ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။



တနေ့က လင်္ကာမြေသူငယ်ချင်းထံ သတိတရ ဖုန်းလှမ်းဆက်မိသည်။ အရင်းနှီးဆုံးသူငယ်ချင်းတွေ်ဖြစ်သည့်အလျောက် စကားလုံးများက ပြောမ၀ပါ။ ဖုန်းခဈေးကြီးလို့ ပြောပြီး စကားဖြတ်တော့မည် ဘိုင်လို့ ဆိုတော့ သူက “ဗုဒ္ဓစရဏံ”(BUDU SARANAI !!) လို့ ပြန်ပြောသည်။ အဓိပ္ပါယ်က ဘုရားဂုဏ်တော်ကြောင့် ကြီးပွားတိုးတက်ပါစေ ဟုဆိုသည်။ သီရိလင်္ကာမှာ နေစဉ်ကတည်းက မကြာမကြာ ကြားရသော်လည်း မရေးမိပါ။
ထိုကား ခွဲခွါခါနီး နှုတ်ဆက်ခြင်း ဖြစ်သည်။ စတွေ့စဉ်နှုတ်ဆက်ပုံကား “အာယုဘွမ်” ဟုဖြစ်သည်။ အဓိပ္ပါယ်ကား အသက်ရှည်ပါစေ ဟုဆိုသည်။



ပီနန်ကျွန်းကနေ ကားစီးပြန်လာတော့ မလေးသားလေးတယောက်နဲ့ စကားစမည် ပြောဖြစ်သည်။ သူသည် Geological သင်ဖူးသည့် ကျောင်းသား တယောက်ဖြစ်ကြောင်း မြန်မာပြည်က ရွှေတိဂုံစေတီအကြောင်း မန္တလေးက မဟာမြတ်မုနိအကြောင်းများကို သိကြောင်းများကို ပြောပြပြီး မြန်မာပြည်က မြို့နာမည်များကို ပြောပြလေသည်။ ထို့အပြင် သူစိတ်ဝင်စားနေသည်က မိမိတို့လို ဘုန်းတော်ကြီးများ လူဝတ် လဲလို့ ရ - မရပင် ဖြစ်သည်။ ထို့နောက် ခရီးလှည့်ဖြစ်တဲ့ အကြောင်း ပြောရင်း “ဘေးနားက သူကလည်း မင့်နဲ့ အတူတူပဲလား” ဟု လက်သီးဆုပ်ကလေးထိုးကား မေးမြန်းသည်။ ဟိုးသီရိလင်္ကာမှာ နေတုန်းကလည်း အရင်းနှီးဆုံး သူငယ်ချင်းထဲမှာ အပါအ၀င် ဖြစ်သည့် မာဖက် ဆိုသည့် အစ္စလမ်ဘာသာဝင် သူကလည်း မေးမြန်းတိုင်း ထိုသို့ လက်သီးဆုပ်ကလေး တထိုးထိုးနဲ့ မေးဖူးသည်။ အဓိပ္ပါယ်ကို နားမလည်ခဲ့။ ယခုမူ ကံကောင်းထောက်မစွာဖြင့် Datin Noor Anini Sned Amir ရေးသည့် Malaysian Customs & Etiquette စာအုပ်လေးကို ဖတ်မိတော့မှပဲ ထိုသို့ ပြုမူခြင်းသည် ညွှန်ပြခြင်း ဖြစ်သည်ဟု သိခွင့်ရခဲ့သည်။ “တခုခုကို ညွှန်ပြလိုပါက သင့်လက်မကို အသုံးပြုပြီး လက်ညှိုးကို အသုံးမပြုပါနှင့်၊ မှန်ကန်သည့် နည်းလမ်းဆိုသည် ညာဘက်လက် လက်သီးဆုပ်ဖွဖွတွင် လက်မဖြင့် လိုအပ်ရာကို ညွှန်ပါ”ဟု ဆိုသည်။ အော်.....အော်....။

မလေးရှား ထုံးစံနှင့် စပ်လျင်းလို့လည်း စာအုပ်ထဲမှာပါသည့် အဓိကပွဲတော်များအကြောင်းကိုလည်း ရေးပြချင်ပါသည်။ မလေးရှားတွင် အစ္စလမ်မစ်ပွဲတော်၊ ဗုဒ္ဓဘာသာပွဲတော်၊ ဟိန္ဒူပွဲတော်၊ ဆခ်ပွဲတော်၊ ခရစ်ယန်ပွဲတော်များတွင် ဗုဒ္ဓဘာသာပွဲတော်များမှာ တရုတ်လူမျိုး ယဉ်ကျေးမှုများနှင့် ရောယှက်လျက် ရှိသည်ကို တွေ့ရသည်။

