ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

ရှေးယခင်က ဒဠှနေမိ အမည်ရှိ စကြာဝတေးမင်းသည် စကြာရတနာ အနည်းငယ်လျောကျလာတာကို မြင်ချိန်တွင် အိမ်ရှေ့မင်းသားကို ခေါ်ကာ သူပိုင်ဆိုင်သမျှ လွဲပြောင်းပေးအပ်ကာ ရသေ့ဝတ်သွားခဲ့သည်။ ထိုအခါ အိမ်ရှေ့မင်းသား မင်းဖြစ်ချိန်တွင်စကြာရတနာ ပျောက်ကွယ်သွားရာ ဖခင်ဖြစ်သူထံ သွားရောက်မေးမြန်း အကြံတောင်းခဲ့သည်။ ထိုအခါ ရသေ့က စကြာဝတေးမင်းကျင့်ဝတ်ကို ကျင့်က စကြာရတနာ ပြန်ရပါလိမ့်မည်ဆိုပြီ ကျင့်ဝတ်များကို ပြောပြခဲ့သည်။

တရားကိုသာ အမှီပြု၊ အရိုအသေပြု၊ မြတ်နိုး၊ ပူဇော်၊ တုပ်ဝပ်၊ တံခွန်သဖွယ်ပြု၊ မှန်ကင်းသဖွယ်ပြု၊ အကြီးအမှူးပြု လျက်သာလျင် -
၁) အတွင်းသားမယားနှင့် စစ်သည်ဗိုလ်ပါများ၊ [အချိန်မလွန်ခင် ထမင်းရိက္ခာများ ပြည့်စုံစေခြင်း]
၂) အဘိသိက်သွန်းပြီးသည့် ခတ္တိယမင်းများ [ကောင်းမြတ်သည့် အာဇာနည်မြင်းစသည့် ရတနာများနှင့်ပြည့်စုံစေခြင်း]
၃) အဘိသိက်မသွန်းရသေးသည့် အရန်မင်းများ [သင့်တော်မည့် ယာဉ်များနှင့် ပြည့်စုံစေခြင်း]
၎) ပုဏ္ဏားသူကြွယ်များ၊ [စားဖွယ်သောက်ဖွယ်၊ အဝတ်များပေးကမ်းခြင်းနှင့် စပါးမျိုးစေ့ထွန်တုံးနှင့် ဗလီပူဇော်မှု ပြည့်စုံစေခြင်း]
၅) နိဂုံးဇနပုဒ်နေလူအများ၊ [နိဂုံး၊ ဇနပုဒ်များ ပြည့်စုံစေခြင်း]
၆) ရဟန်းပုဏ္ဏားများ၊ [ရဟန်းပရိက္ခရာများ ပြည့်စုံစေခြင်း]
၇) သားငှက်များအား [ဘေးမဲ့ပေးခြင်း] တားမြစ်စောင့်ရှောက်၊ ကာကွယ်၊ လုံခြုံမှုကို ပြုလုပ်ပေးရမည်။
၈) နိုင်ငံတော်အတွင်းတွင် မကောင်းမှုများ မဖြစ်စေအောင် ပြုလုပ်ရမည်။
၉) နိုင်ငံတော်တွင်းတွင် ပစ္စည်းဥစ္စာမရှိသူတို့အားလည်း ပစ္စည်းဥစ္စာပေးရမည်။ (အရင်းအနှီးပေးရမည်)
၁၀) နိုင်ငံတော်တွင်းတွင် မာန်ယစ်ခြင်းမေ့လျော့ခြင်းမှ ရှောင်ကြဉ်၊ သည်းခံခြင်း၌ မွေ့လျော်၊ မိမိစိတ်ကို ဆုံးမ၊ ငြိမ်သက်စေ ကြကုန်သော ရဟန်းပုဏ္ဏားတို့ဆီ ချည်းကပ်ပြီး ကုသိုလ်-အကုသိုလ်တရားများ၊ အပြစ်ရှိ-မရှိတရားများ၊ မှီဝဲအပ်-မမှီဝဲအပ်သော တရားများ၊ ဆင်းရဲခြင်းဖြစ်- ချမ်းသာခြင်းဖြစ်စေသည့် တရားများကို မေးမြန်းပြီး အကုသိုလ်တရားများကို ရှောင်၊ ကုသိုလ်တရား များကို ဆောက်တည်ကာ ကျင့်ကြံပါလေ - ဟု မိန့်ညွှန်လိုက်လေသည်။

