“တနေ့ တခြား ဥစ္စာပွား၊ တရားထိုနည်း တိုးပါစေ
အဖက်ဖက်တွင် တိုးအောင်မြင်၊ ပေါ်ထင်ကျော်ကြားစေ
သာမဏေကျော် မေတ္တာတော်၊ အားလုံးအပေါ် ရောက်ပါစေ”
မိမိ၏ ကျေးဇူးရှင် သာမဏေကျော်ဆရာတော် တရားဟောပြီဆိုလျင် ပရိသတ်နှင့်တကွ အားပါးတရ ရွတ်ဆို ပို့သလေ့ရှိသည့် ဆောင်ပုဒ်လေးပါ။
“ပစ္စည်းဥစ္စာတွေကို နေ့စဉ် ရှာကြပါသည်။ ထိုအခါ ပစ္စည်းဥစ္စာများ တိုးပွားလာသည်- ပေါများလာသည်။
ထိုနည်းအတူပဲ တရားကိုလည်း နေ့စဉ် ရှာပြီး နေ့စဉ် တိုးပါစေ။
စီးပွားရေး နည်းတူ ကျန်းမာရေး ကောင်းခြင်း၊ ပညာရေးကောင်းခြင်းအစရှိသဖြင့် အဖက်ဖက် အားလုံးသော နေရာတိုင်းတွင် အောင်မြင်ပါစေ။ ကောင်းသတင်းဖြင့် ပေါ်တင်ကျော်ကြားပါစေ” ဟု ပို့သလေ့ရှိသည်။
အထက်ပါ နမူနာပြ မေတ္တာပို့ကို ကြည့်ပါလေ။ ပုဂ္ဂိုလ်သတ္တ၀ါ တစုံတယောက်မျှ မကျန်ပါ။ အားလုံး အားလုံးကို ခြုံပြီး ပို့ခြင်းဖြစ်ပေသည်။ စဉ်းစားကြည့်ရင် ဘယ်လောက်များ သဘောထား ပြည့်ဝလိုက်လိုက်လေလဲ။ ဘယ်လောက်များ ကျယ်ပြန့်လိုက်လေလဲ။ ဘယ်လောက်များ မြင့်မြတ်လိုက်ပါလဲ။ တိုင်းတာလို့ မရနိုင်လောက်အောင် ပြည့်နက်နေလိမ့်မည်ဟုပင် ထင်ပါသည်။
မိမိတို့ ကိုးပါးသီလ ခံယူကြသည့်အခါ “မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ၀ိဟရဏံ သမာဒိယာမိ” ဟု ရွတ်ဆိုကြသည်။
ထိုပါဠိကို ၀ိဘင်းပါဠိ (နှာ-၂၈၄)တွင် ချစ်စရာ ကောင်းတဲ့ တစုံတယောက်ကို မေတ္တာသက်ဝင်သလို သတ္တ၀ါအားလုံးအပေါ် မေတ္တာစိတ်ထား ဖြန့်နှံ့ပြီးနေထိုင်သည် ဟု ဆိုသည်။
မေတ္တာသဘာဝသည် တဦးတယောက်ပေါ် ဖြန့်နှံ့နေရင် တဦးတယောက်နှင့်၊ တစုတဖွဲ့ပေါ်ဖြန့်နှံ့နေရင် တစုတဖွဲ့ နှင့် အဆင်ပြေပြီး စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်လေသည်။ ထိုအကြောင်းနှင့် စပ်ပြီး မဟာဝါပါဠိလာ ဇာတ်လမ်းလေးတခု ပြောပြလိုသည်။
တခါက အရှေ့ဝါးတောအုပ်အတွင်းတွင် အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒိယ၊ အရှင်ကိမိလ ဟု သုံးပါး သီတင်းသုံးနေထိုင်ကြသည်။ ထိုနေရာသို့ တနေ့ ဘုရားရှင်ကိုယ်တော်မြတ် ကြွရောက်ခဲ့ပြီး အရှင်အနုရုဒ္ဓါအား
“ဘယ်လိုပါလဲ အနုရုဒ္ဓါ ညီညီညွှတ်ညွှတ် ပေါင်းပေါင်းစည်းစည်း မငြင်းမခုန် ရေနဲ့ရောတဲ့ နို့ရည်ပမာ ခွဲခြားမရလောက်အောင် တပါးနှင့်တပါး ချစ်ခင်နှစ်သက်စရာ မျက်လုံးများနှင့် ကြည့်ပြီး နေကြပါသလော”
