယ် ဗေဒင်ကျမ်းဂန်တွေ တတ်ကျွမ်းကြပါတယ်။ (ပညာရှိကြတယ်)

(၈) တမလွန်လောကအတွက် မိဘ အကို အမများ ညီနောင်များ သားသမီးများ ဇနီးမယားများ အားလုံးဟာ တရားကျင့်ကြပါတယ်

(၉) ခိုင်းစေ လုပ်သူများရော အလုပ်လုပ်သူများရော အတုလိုက်ပြီး တရားကျင့်ကြပါတယ် ဒါ့ကြောင့် အသက်ရှည်ကြပါတယ်လို့ ပြောပြကြပါတယ်။

ဒိနောက်တော့ ဆရာကြီးဟာ သူ့ခရီးစဉ်သည် အကျိုးရှိတဲ့ ခရီးဖြစ်ကြောင်း ပြောကြားသွားပြီး နောင်တချိန်မှာ ပညာတတ် မဟာဓမ္မပါလကို အခြံအရံတွေနဲ့ တကွ အိမ်ကို သေချာပို့ဆောင်ပေးခဲ့ပါတော့တယ်။

ဒီတရားတော်ကို ကြည့်ပြီး အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ မိမိတို့လည်း ကျင့်သုံးနိုင်ပါတယ်။
စာပေထဲမှာ တွေ့ရှိတဲ့ အသက်ရှည်ကြောင်း အကြောင်းအရာလေးတွေကို (အသက်ရှည်စွာနေနိုင်ဖို့
အာယုဘွမ် (Ayubowan) မင်္ဂလာပါတိုခြင်းရှည်ခြင်းအကြောင်းရင်းလျော့မှ ရှည်မည်
)များနဲ့ ရေးခဲ့ပြီးပါပြီ။ ပါဠိစာပေထဲမှာ ထပ်မံလို့ ရှာဖွေတွေ့ရှိရင်လည်း ရေးပါဦးမည်။

မိမိရေးသမျှထဲမှာ ကိုယ့်အမြင်နဲ့ ချုံ့ကြည့်ချင်တာက “ငါးပါးသီလ”ပါပဲ။ ငါးပါးသီလတာ လုံရင် အသက်ရှည်ကြပါလိမ့်မယ်။ ဒါက ကိုယ်ကျင့် သီလနဲ့ ပတ်သက်လို့ပေါ့။

တခါ ကံကို ယုံ ဆူးပုံမနင်းရာလိုပါပဲ။ ငါက ငါးပါးသီလရှိတာပဲ မသေနိုင်ပါဘူးဆိုပြီး အေးနေချိန်မှာ နွေးထွေးအောင် မနေရင်တော့ မလွယ်ပါဘူး။ ဒါ့ကြောင့် အသက်ညာဏ်စောင့် ဆိုသလိုပါပဲ ။ မိမိတို့ ဦးနှောက်နဲ့ အခြေအနေ အရပ်ရပ်ကို ချင့်ချိန်ရပါမယ်။

တခါ သီလလည်း လုံတယ်၊ ရာသီလည်း မျှတယ်ကွ ဆိုပြီး စားသင့်တဲ့ အစာကို မစား၊ သောက်သင့်တာ မသောက်လို့ အာဟာရ မျှတအောင် မနေရင်လည်း မလွယ်ပါဘူး။ ဒါ့ကြောင့် အာဟာရ ဖြစ်မည့်အစားအစာကို စားပေးရပါမယ်။

တခါ သီလလုံ၊ ရာသီမျှ၊ အာဟာရတောင့်ပေမယ့်လည်း အကြောင်းမဲ့ ဒေါသတွေ ထွက်နေတတ်မယ်၊ စိတ်က ၀မ်းနည်း ပူဆွေး တတ်နေမယ်ဆိုရင်လည်း မဖြစ်သေးပါဘူး။ ဒေါသထွက်သူတို့ ပူဆွေးလွန်းသူတို့မှာ စားချင်သောက်ချင်စိတ် မရှိတတ်ကြပါဘူး။ ဒီအခါ အာဟာရဆိုတာကို ဖြစ်မြောက်အောင် ရရှိအောင် ပြုလုပ်မိမှာ မဟုတ်ပါဘူး။

နိဂုံး
======

ပရော်ဖက်ဆာ သုမနပါလ ပြောတဲ့ စကားလေးနဲ့ နိဂုံးချုပ်လိုပါတယ်။
“အရှင်ဘုရားတို့ အမ်အေ ကျောင်းသားတွေ အခု စာတမ်းတွေရေးဖို့ စာတွေ စုဆောင်းတယ် ဖတ်ရှုတယ် ပေါင်းစည်းတယ် လုပ်ကြပါတယ်။ ပြီးတော့ သုံးသပ်ချက်နဲ့ ဖြစ်နိုင်တဲ့ အဖြေကို ထုတ်ပြီး မိမိစာတမ်းရဲ့ မူရင်းပြဿနာကို ဖြေရှင်းကြပါတယ်။ ဒါဆို အမှန်တကယ် အသိညာဏ်ရပြီလို့ ယူဆနိုင်ပါသလား။ မယူဆနိုင်ပါဘူး။ ဥပမာ ပြောပါမယ်။ လူတယောက်က ဒါက စားပွဲခုံ ဒါက အသီးအနှံ ဒါက ရေ စသဖြင့် အမျိုးအစားတွေ သိပါတယ်။ တစုံတယောက်က ထမင်းစားချင်တယ် ဆိုရင် စားပွဲခုံကြီး သွားပေးမိရင် အဲဒီလူမှာ ပညာမရှိသေးပါဘူး။ ထမင်းစားချင်တဲ့လူကို ထမင်းကျွေးရမယ်ဆိုပြီး ထမင်းကျွေးတတ်မှ တကယ့်ပညာအစစ်ကို ရောက်မှာ ရှိမှာပါ”

ဒီတော့ မိမိလည်း စုဆောင်းမိသမျှ အသက်ရှည်ကြောင်း နည်းလမ်းကောင်းများကို ပြဆိုတဲ့ တရားတော်လေးများကို စွမ်းနိုင်သလောက် ရေးခဲ့ပြီးပါပြီ။ ဖတ်တဲ့လူများလည်း ဖတ်ပြီးကြပါပြီ။ တကယ့် knowledge အသိညာဏ် (အသုံးချတတ်ခြင်း) ရောက်အောင်တော့ ကိုယ့်ဘာသာ ကြိုးပမ်းကြရပါမည်။

ထိုသို့ကြိုပမ်းခြင်းဖြင့် အသက်ရှည် စိတ်ချမ်းသာသူများဖြစ်ပါစေလို့ ဆန္ဒမွန်ဖြင့် ---
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)