[မှတ်ချက်။ ။ [-----] အတွင်းရှိ အဓိပ္ပါယ်များသည် အဋ္ဌကထာလာ အဓိပ္ပါယ်များဖြစ်သည်။ စကြာဝတေးမင်းကျင့်ဝတ်သည် ဆယ်မျိုး၊ တနည်း- ၁၂ မျိုးရှိသည်။ ယခု ဆယ်မျိုးတွင် ၄ ခုမြောက် အင်္ဂါ ပုဏ္ဏား သြွူကယ်ကို တစ်ဦးစီယူ၊ ၇ ခုမြောက်အင်္ဂါ သား ငှက်များကို တစ်ခုစီယူလျင် ၁၂ မျိုးဖြစ်သည်။ ဌ- ၃၄ ]

ထို့နောက် ဖခင်မင်း ရသေ့၏ ဆုံးမစကားကို နားထောင်၍ ကျင့်ကြံလေရာ တစ်ဆယ့်ငါးရက်မြောက်တွင် စကြာရတနာ ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် တရားသဖြင့် တိုင်းပြည်အုပ်ချုပ်လာခဲ့ပြီး စကြာရတနာ လျောကျချိန်တွင် မင်းသားအား ပိုင်ဆိုင်သမျှ လွဲပြောင်းကာ ရသေ့ဝတ်သွားခဲ့သည်။

ဤသို့ဖြင့်ပင် နှစ်ယောက်မြောက်၊ သုံးယောက်မြောက်၊ လေးယောက်မြောက်၊ ငါးယောက်မြောက်၊ ခြောက် ယောက်မြောက်၊ ခုနှစ်ယောက်မြောက်စကြာဝတေးမင်းတို့လက်ထက်တွင် အထပ်ပါအစီအစဉ်အတိုင်း စကြာရတနာ အစဉ်မပြတ် လည်ပတ်ခဲ့ သည်။ ခုနှစ်ယောက်မြောက် စကြာဝတေးမင်း စကြာမင်းဖြစ်ပြီး၍ တောထွက်ကာ ရသေ့ရဟန်းအဖြစ်ဝင်ရောက်သွားသည့် ခုနှစ်ရက်မြောက်တွင် စကြာရတနာကွယ်ပျောက်သွားခဲ့သော်လည်း အဘိသိက်ခံ သားကြီးဘုရင်သည်-
စကြာရတနာ ကွယ်ပျောက်သွားခြင်းကြောင့် စိတ်နှလုံးမသာမယာဖြစ်ခြင်း၊ သူတပါးအားပြောကြားခြင်းများ ပြုလုပ် ခဲ့သော်လည်း ဖခင်ရသေ့ထံသို့သွားကာ စကြာမင်းတို့ ကျင့်ဝတ်ကို မမေးမြန်းပဲ မိမိပညာဖြင့်သာ နိုင်ငံကို အုပ်ချုပ်ခဲ့ရာ ရှေးစကြာမင်းတို့အုပ်ချုပ်သကဲ့သို့ ရှေ့နောက်ညီညွတ်ကာ မတိုးပွား မစည်ပင်တော့ပေ။

ထိုအခါတွင် မှူးမတ်အစရှိသူတို့ စည်းဝေးပြီး ဘုရင်မင်းအား ထိုသို့ ရှေ့နောက်မညီညွတ်တော့ကြောင်းနှင့် ရှေးဘုရင် တို့ ကျင့်သုံးသည့် စကြာဝတေးမင်းကျင့်ဝတ်ကို မေးပါရန်နှင့် ထိုသို့မေးပါက ပြောကြားလိုပါသည်ဟု လျှောက်ထားကြတော့သည်။


