ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။



Lover slip waterfall- ချစ်သူချော်ကျတဲ့ ရေတံခွန် ဆိုတာက နုဝရ အိလိယ ဒေသမှာ ရှိပါတယ်။ အဲဒီ နုဝရ အိလိယဟာ လဘက်စိုက်ခင်းတွေ အခြား သီးနှံခြံတွေ ပန်းစိုက်ခင်းတွေ ပေါများပြီး အေးစိမ့်တဲ့ ရာသီဥတုလည်း ရှိပါတယ်။ ရိုးရှင်းစွာ ပြောရရင် တောင်သူပေါတဲ့ အရပ်- အလုပ်ကြမ်းတွေ လုပ်ရတဲ့ အရပ် ပေါ့။ အဲဒီမှာ လဘက်ခူး ယာစိုက် အလုပ်လုပ်နေကြတဲ့ သူတွေက တမီလ်းလူမျိုးတွေ အများဆုံး ဖြစ်သလို ကိုးကွယ်တာကလည်း ဟိန္ဒူတွေပဲ များပါတယ်။ ဆင်ဟာလ လူမျိုးနည်းတော့ ဗုဒ္ဓဘာသာလူဦးရေလည်း အတော်နည်းပါးပါတယ်။ တချို့ ခရစ်ယန်တွေလည်း ရှိပါတယ်။

ခရီးထွက်ဖြစ်ခဲ့တဲ့ တနေ့မှာ နုဝရ အိလိယ ကျောင်းထိုင်ဆရာတော်က ချစ်သူချော်ကျ ရေတံခွန်ကို လိုက်ပို့ ပေးပြီး ရေတံခွန်ဇာတ်ကြောင်းကို ပြောပြပါတယ်။

အင်္ဂလိပ်တွေ အုပ်စိုးတုန်းက အင်္ဂလိပ်လူမျိုး သမီးရည်းစားနှစ်ဦး ဒီရေတံခွန်ကို လာကြည့်တယ်။ ပြီးတော့ အမျိုးသမီးက ရေတံခွန်နား တိုးကပ်ဖို့ ကြိုးစားတယ်။ အဲဒီမှာတင် ကျောက်တုံးပေါ်ကနေ ချော်ကြလုနီးပါး ဖြစ်တယ်။ ရလိုရငြား ယောင်္ကျားလေးက လှမ်းဆွဲလိုက်တာ နှစ်ယောက်စလုံး ချောက်ထဲကို ကျသွားပါရော။ ဒါ့ကြောင့် ချစ်သူချော်ကျ ရေတံခွန်လို့ ခေါ်ပါသတဲ့။

ဖြစ်နိုင်ချေတော့ ရှိပါတယ်။ ထိုရေတံခွန် အတော်များများ အနီးနားထိ ကပ်လို့ရပါပေမယ့် အခု ရေတံခွန်ကတော့ အနားကပ်လို့ မရပါဘူး။ ရေတံခွန်-ချိုင့်ဝှမ်း-ကျောက်တောင် ဆိုပြီး နေရာသီးသန့် သုံးခု ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒါကတော့ ရေတံခွန် အကြောင်းလေးပါ။

ဒီရေတံခွန်ဆီ သွားရင် လဘက်ခင်းတွေကို ဖြတ်ဖေါက်ထားတဲ့ ကားလမ်းကနေသွားရပါတယ်။ ပြီးရင်တော့ တောလမ်းအတိုင်း ဖြတ်ပြီး သွားရပါတယ်။ ခက်ခက်ခဲခဲ သွားရတော့လည်း အဝေးကတာ လှမ်းမြင်ချင်မြင်မယ်။ ရောက်အောင် သွားသူကတော့ ရှားတယ်။ သွားသူ မရှိဖူးပေါ့။ တောပိုင်း ကျသပေါ့။ ကျွန်ုပ်တို့တော့ လိုက်ပို့ သူရှိတုန်း ရောက်ဖြစ်ခဲ့တယ်။

နုဝရ အိလိယ သစ်ပင်အောက်မှာ တွေ့ရတဲ့ ဟိန္ဒူနတ်ဘုရား

လဘက်စိုက်ခင်းနေရာတွေကို ရောက်ဖူးကြမှာပါ။ ဒီမှာတော့ လဘက်ခင်းဆို လဘက်ခင်းချည်းပဲအများအပြား ဖြစ်ပြီး တခါတရံတော့ သစ်ပင် ခပ်နိမ့်နိမ့် ကြီးကြီးလေးတွေတော့ တွေ့ရတတ်တယ်။ တွေ့လိုက်တဲ့ သစ်ပင်အောက်မှာရော အခုလို တောထဲက သစ်ပင် ခပ်အုပ်ဆိုင်းဆိုင်းအောက်မှာရော လှံတန်လေးတွေမှာ သံပရာသီးလေးတွေ စွပ်လို့ ရှေ့မှာ ကျောက်တုံး တတုံးကို အ၀တ်စ သုံးစပတ်လို့ တွေ့ရပါလိမ့်မယ်။ အဲဒါဟာ တမီလ်း ဟိန္ဒူတွေ ကိုးကွယ်တဲ့ နတ်ဘုရားပဲ ဖြစ်ပါတယ်။ ဟိုး အနုရာဓပုရဆီ ခရီးထွက်ဖြစ်တုန်းကလည်း လမ်းအဆုံလေးတွေမှာ ကျောက်တုံးကို အ၀တ်သုံးခုစည်းပြီး ဘုရားကျောင်းဆောင်လုပ်ထားတာ တော်တော်များများ တွေ့ရတတ်ပါတယ်။ ဟိန္ဒူဘုရား အတွက် အထူးကျောင်းဆောင် မလုပ်ပဲ ကျောက်တုံးချ အ၀တ်စည်းပြီး ပူဇော်ဖွယ်အချို့ ပြုလုပ်ထားတာဟာ သူတို့ရဲ့ ဓလေ့ဖြစ်လိမ့်မယ်လို့ တွေးမိလိုက်ပါတယ်။ အခြားဆိုင်ရာ ဓမ္မဆရာတွေနဲ့ လုပ်ကောင်း လုပ်ကြပါလိမ့်မယ်။ ဒါပေမယ့် အခု အမြင်အရကတော့ အတော်ကို ပြီးစလွယ်နိုင်လွန်းပြီး နေရာတိုင်းမှာ ကိုယ့်ဘာသာရေး ပျံ့နှံ့အောင် လုပ်လိုတဲ့ နည်းတခုတော့ ဖြစ်လိမ့်မယ်လို့လည်း တွေးမိလိုက်ပါတယ်။

