ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ...

မြန်မာပြည်သူ ပြည်သားများ၏ နှစ်ကူးသင်္ကြန်ပွဲများကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖြတ်သန်းလျက်ရှိကြပေသည်။ ထိုအခါတွင် နှစ်သစ်အတွက် ဆုမွန်အဖြစ် မင်္ဂလာအပေါင်း ခညောင်းစေကြောင်း မင်္ဂလသုတ် တရားတော်ကို အထူးနာယူကြသလို ရတနာသုံးပါး ဂုဏ်ကျေးဇူးများ ထုံမွှမ်းထားသည့် ရတနာ့သုတ် တရားတော်ကိုလည်း နာယူကြပေသည်။ လိုက်နာကျင့်သုံးဖွယ် တရားဓမ္မ ပြောပြပါဆိုသူများအတွက် -

“ရေကုန် ငါးပျောက် ခန်းခြောက်အိုင်လယ်။
ကြိုးကြာအိုကြီး မှိုင်ပြီးသည့်နှယ်။
အရွယ်ရှိတုန်း အချိန်ဖြုန်းသူမယ်
အသက်ကြီး ထိုနည်းကြုံတတ်တယ်”

တောတတောထဲမှာ ရေအိုင်ကြီး ရှိတယ်။ အဲဒီရေအိုင်က ငါးတွေကို စားပြီး အသက်ရှင်နေထိုင်ကြတဲ့ ကြိုးကြာငှက်အုပ်လည်း ရှိတယ်။ ကြိုးကြာတွေ အမြဲတမ်းလာ စားနိုင်ပေမယ့် နွေရာသီပေါက်လာတာနဲ့ အမျှ ရေအိုင်ကြီးက တဖြေးဖြေး ခန်းလာတော့တယ်။ ပေါ်လာသမျှ ငါးတိုင်းကိုလည်း အုပ်လိုက် ဖမ်းစားလို့ ကုန်ခါလည်းနီးပါပြီ။ ငါးတွေလည်း အသစ်မမွေးနိုင်လောက်အောင် ပါးလျလာတော့တယ်။ အဲဒီအချိန်မှာ မကြာမီ ရေလည်း ကုန်တော့မယ်။ ငါးလည်း ကုန်တော့မှာကို သိတဲ့ အရွယ်ကောင်း ပျံနိုင်တဲ့ ကြိုးကြာတွေက ရေအိုင်ကို တဖြေးဖြေးနဲ့ စွန့်ခွါသွားကြပေပြီ။ အဲဒီအချိန်မှာ ကြိုးကြာအိုကြီး တစ်ကောင် မှိုင်တွေနေတယ်။ သူလည်း ငါးကုန် ရေကုန်တော့မယ့် အဖြစ်ကို သိတယ်။ ဒါပေမယ့် သူ့အနေအထားက တခြားအရပ်ကို မပျံနိုင်တော့ဖူး။ တွေးမိတိုင်း စိတ်ထိုင်ပြီး မှိုင်နေရုံပဲ ရှိတော့တယ်။ လာမယ့်ဘေးကို လည်စင်းခံရုံအနေအထားမျိုးပေါ့။

ဟုတ်ပါပြီ။ အထက်က ဥပမာလေးလိုပဲ အသက်အရွယ် သန်မာ ဖြတ်လတ်တုန်းမှာ ငွေကြေးမရှာ ကုသိုလ်မစုနိုင်သူလည်း အသက်အရွယ်ကြီးလာရင် မှိုင်တွေငေးနေရုံကလွဲရင် ဘာမှ မဖြစ်နိုင်တော့ပါဘူး။
ဒါ့ကြောင့် အရွယ်ရှိတုန်း ချိန်မဖြုန်းနဲ့ပေါ့။

ဒီဥပမာ ဥပမေယျကို ဘုရားရှင်ဟောခဲ့တာပါ။
ဇာတ်ကြောင်းလေးနဲ့ပေါ့...။ ဇာတ်ကြောင်းက ဟိုးငယ်ငယ် အတန်းစာတွေ သင်တုန်းက-
ရှေးသရော အခါ ပြည်ဗာရာဝယ် - အစချီတဲ့ ကဗျာရှည်ကြီး ပဲလေ။

ဗာရာဏသီပြည်မှာ ကုဋေရှစ်ဆယ် ချမ်းသာတဲ့ သူဌေးသား။ မိန်းမရတော့လည်း မိန်းမဘက်က ကုဋေရှစ်ဆယ်ပါ ပေါင်းလိုက်တော့ ကုဋေ ၁၆၀။ အဲဒီလောက် ချမ်းသာပေမယ့် ပညာမရှာ။ တတ်တဲ့ပညာကလည်း အပျော်အပါး အကအခုန်ပဲ တတ်တယ်။ နောက် ဘေးနားက မြှောက်ကြသူတွေကြောင့် အရက်သောက်တတ် အရက်သမားဖြစ်လာပြီး ပစ္စည်းဥစ္စာတွေ ဖြုန်းပစ်လိုက်တာ ကုန်းကောက်စရာ မရှိတဲ့ ဘ၀ သူတောင်းစားဘ၀ကို ရောက်ရော။