အသက်တမ်းနှင့် ရုပ်ရည်များ လျော့ကျလာကြခြင်း
==================================

ထိုသို့ဖိတ်မာန်သည့်အခါတွင် ဘုရင်မင်းက စကြာဝတေးမင်းကျင့်ဝတ်ကို မေးသော် မှူးမတ်စသူတို့သည် စကြာမင်း အကျင့်တရားကို ပြောကြားရာ ထိုကျင့်ဝတ်များတွင် ပစ္စည်းဥစ္စာမရှိသူအား ပစ္စည်းဥစ္စာ ပေးကမ်းခြင်း (အရင်းအနှီးထုတ်ပေးခြင်း) ကျင့်ဝတ်ကိုကား မကျင့်ပေ။
ထိုအခါ- ဆင်းရဲခြင်းတိုးပွားလာသည်။ ထို့နောက်- လူတဦးမှစ၍ ခိုးယူလေရာ ဖမ်းမိလေသောအခါ ဘုရင့်ထံအပ်နှံကြ ရာတွင် ဘုရင်က အကျိုးအကြောင်းမေးမြန်းလေရာ ပစ္စည်းမရှိ၍ ခိုးယူခြင်းဖြစ်ကြောင်းသိသဖြင့် ပစ္စည်းပေးကာ ပြန်လွှတ်ခဲ့သည်။ နောက်နောင် ပစ္စည်းမရှိသူများလည်း ထိုနည်းတူစွာ ခိုးမှုကို ကျူးလွန်ခဲ့ကြတော့သည်။
ထိုအခါ- ဘုရင်မင်းမြတ်သည် ခိုးမှုပပျောက်စေရန် ခိုးသူများအား နှိပ်ကွက်ရလျင်ကောင်းမည်ဟု ကြံစည်ပြီး ခိုးသည့် သူအား ခိုးယူကြောင်းလူအများသိအောင်ပြုလုပ်စေပြီး ခေါင်းဖြတ်ကာ သတ်စေခဲ့သည်။
ထိုအခါ- ခိုးသူများသည် ယှဉ်ပြိုင်အားဖြင့် ပြန်လည် လက်နှက်များ ပြုလုပ်ပြီး ရွာ၊ နိဂုံး၊ မြို့တို့တွင် လုယက်ခြင်း၊ ဥစ္စာရှင်တို့ကို သတ်ဖြတ်ခြင်း အမှုများကို ကျူးလွန်ခဲ့ကြတော့သည်။
ထိုကြောင့် ----
၁) ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာမပေးသော် ဆင်းရဲခြင်း တိုးပွားလာသည်။
၂) ဆင်းရဲခြင်းတိုးပွားလာသော် မပေးသော သူတပါးဥစ္စာကို ခိုးယူမှုတိုးပွားလာသည်။
၃) ခိုးယူမှုတိုးပွားလာသော် လက်နှက်တိုးပွားလာသည်။
၎) လက်နှက်တိုးပွားလာသော် သူတပါးအသက်သတ်မှု တိုးပွားလာသည်။
၅) သူတပါးအသက် သတ်ဖြတ်မှု တိုးပွားလာသော် သတ္တဝါတို့အသက်များတိုပြီး ရုပ်အဆင်းများ ဆုတ်ယုတ်လာ တော့သည်။

၆) အနှစ် (၈၀၀၀၀) ရှစ်သောင်းရှည်သူတို့ သားသမီးတို့သည် အနှစ် (၄၀၀၀၀) လေးသောင်းသာ ရှည်တော့သည်။

ထိုအချိန်တွင် -
၇) လူတစ်ယောက်သည် သူတပါးဥစ္စာကို ခိုးယူရာ ဖမ်း၍ ဘုရင်မင်းမြတ်ထံ အပ်နှံကြလေသည်။ ဘုရင်မင်းမြတ်က မေးမြန်းစိစစ်သည့်အခါတွင် မိမိကိုယ်တိုင်ခိုးယူမှန်းသိပါလျက် မခိုးယူပါဟု လိမ်လည်ခဲ့သည်။
ထိုသို့ လူတို့၏ အကုသိုလ်တရားကျူးလွန်မှုသည် အဆင့်ဆင့်အားဖြင့် မုသာဝါဒ ကျူးလွန်သည်ထိ ရောက်သော အခါ သတ္တဝါတို့အသက်များတိုပြီး ရုပ်အဆင်းများ ဆုတ်ယုတ်လာကာ အနှစ်လေးသောင်းရှည်သူတို့ သားသမီးတို့သည် အနှစ် (၂၀၀၀၀) နှစ်သောင်းသာ ရှည်တော့သည်။