အင်း.. ကိုယ့်ဗုဒ္ဓဘာသာဘက် လှည့်ကြည့်တော့လည်း အခု မြို့ကြီး ပြကြီး ကိုလံဘိုမှာပဲ ဖြစ်ဖြစ် အခြားနေရာတွေမှာပဲ ဖြစ်ဖြစ် လမ်းဆုံ အရိပ်ကောင်းကောင်းမှာ ဘုရားကျောင်းဆောင် နဲ့ ဘုရားဆင်းတုတော် တွေကိန်းဝပ်နေတာ တွေ့ရမှာပါ။ ဟို ဒေမတဂေါတ ဘက်မှာဆိုရင် ရှေ့မှာက ဘုရားကျောင်းဆောင်နဲ့ နောက်ဘက် ကပ်ရပ်က ဗလီကျောင်းကျောင်းကြီးဖြစ်နေတာကို တွေ့ရပါတယ်။ ဘုရားရှင်ကို ဗုဒ္ဓဘာသာဝင် တွေက ကိုးကွယ်ပြီး ဗလီကျောင်းကိုတော့ မွတ်ဆလင်ဘာသာဝင်တွေက တက်ရောက်ကြပါလိမ့်မယ်။

အဲလိုပါပဲ ခရစ်ယန်ရပ်ကွက်တွေရဲ့ လမ်းဆုံလမ်းမတွေမှာ ယေရှုရုပ်တို့၊ မယ်တော်မာရီရုပ်တို့၊ နောက်တခါ လူတဦးက ကလေးကို ချီထားတဲ့ အရုပ်တို့ကို တွေ့မြင်ရမှာပါ။

ကိုယ်ဆိုင်ရာ ဘာသာရေးပွဲတော်တွေ ကျင်းပပြီဆိုရင် ဗုဒ္ဓဘာသာနေ့ဆိုရင် သာသနာ့အလံတွေကို ဝေလို့။ တမြို့လုံးနီးပါး စိုက်ထူထားလေ့ရှိကြတယ်။ ထို့အတူ အခြားဘာသာဝင်တွေကလည်း သူတို့ ဘာသာရေးနေ့တွေဆိုရင် သူတို့ဆိုင်ရာ အလံတွေကို အများအပြားစိုက်ထူ တတ်ကြပါတယ်။

ဒီလို အပြင်ပိုင်း အားပြိုင်မှုတင် မဟုတ်ပဲ။ အဆွယ်နေရာမှာလည်း အားပြိုင်နေကြပါတယ်။ ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တွေကတော့ မိမိတို့ရင်သွေးငယ်များကို တနင်္ဂနွေနေ့တိုင်း ဘုန်းကြီးကျောင်းမှာ ယဉ်ကျေးမှု သင်တန်းတက်ရောက် နိုင်အောင် ပို့ဆောင်ပေးကြပါတယ်။ ဆန်းဒေးစကူးလို့ ခေါ်ပါတယ်။ စာသင်တာက ဘုန်းကြီးသင်တဲ့ ကျောင်းတချို့ရှိသလို လူတွေ သင်တဲ့ ကျောင်းလည်း ရှိပါတယ်။ ဘယ်လို ကျောင်းပင် ဖြစ်စေ ဘာသာရေးသီးသန့်သင်ပြီး ကလေးတွေ ပျော်အောင် ဆော့ကစားနိုင်အောင် လုပ်ပေးတာကိုတော့ တွေ့ရပါတယ်။

အဖွားတဦးမှ ဆန်းဒေးစကူးတွင် ကလေးငယ်များအား ဇာတ်တော် အကြောင်း ပြောပြနေစဉ်

ဒါက မျက်မှောက် မိမိမြင်တွေ့နေရတဲ့ သီရိလင်္ကာ ဆိုရှယ်လစ် ဒီမိုကရက်တစ် နိုင်ငံရဲ့ ဘာသာရေး အားပြိုင်မှု တချို့ပါပဲ။ ကိုယ်စွမ်းနိုင်ရာဖြင့် ဗုဒ္ဓသာသနာ အဓွန့်ရှည်စေရန် သာသနာပြုကြပါစို့လားဗျာ။