ဗုဒ္ဓဘာသာ ပွဲတော်နှင့် စပ်လျင်းကျင်းပသည့် ပွဲတော်များမှာ-

(၁) ဘုရားအလောင်း မွေးဖွားသည့် နေ့အဖြစ် ကျင်းပသည့် ဝေစက်ပွဲတော် (ကဆုန်လပြည့်)
(၂) တရုတ်နှစ်ကူးပွဲတော်
(၃) တရုတ်နှစ်ကူးအပြီး ၁၅ ရက်မြောက်လပြည့်နေ့အဖြစ် ကျင်းပသည့် ချက်ဂိုမ (Chap Goh Meh) ပွဲတော်
(၄) ချင်းမင်း (Ching Ming) ပွဲတော် (ထိုပွဲတော်ကို ဂူပွဲတော်အဖြစ်လည်း လူသိများကြပေသည်။ ထိုနေ့တွင် ဂူရှိရာသို့ သွားခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပူဇော်ဖွယ်ရာများ ပြင်ဆင်ခြင်းများ ပြုလုပ်ကြသည်)
(၅) တစ္ဆေပွဲတော် (ထိုပွဲတော်ကျင်းပခြင်းဖြင့် အစာရှာနေကြသည့် အခြားဘ၀များမှ ဆာလောင်နေသည့် ၀ိညာဉ်များ (တစ္ဆေများ) ကျွတ်လွတ်စေသည်ဟု ယုံကြည်ကြသည်) (မြန်မာလို အမျှဝေ - အကျွတ်အလွတ်ပွဲတော်)
(၆) လပြည့်ကိတ်ပွဲတော် (mooncake) (ထိုပွဲတော်ကို ပုန်ကန်ထကြွသည့် မွန်ဂိုအုပ်ချုပ်သူများအပေါ် အောင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းမှ စတင်ပြုလုပ်သည်။ လပြည့်မုန့်ကို လျို့ဝှက်သတင်းစကားများသယ်ဆောင်ဖို့ အသုံးပြုပြီး ထိုပွဲတော်အစိတ်အပိုင်းဖြစ်သည့် lantern ကို အချက်ပြ ကျော်ဖြတ်ဖို့ အသုံးပြုလေ့ရှိသည်)

ကျင်းပသည့် ရက်တွေကတော့ တရုတ်ပြက္ခဒိန်အရ အပြောင်းအလဲ ရှိနိုင်သည်ဟု ဆိုသည်။



ထို့ပြင် ပြောလိုသည့် ထုံးစံမှာ လုပ်ရိုးလုပ်စဉ် ဖြစ်သည်။
ထိုလုပ်ရိုးလုပ်စဉ်ကား မိမိတို့ မလေးရှားတွေ နေစဉ်က ခေတ္တနေထိုင်ရာ သိရီမင်္ဂလာဓမ္မာရုံတော်တွင် တနင်္ဂနွေနေ့တိုင်း ဘုရားဝတ်ပြုကြခြင်းဖြစ်သည်။ တနင်္ဂနွေနေ့ ည ၆း၃၀ တွင် စတင်ဝတ်ပြုကြသည်။ ထိုသို့ဝတ်ပြုရာတွင် အလုပ်နားရက်ဖြစ်သည်နှင့်အညီ နေရာအသီးသီး နေသူများ ကျောင်းရောက်လာပြီး အတူတူစုကာ ဘုရားဝတ်ပြု ကုသိုလ်ယူကြလေ့ရှိသည်။

ထို့အတူ ယခု စင်္ကာပူတွင်လည်း မိမိတို့ ခေတ္တနေထိုင်ရာ မြန်မာဗုဒ္ဓဘာသာကျောင်းကြီးတွင် ဗုဒ္ဓဟူးနေ့ ည ၈း၀၀ နာရီတိုင်း စုပေါင်း ဘုရား ၀တ်ပြုကြသည်။ ထိုတွင်လည်း တရုတ်လူမျိုးများ မြန်မာလူမျိုးများ အားလုံး စုပေါင်းကာ ၀တ်ပြု ကုသိုလ်ယူလေ့ရှိကြသည်။

အချုပ်ဆိုရပါသော် .... ထုံးစံဆိုသည်များမှာ ပြုလုပ်မြဲ တခုဟု ဆိုရပါမည်။ ကုသိုလ်ပြုလုပ်လျင် ကုသိုလ်ထုံးစံ ဖြစ်သွားပြီး ထိုအရာသည် မြင့်မြတ်သူတို့ အလုပ်လည်း ဖြစ်ပေသည်။