ထိုအချိန်တွင်-
၈) လူတစ်ယောက်သည် သူတပါးဥစ္စာကို ခိုးယူရာ ထိုသူခိုးကို အခြားယောကျာ်းတစ်ယောက်က ဘုရင်မင်းမြတ် ဤသူသည် သူတပါးဥစ္စာကို ခိုးယူပါ၏ဟု ကုန်းချောစကားဆိုခဲ့လေသည်။
ထိုသို့ လူတို့၏ အကုသိုလ်တရားကျူးလွန်မှုသည် အဆင့်ဆင့်အားဖြင့် ကုန်းချောမှုကျူးလွန်သည်ထိရောက်သော အခါ သတ္တဝါတို့အသက်များတိုပြီး ရုပ်အဆင်းများ ဆုတ်ယုတ်လာကာ အနှစ် နှစ်သောင်းရှည်သူတို့ သားသမီးတို့သည် အနှစ် (၁၀၀၀၀) တစ်သောင်းသာ ရှည်တော့သည်။

ထိုအချိန်တွင်-
၉) လူအများအပြားသည် အချို့အဆင်းလှပြီး အချို့ကား အဆင်းမလှကြကုန်။ အဆင်းမလှသောသူသည် အဆင်းလှသူ အပေါ် သူတပါးသားမယား ကျူးလွန်မှုကို ပြုကြတော့သည်။
ထိုသို့ လူတို့၏ အကုသိုလ်တရားကျူးလွန်မှုသည် အဆင့်ဆင့်အားဖြင့် သူတပါးသားမယားကို ကျူးလွန်သည်ထိ ရောက်သောအခါ သတ္တဝါတို့အသက်များတိုပြီး ရုပ်အဆင်းများ ဆုတ်ယုတ်လာကာ အနှစ်တစ်သောင်းရှည်သူတို့ သားသမီးတို့သည် အနှစ် (၅၀၀၀) ငါးထောင်သာ ရှည်တော့သည်။

ထိုအချိန်တွင်-
၁၀) လူအများကြားတွင် ကြမ်းကြမ်းတမ်းတမ်းစကားနှင့် ပိန်ဖျင်းသောစကားများ ဖြစ်ပေါ်လာခဲ့သည်။
ထိုတရားနှစ်ပါးထွန်းကားချိန်တွင် သတ္တဝါတို့အသက်များတိုပြီး ရုပ်အဆင်းများ ဆုတ်ယုတ်လာကာ အနှစ် ငါးထောင်ရှည်သူတို့ သားသမီးတို့သည် အနှစ် (၂၅၀၀) နှစ်ထောင့်ငါးရာ၊ အချို့ သားသမီးတို့သည် အနှစ် (၂၀၀၀) နှစ်ထောင်သာ ရှည်တော့သည်။

ထိုအချိန်တွင်-
၁၁) လူအများကြားတွင် တက်မက်ခြင်း အဘိဇ္ဈာတရားနှင့် ပျက်စီးစေလိုခြင်း ဗျာပါဒတရားများ ဖြစ်ပေါ်လာခဲ့သည်။
ထိုတရားနှစ်ပါးထွန်းကားချိန်တွင် သတ္တဝါတို့အသက်များတိုပြီး ရုပ်အဆင်းများ ဆုတ်ယုတ်လာကာ အနှစ်နှစ်ထောင့်ငါးရာ ရှည်သူတို့ သားသမီးတို့သည် အနှစ် (၁၀၀၀) တစ်ထောင်သာ ရှည်တော့သည်။

