ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။



တခါတရံ ဒီလောကမှာ သူဌေးဖြစ်ပြီးသူတွေက သူဌေးဖြစ်ကြောင်း နည်းလမ်းကောင်းတွေ ပေးတတ်ပါတယ်။ တချို့က ငါ့လို သူဌေးဖြစ်ချင်ရင် ငွေစုကွ။ ငွေစုမှ ချမ်းသာမယ်...။ တချို့က ဟေ့ ငွေဆိုတာ သိမ်းထားဖို့ မဟုတ်ဖူး... ငွေကို ငွေနဲ့ ရင်းပြီး များများတိုးအောင် ရှာကွ... တဲ့။ ထို့အတူပါပဲ ပညာတတ်ဖြစ်သူတွေက ပညာတတ်ဖြစ်ကြောင်း နည်းကောင်းပေးပြန်ရော။ ငါ့လို ဖြစ်ချင် စာကြိုးစားတဲ့။

ဟော.... အခုလည်း သိကြားမင်း ကိုမာဃက - သုဓမ္မာ နတ်နန်းကြီးထဲမှာ
“ငါလို သိကြားမင်း ဖြစ်ချင်ရင်တော့ လစဉ်လတိုင်း ဥပုသ်တိုင်းမှာ ရှစ်ပါးသီလ ဆောက်တည်ကြပေါ့” လို့ နည်းလမ်းတဖြာ ပေးနေပြန်ပါပြီ။ သူ့လို သိကြားဖြစ်ချင်ရင် သီလဆောက်တည်တဲ့။ သူဆိုလိုတဲ့ လစဉ်ဥပုသ်နေ့တိုင်းဆိုတာက လပြည့် လကွယ်နဲ့ လဆန်း လဆုတ် ရှစ်ရက်ဥပုသ်ခေါ်တဲ့ တစ်လမှ လေးရက်ပဲ စောင့်ဖို့လိုတဲ့ ဥပုသ်တွေပေါ့...။

သိကြားမင်းက ဂုဏ်ယူလွန်းလိုက်တာ။ ဒါမှ မဟုတ် အကြွားသန်လိုက်တာလို့ ထင်စရာကြီးပေါ့။ ဒါပေမယ့် သူ့မှာ အဲလို လက်မထောင်ကာ ပြောနိုင်ခြင်းရဲ့ အကြောင်းက ရှိပြန်တယ်။ အဲဒါ ဘာလဲဆိုတော့....

သိကြားမင်းက သူ့နတ်မင်းကြီးလေးယောက်ကို “မောင်မင်းတို့ လူ့ပြည်ဆင်းပြီး ကောင်းမှုလုပ်သူတွေ နာမည်ရော အမျိုးအနွယ်ရော ရွှေပေလွှာပေါ် ရေးသား မှတ်တမ်းတင်ထားစမ်းလေ” လို့ စေခိုင်းတော့ နတ်မင်းကြီးများက တခါတရံ ကိုယ်တိုင် တခါတရံ အခြားသူများကို စေခိုင်းတတ်ပြန်ပါရော..။

(နာမည်ဆိုတာကတော့ ရှင်းတယ်။ အမျိုးအနွယ်ကိုတော့ တရုတ်လူမျိုးများဆိုရင် လီမျိုးနွယ်တွေ တုံမျိုးနွယ်တွေ ရှိကြသလို သီရိလင်္ကာဘက်မှာဆိုရင်လည်း ကိုယ်ဆင်းသက်ရာ မိဘမျိုးနွယ် နာမည်တွေ နာမည်နဲ့ကပ်လျက် ထည့်တတ်ကြတယ်။ ဥပမာ- ဒါးရှိ နာဒိးရှနိ ဆိုပါတော့..။ ဒါးရှိက သူ့နာမည်...။ နာဒီးရှနိက အမျိုးအနွယ် နာမည်ပေါ့) ထားတော့။

ဒါ့ကြောင့် လူ့ပြည်ကို -
လဆန်း လဆုတ် (၈) ရက်နေ့တိုင်းမှာ နတ်မင်းကြီးလေးယောက်ရဲ့ အစေခံ ကျေးကျွန်တွေ ။
လကွယ်နေ့တိုင်းမှာ နတ်မင်းကြီးလေးယောက်ရဲ့ သားတွေ။
လပြည့်နေ့တိုင်းမှာ နတ်မင်းကြီးလေးယောက်ကိုယ်တိုင် ဆင်းဆင်းပြီး မှတ်တမ်းတင်သတဲ့။