တနေ့ဘုရားရှင်က သူတောင်းစားလင်မယားကို မြင်တော့ ပြုံးတယ်။ ဒါကို အရှင်အာနန္ဒာက မေးတော့ - အေး... အာနန္ဒာ.. အဲဒီသူဌေးလင်မယား အသက်ငယ်ငယ် ပထမအရွယ်မှာ စီးပွားရေးလုပ်ရင် ပထမတန်းစားသူဌေးဖြစ်မယ်။ တကယ်လို့ တရားအားထုတ်ရင် ယောက်ျားက ရဟန္တာ မိန်းမက အနာဂါမ်ဖြစ်မယ်။ ဒုတိယ အသက်အလတ်အရွယ်မှာ စီးပွားရေးလုပ်ရင် ဒုတိယတန်းစားသူဌေးဖြစ်ပြီး တရားအားထုတ်ရင် ယောက်ျားက အနာဂါမ် မိန်းမက သကဒါဂါမ်ဖြစ်မယ်။ တကယ်လို့ တတိယအရွယ် အိုးမင်းချိန်မှာ စိးပွားရေးလုပ်ရင် တတိယတန်းစား သူဌေးဖြစ်မယ်။ တရားအားထုတ်ရင်တော့ ယောက်ျားက သကဒါဂါမ် မိန်းမက သောတာပန်ဖြစ်နိုင်တယ်။ အခုတော့ အချိန်တွေ လွန်ကုန်ပေပြီ။ စီးပွားရေးမှာရော ဘာသာရေးမှာပါ ဘာမှ မဖြစ်နိုင်တော့ပါဘူး။ ရွံ့နွံအိုင်အိုကြီးဘေးက ကြိုးကြာကြီးတွေလိုပဲ ဖြစ်နေပါကုန်ပြီ--- လို့ ကရုဏာတရားနဲ့ မိန့်ကြားတော်မူခဲ့ပါတယ်။

ဒီတရားလေးက အရွယ်ရှိတုန်း စီးပွားရေးရော ဘာသာရေးပါ မမေ့သင့်ကြောင်း သတိပေး ခေါင်းလောင်း ထိုးတဲ့ တရားလေးပါ။
ဒါ့ကြောင့် မွန်မြတ်တဲ့ နှစ်သစ်အခါက စလို့ နောက်နောက်ရက်များတိုင် သတိတရားလက်ကိုင်ထားပြီး စီးပွားရေးရော ဘာသာရေးပါ တိုးတက်အောင် လုပ်နိုင်သူများ ဖြစ်ကြပါစေ.....။ နောင်တချိန်မှ နောင်တတရားရပြီး မှိုင်တွေသူတွေ ဖြစ်ခြင်းမှ ကင်းဝေးကြပါစေလေ......။

(KL ကွာလာလမ်ပူကို မြို့အပြင်ကနေ၀င်ရင် နာမည်မသိ ကားလမ်းပတ်ဝိုင်းတခု ရှိရာ အလယ်ခေါငိုပန်းခုံသေးသေးတွင် တေလေဂျပိုးဆိုသူများ ဆေးချသူများ အိပ်စက်နေတာ တွေ့ရတတ်ပါတယ်။ ငွေတွေရင်း အချိန်တွေ ပေးပြီး တိုးတက်အောင်မလုပ်ပဲ ဘ၀ကို ဖြစ်ချင်ရာဖြစ် လုပ်သူများလို မဖြစ်စေလိုတဲ့ ဆန္ဒကို အရင်းခံပါသည်)

“ရှေးသရောအခါ၊ ပြည်ဗာရာဝယ်
ကုဋေကြွယ်သား၊ သူဌေးအားလျှင်
သားတစ်ယောက်ဖြစ်
ချစ်၍တစေ၊ အိမ်မှာနေ၍
စာပေမကျ
မိဘစုတေ့ ၊ ခန္ဓာရွေ့ သော်
အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ
မသိပါငြား၊ သူဌေးသားသည်
သိုထားမတတ်၊ အရပ်ရပ်၌
အပ်နှံဥစ္စာ၊ရှိသည့်ငှာကို
များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ
ူယူ၍ပြေးရှောင်
အိမ်ကိုရောင်းလျက်၊ ထောင်းထောင်းကြေကာ
ခွက်လက်စွဲကာ တောင်းစားပါလည်း
နင်သာလူမိုက်၊ ဒုစရိုက်ဟု
ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ
တောမှာသေသည်၊ ကောင်သေလင်းတ
ကျ၏သတည်း။”

ကဗျာကို ဒီနေရာ ကနေ ကူးယူထားတာပါ။