ထိုအချိန်တွင်-
၁၂) လူအများအကြားတွင် မှားယွင်းသောအယူဝါဒ ဖြစ်ပေါ်လာခဲ့သည်။
ထိုအခါ သတ္တဝါတို့အသက်များတိုပြီး ရုပ်အဆင်းများ ဆုတ်ယုတ်လာကာ အနှစ်တစ်ထောင်ရှည်သူတို့ သားသမီးတို့သည် အနှစ် (၅၀၀) ငါးရာသာ ရှည်တော့သည်။

ထိုအချိန်တွင်-
၁၃) လူအများအကြား မတရားတက်မက်ခြင်း အဓမ္မရာဂ၊ အလွန်အကျူးတက်မက်ခြင်း ဝိသမလောဘနှင့် မှားသော အကျင့်ဟူသော မိစ္ဆာဓမ္မဟု တရားသုံးပါး ဖြစ်ပေါ်လာခဲ့သည်။
ထိုအခါ သတ္တဝါတို့အသက်များတိုပြီး ရုပ်အဆင်းများ ဆုတ်ယုတ်လာကာ အနှစ်ငါးရာရှည်သူတို့ သားသမီးတို့ သည် အနှစ် (၂၅၀) နှစ်ရာ့ငါးဆယ်၊ အချို့ကား အနှစ် (၂၀၀) နှစ်ရာသာ ရှည်တော့သည်။

ထိုအချိန်တွင်-
၁၄) လူအများအကြား မိခင်၊ ဖခင်၊ ရဟန်း၊ ပုဏ္ဏားတို့အပေါ် ပြုသင့်ပြုထိုက်သော ကျင့်ဝတ်ကို ကောင်းစွာ မပြုကျင့်ကြခြင်း၊ အမျိုးတွင် ကြီးမြတ်သူကို ရိုသေမှု မပြုခြင်းဟူသော တရားများ ဖြစ်ပေါ်လာခဲ့သည်။
ထိုအခါ သတ္တဝါတို့အသက်များတိုပြီး ရုပ်အဆင်းများ ဆုတ်ယုတ်လာကာ အနှစ်နှစ်ရာ့ငါးဆယ်ရှည်သူတို့ သားသမီး တို့သည် အနှစ် (၁၀၀) တစ်ရာသာ ရှည်တော့သည်။

