ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

“မှား - မှားမှန်းသိ ထိုသူ ပညာရှိ၊
မှားပါလျက်ပင် မှန်သည်ထင် - မှားမြဲ မှားမြည်ပင်”

အမှားအယွင်းဆိုသည်မှာ လူတိုင်းနှင့် မကင်းပေ။ မှားသည့်အခါ အမှားမှန်းသိသူသည် ပညာရှိဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမှားသိသူသည် ထိုအမှားကို ပြင်ဆင်နိုင်ပြီး အမှန်လမ်းရောက်သည့် ပညာရှိ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ မှားနေပါလျက် မှားမှန်းမသိသူသည် ဆက်လက်မှားယွင်းနေဦးမည် ဖြစ်ပြီး ဘယ်တော့မှ ပညာရှိ ဖြစ်လာတော့မည် မဟုတ်ပေ။

“ဆင်းရဲဒဏ်ထက် ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်ဖို့ ခဲယဉ်းတယ်”
မှန်ပေသည်။ ဆင်းရဲချိန်က စိတ်ဓာတ်တွေ မပြောင်းလဲ ရှိနေလည်း ချမ်းသာသွားချိန် ကောင်းစားချိန်တွင် စိတ်ဓာတ်တွေ ပြောင်းလဲသွားတတ်သည်။ အမြင့်ရောက်လို့ ပြောင်းသွားသည်ဟုလည်း ဆိုကြသည်။ ထိုသူမျိုးကို ချမ်းသာတဲ့ဒဏ် မခံနိုင်သူဟုလည်း ပြောကြသည်။ ရဟန်းသံဃာတော်များဆိုပါက ဘုန်းဒဏ်ပိသည် ဟု ဆိုရမည်။ ဘုန်းကြီးသည့်ဒဏ် မခံနိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။

ထိုသို့ အမှားကို အမှားမှန်းသိပြီး ပြင်ဆင်ခဲ့သူဖြစ်ပြီး အတုဘ၀ကို အစစ်ထင်ပြီး ဘ၀င်မြင်ခဲ့သူ တယောက်အကြောင်း ပြောပြချင်သည်။

သူမနာမည်ကို သိရိမာဟု ခေါ်သည်။ သူမသည် အခကြေးငွေဖြင့် အပျော်ဆက်သည့် ပြည့်တန်ဆာမ တဦးလည်း ဖြစ်သည်။
သူမကို ဥတ္တရာလို့ခေါ်သည့် အမျိုးသမီးက သူ့လင်ယောက်ျားအတွက် အငှါးမယားအဖြစ် ပြုပေးရန် တနေ့ငွေ တစ်ထောင်ဖြင့် ငှါးရမ်းထားသည်။ ဥတ္တရာ ငှါးထားသည့် အကြောင်းကား ရှိသည်။ ဥတ္တရာကား
ဘုရား တရား သံဃာကို ယုံကြည်သည့် အမျိုးသမီးဖြစ်ပြီး သူ့လင်ယောင်္ကျားကား မိစ္ဆာဒိဋ္ဌိဖြစ်သည်။ ထိုအခါ ရဟန်းသံဃာ ဆည်းကပ်ခွင့် ကုသိုလ်ပြုခွင့် တရားနာခွင့် မရခဲ့။ ထိုကုသိုလ်ကောင်းမှုများကို
ပြုလုပ်လိုခြင်းကြောင့် သူ့နေရာတွင် လင်ယောက်ျားအား ၁၅ရက်တာ အငှါးပြုစုရန် အတွက် ငှါးရမ်းခြင်း ဖြစ်သည်။
ဥတ္တရာတို့အိမ်ရောက် သိရိမာသည် စိတ်ထားပြောင်းလဲလာသည်။ ထိုအိမ်ရာသည် သူမပိုင် အိမ်ဟုထင်သည်။ သူမသည် အိမ်တော်ပိုင်ရှင်ဟု စိတ်ထားသည်။

တနေ့တွင် ဘုရားအမှူးထား သံဃာတော်များကို ဆွမ်းလောင်းရန်အတွက် ဥတ္တရာသည် ချွေးတလုံးလုံး ပြာတထွေးထွေးဖြင့် အိမ်စေများနှင့်အတူ ချက်ပြုတ်နေသည်။
သူမလင်တော်မောင်က အိမ်အောက်မှာ ချက်နေသည့် ဥတ္တရာကို ခနဲ့ပြုံးဖြင့် ကြည့်သည်။ စည်းစိမ်ဥစ္စာချမ်းသာပါလျက် ရဟန်းသံဃာအတွက် အပင်ပန်းခံကာ လုပ်နေခြင်းအတွက် ပြုံးရယ်ခြင်းလည်း ဖြစ်သည်။

