သူမတူတဲ့ ဒါယကာဆိုတာ ပါဠိလို အတုလဒါယကာလို့ ခေါ်ပါတယ်။ အတုလ-ဆိုတော့ အတူမရှိပေါ့။ ဒါကိုပဲ သူမတူတဲ့လို့ မှတ်ရလွယ်အောင် ရေးလိုက်တာ။ သူက ဘယ်လို မတူတာလဲ။
သူ့မှာ နောက်လိုက်နောက်ပါ ၅၀၀ တောင် အခြံအရံရှိပါတယ်။ တနေ့တော့ တရားနာချင်လို့ဆိုပြီး ရေ၀တမထေရ်ဆီ သူတို့အုပ်စု သွားကြတယ်။ ရေ၀တမထေရ်ဆိုတာက ခြင်္သေ့လိုပဲ။
တပါးတည်း အေးအေးဆေးဆေး နေတတ်တဲ့ ရဟန်းတော်။ သူတို့ အုပ်စုရောက်သွားတော့ မထေရ်က သူ့ထုံးစံအတိုင်း ဘာစကားမှကို မပြောဖူး။ ဒါကို စကားမပြောရကောင်းလားဆိုပြီး စိတ်ဆိုးကြတယ်။
ကဲကွာ... ဒါဆို အရှင်သာရိပုတ္တရာဆီသွားမယ် ဆိုပြီး နေရာရွေ့ကြပြန်ရော..။
အရှင်သာရိပုတ္တရာက လာခြင်းကိစ္စကိုမေးတော့ ရေ၀တမထေရ်က တရားမဟောလို့ လို့လျောက်ကြတယ်။ ဒါဆိုရင် ထိုင်ကြဆိုပြီး အရှင်သာရိပုတ္တရာက အဘိဓမ္မာတရားတွေ အများကြီး ဟောလိုက်ရော။
အဘိဓမ္မာဆိုတာက သိမ်မွေ့နူးညံ့လွန်းတယ်။ နားမလည်နိုင်ဖူး။ ဒါလာဟောလို့ ဘာအကျိုးမှ မရှိဖူးဆိုပြီး စိတ်တွေဆိုးလို့ လာကွာ.... အရှင်အာနန္ဒာဆီ သွားကြမယ်ဆိုပြီး နေရာ ထပ်ရွေ့ကြပြန်တယ်...။
အရှင်အာနန္ဒာက လာခြင်းကိစ္စကို မေးတော့ ရေ၀တမထေရ်က စကားမပြောဖူး။ စကားပြောတဲ့ အရှင်သာရိပုတ္တရာကျတော့ နားမလည်တဲ့ အဘိဓမ္မာတွေ ဟောပြန်တယ်လို့ လျောက်တော့ ဒါဆို ပေါ့ပေါ့ပါးပါးတရား နားလည်လွယ်တဲ့ တရားပဲ ဟောမယ်ဆိုပြီး အရှင်အာနန္ဒာက တရားစကား နည်းနည်းပဲ ဟောလိုက်တယ်။ ဒါပေမယ့် အတုလတို့ အုပ်စုက ဒါကိုလည်း မကျေနပ်ဖူး။ တရားနည်းနည်းလေးပဲ ဟောရမလားပေါ့။
ကဲကွာ.... ဘုရားဆီပဲ သွားကြမယ်ဆိုပြီး ဘုရားရှင်ဆီ သွားကြတယ်။ ဘုရားကလည်း လာရင်းကိစ္စမေးတော့....
မထေရ် (၃)ပါးဆီက ကျေနပ်မှု မရလို့ လာဖူးတာ ဖြစ်တယ်လို့ လျောက်ကြတယ်။
ဘုရားက အတုလ ဒါယကာကြီး... “ဒီလို မကျေနပ်တာ ကဲ့ရဲ့တတ်တာက ထုံးစံပါပဲ။ ငြိမ်နေလဲ ကဲ့ရဲ့တာပဲ။ များများပြောလည်း ကဲ့ရဲ့တာပဲ။ နည်းနည်းပြောလဲ ကဲ့ရဲ့တာပဲ။ ဒါပေမယ့် တကယ့်ကို အပြစ်ပြောထိုက်တာလို့
ချီးမွမ်းထိုက်တာလို့တော့ မရှိပေဘူး။ ဘုရင် ဖြစ်သူကိုလည်း တချို့က ကဲ့ရဲ့သလို တချို့က ကဲ့ရဲ့ကြတာပဲ။ ဟော နင်းထားတဲ့ မြေပြင်ကြီးကိုပဲ ဖြစ်ဖြစ် ကောင်းကင်က လစန္ဒာကိုပဲ ဖြစ်ဖြစ် အရောင်ထွန်းလင်းတဲ့ နေမင်းကြီးကိုပဲ ဖြစ်ဖြစ်၊ ကောင်းကင်ကြီးကိုပဲ ဖြစ်ဖြစ် အပြစ်တင်ချင်ရင် ပြစ်တင်တတ်သလို ချီးမွမ်းချင်ရင်လည်း ချီးမွမ်းတတ်ကြတာပါပဲ။ နောက်ဆုံး ပရိတ်သတ်ကြီးနဲ့ တရားဟောနေတဲ့ ဘုရားရှင်ကိုတောင် တချို့က အပြစ်တင်လို့ တချို့က ချီးမွမ်းတတ်သေးပေတာပဲ။
လူမိုက်တွေ အတွက်ကတော့ အပြစ်တင်တာ ချီးမွမ်းတာ ဂရုထားစရာ မဟုတ်ပါဘူး။ ပညာတတ်တဲ့ ညာဏ်ရှိတဲ့ သူများကတော့ အပြစ်တင်ထိုက်တာကိုမှ အပြစ်တင်တယ်။ ချီးမွမ်းထိုက်တာကိုမှ ချီးမွမ်းလေ့ရှိကြတယ်..။ ဟု သူမတူတဲ့ ဒါယကာများကို မိန့်ကြားတော်မူခဲ့လိုက်ပါတယ်။
ဒါ့အပြင် ဘုရားရှင်က အပြစ်တင်ကဲ့ရဲ့ ချီးမွမ်းလွတ်သူဆိုလို့ ရှေးကလည်း မရှိဖူး။ အခုလဲ မရှိ။ နောက်လည်း ရှိမှာ မဟုတ်ကြောင်း။ ပညာရှိဖြစ်သူများကတော့ နေ့တိုင်း စဉ်းစားပြီး ချီးမွမ်းလေ့ရှိကြတယ်။
ကိုယ်ကျင့်တရား မပျက်စီးတဲ့ ကောင်းကောင်းမွန်မွန် အသက်မွေးတဲ့ ပညာတွေ သီလတွေ ပြည့်စုံတဲ့ ပညာရှိများကျတော့ အပြစ်ကင်းတဲ့ ဇမ္ဗူရာဇ်ရွှေလို ဘယ်သူကများ အပြစ်တင်ဦးမှာလဲ။ နတ်ရော လူရော ဗြဟ္မာတွေကရော ချီးမွမ်းတတ်ကြပါတယ်- လို့ မိန့်တော်မူတော့ သူတို့ ၅၀၀ လုံး သောတာပန်တွေ ဖြစ်သွားကြပေရော။ ။
လောကကြီး၏ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့ အပေါ် အမှန်အတိုင်း ရှုမြင်တတ်ကြပါစေ-
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- စင်္ကာပူ)
ကျမ်းကိုး - ဓမ္မပဒဋ္ဌကထာ၊ ၁၇-ကောဓ၀ဂ်၊ ၇-အတုလဥပါသကာဝတ္ထု
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။