“ဆယ်နှစ်သက်တမ်းအချိန်”
=================

ထို့နောက်ဘုရားရှင်က ရဟန်းတို့ ...
၁၅) တချိန်ချိန်တွင် ဆယ်နှစ်သက်တမ်းသာ ရှိတော့မည့် အချိန်ကို ရောက်ပါလိမ့်မည်။
ထိုအချိန်တွင်-
ငါးနှစ်အရွယ်ရှိ အမျိုးသမီးသည် လက်ထပ်ထိမ်းမြှားနိုင်သော အရွယ်ဖြစ်ပါလိမ့်မည်။
ထောပတ် ဆီဦး ဆီ ပျားရည် တင်လဲ ဆားဟု အရသာများ ပျောက်ကွယ်ကြပါလိမ့်မည်။
လူးထမင်းသည်သာ အကောင်းဆုံးအစားအစာဖြစ်ပါလိမ့်မည်။
ကုသိုလ်ကမ္မပထတရား ဆယ်ပါးပျောက်ကွယ်၍ အကုသိုလ်ကမ္မပထတရားဆယ်ပါး ထွန်းကား၍ ကောင်းမှုဟူ သည့် အမည်မျှပင် မကျန်ရစ်တော့ပဲ ဖြစ်ပါလိမ့်မည်။
အမိ၊ အဖ၊ ရဟန်း၊ ပုဏ္ဏားနှင့် ကြီးသူကို မရိုသေသူတို့သည် ပူဇော်ခံထိုက်သူ၊ ချီးမွမ်းခံထိုက်သူတို့ ဖြစ်ကြ ပါလိမ့်မည်။
အမိ၊ မိကြီး မိထွေး၊ အရီးကြီးအရီးလေး၊ ဆရာ့မယား၊ လေးစားထိုက်သူ၏ မယားစသဖြင့် မရှိကြတော့ပဲ ဆိတ် သိုး ကြက် ဝက် ခွေး မြေခွေးတို့လို ရောယှက်ရှုတ်ထွေး စည်းကမ်းပျက်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
မိဘနှင့် သားသမီးအချင်းချင်း၊ မောင်နှမအချင်းချင်း ပြင်းထန်းသည့် အမျက်ထွက်ခြင်း ပျက်စီးလိုစိတ်များ ဖြစ်ခြင်း၊ သတ်ဖြတ်လိုစိတ်များဖြစ်ခြင်းတို့ ဖြစ်ကြပါလိမ့်မည်။
ထို့နောက်တွင် ခုနှစ်ရက်လုံးလုံး သတ္ထန္တရကပ် (လက်နှက်ဖြင့် သတ်ဖြတ်ကြခြင်း)ဖြစ်၍ လူတို့အချင်းချင်း သားကောင် အထင်ဖြင့် သတ်ဖြတ်ကြပါလိမ့်မည်။
ထိုအချိန်တွင် အချို့သတ္တဝါများသည် ငါတို့က တစ်စုံတယောက်ကိုမျှလည်းမသတ်၊ တစုံတယောက်ကလည်း ငါတို့ကို မသတ်စေသတည်း၊ ငါတို့သည် မြက်တော ခြုံနွယ်တော သစ်တော လူအရောက်နည်းသော မြစ်လယ်ကျွန်း တောင်ချောက် ကြားတို့ဝင်ပြီး တောသစ်မြစ် သစ်သီးတို့ကို စားသုံးနေရပါမူကောင်းလေစွဟု အကြံဖြစ်လျက် ခိုဝင်ခဲ့ကြရာ ခုနှစ်ရက် ပြည့်ပြီး နောက်တွင် ထိုအရပ်တို့မှ ထွက်ခဲ့ရာ အချင်းတို့ သတ္တဝါတို့ကို မြင်ရပေသေးသည်။ ငါအသက်ရှင်သလို သင်လည်း အသက်ရှင် ပေသည် ဟု အချင်းချင်းပွေ့ဖက်ပြီး မိမိနှင့် သဘောထားတူမျှသည်ကို တွေ့ကြရလိမ့်မည်။