ကိုယ်က အငှါးဘ၀ ဖြစ်နေသည်ကို ဘ၀မေ့သည့် သိရိမာက သူ့လင်တော်မောင်နှင့် ဥတ္တရာ ဆက်နွယ်မှု ရှိပေလိမ့်မည်ဟု သ၀န်တိုမိသည်။ ထိုကြောင့်ပင် သူမသည် ဆီဆူနေသည့် အိုးထဲမှ ဆီများဖြင့်
ဥတ္တရာကို လောင်းရန် ပြင်သည်။ ဥတ္တရာကား သူမကူညီမှုကြောင့် ယခုလို သံဃာတော်များ လှူဒါန်းမှုကို ပြုလုပ်နိုင်ခြင်းဖြစ်သည် ဆိုပြီး သိရိမာအပေါ် မေတ္တာမပျက်။ ထိုမေတ္တာတရားဖြင့်ပင် သစ္စာပြုသည်။
“ငါ့သူငယ်ချင်းသည် ငါ့အပေါ်တွင် ကျေးဇူးတရား ကြီးမားလှသည်။ စကြာဝဠာဆိုတာ ကျဉ်းကျဉ်းလေး ဖြစ်သည်။ ဗြဟ္မာ့ဘုံသည့် နိမ့်နိမ့်လေးဖြစ်သည်။ သူငယ်ချင်းမဂုဏ်ကျေးဇူးက ကြီးမားလှသည်။ သူငယ်ချင်းမကြောင့်ပင် အလှူအတန်းပြုလုပ်ခွင့်
တရားနာခွင့် ရခဲ့ခြင်းဖြစ်သည်။ အကယ်လို့သာ သူငယ်ချင်းမအပေါ် ဒေါသဖြစ်ခဲ့ပါက ထောပတ်ဆီသည် ပူပါစေ။ ဒေါသမပွားမိပါက မပူပါစေနှင့်”ဟု သစ္စာပြုသည်။ ထို့ကြောင့်ပင် အလွန်ပူသည့် ထောပတ်ဆီကား လောင်းချချိန်တွင် ရေခဲရေတမျှ အေးမြသွားသည်။ တကြိမ်လောင်းချိန် ပြောင်းလဲ မသွားသည့် ဥတ္တရာအပေါ် သိရိမာ ဒေါသပြန်ထစေသည်။ ထပ်မံလောင်းရန် ပြင်ဆင်ချိန်တော့ ဘေးနားရှိ ဥတ္တရာ၏ အခြွေအရံများက
ဝိုင်းဝန်းဆွဲကြ ရိုက်နှက်ကြဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင်တော့ သိရိမာသည် သူသည် အငှါးတယောက်ဖြစ်ပါလျက် အိမ်ရှင်စိတ်ဝင်မိသည်ကို သိနားလည်ခဲ့သည်။ သူမအမှားကို ၀န်ခံပြီး
တောင်းပန်သည်။ ဥတ္တရာကား သူမသည် ဘုရားရှင်၏ သမီးတော်ဖြစ်ခြင်းကြောင့် အဖဘုရားရှင်ထံ တောင်းပန်ပါဟု ဆိုသည်။ ဘုရားရှင်ကြွလာချိန်တော့ တောင်းပန်ခဲ့သည်။ ဘုရားရှင်က ထိုအကြောင်းနဲ့စပ်ပြီး
တရားစကား ဟောကြားတော်မူခဲ့သည်။ တရားအဆုံးတွင် သိရိမာသည် သောတာပန် ဖြစ်ခဲ့သည်။

ဘ၀မြင့်ချိန် စိတ်ထားပြောင်းပြီး အမှားကျူးလွန်ခဲ့သည့် သိရိမာသည် အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့ကြောင့် ၀တ္ထုလေးက ညွှန်ပြနေသည်။ မိမိတို့ မျက်မှောက်လောကတွင်လည်း ခဏရောက်ရသည့် အခွင့်အရေးရ အဆင်ပြေသည့် အနေအထားတွင် မိမိ၏ ပုံမှန်ဘ၀မေ့ပြီး ဘ၀င်မြင့်တတ်သည်။ သွေးနားထင်ရောက်တတ်သည်။ ဘ၀င်မြင့်လျင် အမှားကျူးလွန်တတ်သည်။ အဓိက သူတပါးအပေါ် နှိမ်ချ ဆက်ဆံတတ်သည်။ ထိုသို့ ဖြစ်လာလျင် အကျိုးဆက်ကား မကောင်းတော့။ ထို့ကြောင့် အနေမှန်ဖို့ အထက်ပါ ၀တ္ထုကို မှတ်သားထားသင့်သည်။ စာပေထဲက သင်္ခန်းစာကို မိမိဘ၀တွင် ချိန်ထိုး တတ်ပါက အသုံးပြုတတ်ပါက အကျိုးများသည်မှာ ဧကန်ပင် ဖြစ်ပေသည်။

ဓမ္မပဒဋ္ဌကထာ၊ ၁၇-ကောဓ၀ဂ်၊ ဥတ္တရာဥပါသိကာဝတ္ထု- ကို ချုံ့ရေးထားပါသည်။
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- စင်္ကာပူ)