သူတို့မှတ်တမ်းမှာ “လူတွေ လူတွေ.... ကိုယ့်မိဘကို သေချာစောင့်ရှောက်ကြရဲ့လား။ ရဟန်းပုဏ္ဏားတွေရော ကောင်းကောင်း ပူဇော်ကြရဲ့လား။ အဖိုးအဖွား ဦးကြီးဦးလေးတွေကိုရော ကောင်းကောင်း ဆက်ဆံရဲ့လား။ ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်ရဲ့လား။ သီလရော ယူရဲ့လား။ ဘုရားပန်းရော ထိုးရဲ့လား။ ဆီမီးရော ထွန်းရဲ့လား” ကြည့်ပြီး ပြုလုပ်သူ မပြုလုပ်သူဆိုပြီး ရေးမှတ်ကြတယ်။

မှတ်တမ်းတင်တဲ့နေရာမှာလည်း သူတို့ကိုယ်တိုင် မှတ်တမ်းတင်တယ်လို့တာ ဆိုတယ်။ တကယ်တမ်းတော့ သူတို့က လူ့ပြည်ဆင်းလာတယ်။ မြို့ရွာစောင့်နတ်တွေက အဆင်သင့်နဲ့ သူ့မြို့ရွာမှာ ဒီသူက ကုသိုလ်ပြုသူ။ ဒီသူက အကုသိုလ်ပြုသူလို့ အစီတကျရေးပြီးသား။ ဒါကို ပြန်ပြီး တနေရာကနေ တနေရာ စုဆောင်းသွားခြင်းမျှသာပါပဲ။ သူတို့က စုဆောင်းသူတွေဆိုတော့ စာရင်းချုပ်တဲ့အခါ ကုသိုလ်ပြုသူ မပြုသူမှာ ဘယ်ဟာက များတယ်။ ဘယ်ဟာက နည်းတယ်ဆိုတာ သိတာပေါ့။

ပြီးတော့ တာဝတိံသာနတ်ပြည်က သုဓမ္မာနတ်နန်းတော်ကြီးမှာ ကုသိုလ်ပြုသူတွေ နည်းပါးတဲ့အခါ ကုသိုလ်ပြုသူတွေ နည်းပါးနေတဲ့အကြောင်း။ များပြားလာနေရင်လည်း များပြားတဲ့အကြောင်း နတ်တွေကို ပြန်ပြောပြကြတယ်။

ကုသိုလ်ပြုသူ နည်းတယ်လို့ ကြားလိုက်ရရင် နတ်တွေက ၀မ်းနည်းကြတယ် “အင်း... နတ်ပြည်တော့ ဦးရေနည်းတော့မှာပဲ။ အောက်အပါယ်လေးဘုံမှာပဲ စုပြုံကြတော့မှာပဲ” ဆိုပြီး စိတ်မကောင်းကြဘူး။

ကုသိုလ်ပြုသူ များပါတယ်လို့ ကြားလိုက်ရရင်တော့ အပျော်ကြီး ပျော်ကြတယ် “အင်း.... ငါတို့ နတ်ပြည်တော့ ဦးရေတွေ တိုးပွားလာတော့မယ်။ အောက်အပါယ်လေးဘုံမှာတော့ လျော့ပါးသွားတော့မှာပဲ”ဆိုပြီး စိတ်ရွှင်ကြတယ်။

အဲဒီအခမ်းအနားမှာ ကြားဖူးတာက သိကြားမင်းဆိုသူက တခါတခါ ထထပြောတတ်တယ်တဲ့

“ငါလို သိကြားမင်း ဖြစ်ချင်ရင်တော့ လစဉ်လတိုင်း ဥပုသ်တိုင်းမှာ ရှစ်ပါးသီလ ဆောက်တည်ကြ” တဲ့။


ကျမ်းကိုး-
အင်္ဂုတ္တရပါဠိ၊ တိက၊ ဒေ၀ဒူတ၀ဂ်၊ စတုမဟာရာဇသုတ် ပါဠိနှင့် အဋ္ဌကထာ

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ-
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-မလေးရှား)