အသက်အဆင်းစသည် တိုးပွားခြင်း အကြောင်း
================================

ထိုအချိန်တွင် အသက်ရှင်ကျန်ရစ်သူ ထိုသတ္တဝါတို့စိတ်တွင် ငါတို့သည် အကုသိုလ်တရားကို ဆောက်တည် ကျင့်သုံးခြင်း ကြောင့် ငါတို့ဆွေမျိုးများစွာ ဆုံးရှုံးကြရသည်။ ငါတို့တတွေ ကုသိုလ်ပြုကြရပါမူ ကောင်းလိမ့်မည်။ မည်သည့်ကုသိုလ်ကို စတင် ပြုလုပ်ကြမည်နည်း။ သူ့အသက်သတ်ခြင်းကို ရှောင်ကြဉ်ကြမည် ဟုကြံစီကာ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြလိမ့်မည်။
ထိုအခါ
၁၆) သူတပါးအသက် သတ်ခြင်းမှ ရှောင်ကြဉ်ပြီး ကုသိုလ်တရားကို ဆောက်တည်ကြခြင်းကြောင့် အသက်အရွယ်နှင့် ရုပ်အဆင်းများ တိုးတက်လာကာ ဆယ်နှစ်အသက်ရှည်သူတို့ သားသမီးတို့သည် အနှစ် နှစ်ဆယ် ရှည်လာကြပါလိမ့်မည်။
ထိုအချိန်တွင်
ငါတို့သည် ကုသိုလ်တရားကို ဆောက်တည်ကြခြင်းကြောင့် အသက်ရှည်လာကြသည်။ ငါတို့ ကုသိုလ်တရားများ ကို တိုးတက်ပြီး ဆောက်တည်ရပါမူ ကောင်းလိမ့်မည်။ မည်သည့်ကုသိုလ်များကို စတင်ပြုလုပ်ကြမည်နည်း။
သူတပါးဥစ္စာခိုးယူခြင်း၊ ကာမဂုဏ်များတွင် မှားယွင်းစွာကျင့်ခြင်း၊ မဟုတ်မမှန်စကားပြောဆိုခြင်း၊ ချောပစ် ကုန်းတိုက် စကားပြောဆိုခြင်း၊ စကားကြမ်းကြမ်းပြောဆိုခြင်း၊ အဓိပ္ပါယ်မရှိ ပိန်ဖျင်းစကား ပြောဆိုခြင်း၊ သူတပါး စည်းစိမ်ကို ရှေ့ရှုကြံစီခြင်း၊ သူတပါးကို ပျက်စီးစေလိုခြင်း၊ အယူအဆအမှားအယွင်းကို ယူဆခြင်း၊ မတရားတက်မက်ခြင်း ဝိသမလောဘ၊ အလွန်အကျူး တက်မက်ခြင်း ဝိသမလောဘ၊ မှားသောအကျင့်ကို ကျင့်သုံးကျင်း မိစ္ဆာဓမ္မများကို ကျင့်သုံးခြင်းတို့မှ ရှောင်ကြဉ်ခြင်း။
အမိ၊ အဘ၊ ရဟန်း၊ ပုဏ္ဏားတို့အပေါ် ပြုလုပ်သင့်သော ကျင့်ဝတ်ကို ကျင့်သုံးခြင်း၊ အမျိုးတွင် ကြီးမြင့်သူတို့ကို ရိုသေခြင်းစသော ကုသိုလ်တရားများကို ကျင့်သုံးရလျင် ကောင်းလိမ့်မည်ဟု ကြံစီခဲ့ကာ ကုသိုလ်တရားများကို ပြုကြလိမ့်မည်။
ထိုအခါ-
၁၇) ထိုသို့ကုသိုလ်တရားများကို ဆောက်တည်ကြခြင်းကြောင့် အသက်အရွယ်နှင့် ရုပ်အဆင်းများ တိုးတက်လာကာ အနှစ် နှစ်ဆယ်အသက်ရှည်သူတို့ သားသမီးတို့သည် အနှစ် လေးဆယ်၊
အနှစ်လေးဆယ်ရှည်သူတို့သားသမီးတို့သည် အနှစ် ရှစ်ဆယ်၊
အနှစ်ရှစ်ဆယ်ရှည်သူတို့သားမီးတို့သည် အနှစ် တစ်ရာ့ခြောက်ဆယ်၊
သားသမီးတို့သည် အနှစ် သုံးရာ့နှစ်ဆယ်၊
ထိုသူတို့သားသမီးတို့သည် ခြောက်ရာ့လေးဆယ်၊
ထိုသူတို့သားသမီးတို့သည် အနှစ် နှစ်ထောင်
ထိုသူတို့သားသမီးတို့သည် အနှစ် လေးထောင်
ထိုသူတို့သားသမီးတို့သည် အနှစ် ရှစ်ထောင်
ထိုသူတို့သားသမီးတို့သည် အနှစ် နှစ်သောင်း
ထိုသူတို့သားသမီးတို့သည် အနှစ် လေးသောင်း
ထိုသူတို့သားသမီးတို့သည် အနှစ် ရှစ်သောင်း
ထိုအချိန်တွင် အနှစ်ငါးရာရှိ အမျိုးသမီးများသည် လက်ထက်ထိမ်းမြှားရမည့် အချိန်ဖြစ်ပါလိမ့်မည်။

စကြာဝတေးမင်းဖြစ်ခြင်း
======================

ထိုသို့ အနှစ်ရှစ်သောင်းအသက်ရှည်သည့်အချိန် လူအများတွင် တက်မက်ခြင်း၊ ဆာလောင်ခြင်း၊ အိုခြင်း ရောဂါသုံးမျိုး သာဖြစ်ပါလိမ့်မည်။ ဇမ္ဗူဒီပါကျွန်းသည် ပြည့်စုံကြွယ်ဝ စည်ပင်ဝပြော၍ ရွာနိဂုံးဇနပုဒ်မင်းနေပြည်တို့သည် ကျက်ပျံမကျ စည်ကားပါလိမ့်မည်။ ထိုအချိန်တွင် ကေတုမတီပြည်တွင် အချုပ်အခြာအာဏာရှိ ရှစ်သောင်းလေးထောင်ရှိ သည့် မြို့များရှိပါလိမ့်မည်။ ထိုမြို့တွင် လိုရာကိုစေနိုင်သော၊ ရတနာခုနှစ်ပါးပိုင်ဆိုင်သော သမုဒ္ဒရာအဆုံးရှိ ကျွန်းလေးကျွန်းကို တရားသဖြင့်အုပ်ချုပ်သည့် စကြာဝတေးမင်းပေါ်လာပါလိမ့်မည်။

မေတ္တေယျဘုရားရှင် ပွင့်ထွန်းတော်မူခြင်း
=========================

ယခုအခါတွင် အရဟံအစရှိသော ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင် ပွင့်တော်မူသကဲ့သို့ အနှစ်ရှစ်သောင်း အသက်ရှည်သောခေတ်တွင် အရဟံအစရှိသော ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော မေတ္တေယျ အမည်ရှိ ဘုရားရှင် ပွင့်ထွန်းတော်မူပါလိမ့်မည်။


ဒီဃနိကာယ်၊ ပါထိက၀ဂ်၊ စက္က၀တ္တိသီဟနာဒသုတ်ထဲက တရားတော်ပါ။ အရသာပျက်သွားမှာစိုးလို့ နည်းနည်းလေးပဲ ချုံ့ထားလိုက်ပါတယ်။

ဒီတရားတော်ထဲမှာ လူတွေ အသက်တိုခြင်းအကြောင်းက-
သူတပါးအသက် သတ်ဖြတ်ခြင်း၊……….. လိမ်လည်ခြင်း၊…………….. ကုန်းချောခြင်း၊…………….. အိမ်ထောင်ရေးဖေါက်ပြန်ခြင်း၊……………… ကြမ်းတမ်းသောစကား-ပိန်ဖျင်းသော အတင်းအဖျင်းစကားများပြောဆိုခြင်း (ဖရုသ၀ါစာ-သမ္ဖပ္ပလာပ)၊……………….. အရေမရအဖက်မရ မဆီမဆိုင် တက်မက်ခြင်းအဘိဇ္ဈာနှင့် ပျက်စီးလိုခြင်း ဗျာပါဒများ ဖြစ်ပွားနေခြင်း၊……………… အယူမှားခြင်း၊……………… မတရား အလွန်တက်မက်ကြိုက်နှစ်သက်ခြင်း-အဓမ္မရာဂ၊ ထို့ထက် အလွန့်အလွန်တက်မက်ခြင်း ၀ိသမလောဘ၊ အကျင့်မှားခြင်းမိစ္ဆာဓမ္မ၊……………… လူကြီးမိဘရဟန်းသံဃာများအပေါ် မရိုသေခြင်း………………တို့ကြောင့် ဖြစ်ရတယ်ဆိုတာကို တွေ့ပါလိမ့်မယ်။

အသက်ရှည်ခြင်းအကြောင်းကတော့ သူတို့ရဲ့ ပြောင်းပြန် ကောင်းမွန်တဲ့ အကျင့်များဆိုတာလည်း တွေ့ရပါလိမ့်မယ်။

အခု မိမိတို့တတွေက အနှစ် (၁၀၀)သက်တမ်းမှာ လူဖြစ်နေကြတာဆိုတော့ အဲဒီမတရားမှု အဓမ္မတွေ အကုန်လုံး ဖြစ်ပေါ်နေတဲ့အချိန်လို့ ပြောလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ်လေ တဦးတယောက်ကစပြီး ကိုယ်ကျင့်တရားလေးတွေ ထိန်းသွားနိုင်ရင်တော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား…..

ကိုယ့်ကျင့်တရားများ ကောင်းမွန်ကြပါစေ…..
အရှင်တေဇနိယာလင်္ကာရ