“အမှန်တကယ် ချစ်ခင်နှစ်သက်စရာမျက်လုံးများ ကည့်ရှုကာ နေထိုင်ကြပါသည်ဘုရား”
“ဘယ်လိုနည်းစနစ်များနဲ့ နေထိုင်ကြပါလဲ”
“တပည့်တော်တို့ စိတ်မှာ ဒီလို အပေါင်းအဖေါ် (သူငယ်ချင်း)များနဲ့ နေထိုင်ရတာ ကံကောင်းလိုက်လေခြင်းလို့ စိတ်ကူးမိပါသည်ဘုရား”
“ဤအရှင်မြတ်များ အပေါ် မျက်စိရှေ့မှောက်ပဲ ဖြစ်ဖြစ်၊ မမြင်ကွယ်ရာ တနေရာမှာပဲ ဖြစ်ဖြစ် ခန္ဓာကိုယ် အမူအရာကလည်း မေတ္တာတရားနဲ့ ထားလိုက်ပါသည်။ နှုတ်ပါးစပ်မှ စကားသံထွက်လည်း မေတ္တာတရားနဲ့ ပြောလိုက်ပါသည်။ စိတ်ထဲမှာလည်း မေတ္တာတရား ထုံမွမ်းထားပြီး နေလိုက်မိပါသည်”
နောက်တခါ “ကိုယ့်စိတ်ဆန္ဒကို ချထားလိုက်ပြီး တဖက်သား အရှင်ဘုရားရဲ့ စိတ်သဘောအတိုင်း လိုက်လျောကာ နေထိုင်လိုက်မိပါသည်။ ထို့ကြောင့်လည်း ခန္ဓာကိုယ်က သူတကိုယ် ကိုယ်တကိုယ် နဲ့ ကွဲပြားနေပေမယ့် စိတ်သဘောကတော့ တခုတည်း ဖြစ်သွားပါသည်ဘုရား”
ထိုအရှင် အနုရုဒ္ဓါ နည်းတူ အခြား အရှင်နန္ဒိယ၊ အရှင်ကိမိလတို့ကလည်း သူတို့ နေထိုင်သည့် နေနည်း နည်းစနစ်ကို လျှောက်ထားကြရာ တပုံစံတည်းဖြစ်နေလေသည်။
ထို့နောက် ဘုရားရှင်က-
”ဘယ်လိုပါလဲ အနုရုဒ္ဓါ.... မမေ့မလျော့ မပေါ့မဆပဲ ကိလေသာတွေရော ပယ်သတ်ကာ နေထိုင်ကြပါသလော”
“အမှန်တကယ်ပင် နေထိုင်ကြပါသည်ဘုရား”
“ဘယ်လိုများ နေထိုင်ကြပါသလဲ အနုရုဒ္ဓါ”
“အရှင်ဘုရား.... တပည့်တော်တို့တွင် တပါးပါးက ဆွမ်းခံပြန်လာလျင် နေရာထိုင်ခင်း ခင်းကျင်းခြင်း၊ ခြေဆေးရေများ ဖြည့်ထားခြင်း သောက်သုံးရေ ဖြည့်တင်းထားခြင်းများပြုလုပ်ပါသည်။
နောက်ဆုံးမှ ဆွမ်းခံပြန်ကြွလာသူသည် ဆွမ်းစားရန်သေး၍ ဘုန်းပေးလိုက ဘုန်းပေး မဘုဉ်းပေးလိုက စွန့်ပစ် အစရှိသဖြင့် ပြုလုပ်ပြီး နေရာထိုင်ခင်းများကို ရုတ်သိမ်း၊ ခြေဆေးရေ ခြေဆေးအင်းပြင်များကို သိမ်းဆည်း။ ဆွမ်းစားကျောင်းကို တံမျက်လှည်းရပါသည်။”
“အကယ်၍များ သောက်ရေအိုး သုံးရေအိုး ၀စ္စကုဋိ (အိမ်သာ)ရေအိုးများတွင် ရေမရှိဖြစ်နေပါက အခြားတယောက်ကို လက်ယက်ခေါ်ကာ ကူညီကာ ပြုလုပ်ကြပါသည်ဘုရား“
ထိုထို အလုပ်ကိစ္စများကြောင့် စကားလုံး နှစ်ခု မဖြစ်စေကြပါ (မငြင်းခုန်ကြပါ)ဘုရား။
“ညအခါတွင် တရားစကား တွေ့ဆုံနှီးနှောကာ နေထိုင်ကြပါသည်ဘုရား”
ဤနည်း ဤဖုံဖြင့် မမေ့မလျော့ မပေါ့မဆ နေထိုင်ကြပါသည်ဘုရား ဟု ပြန်လည် လျောက်ထားခဲ့လေသည်။
==========
အထက်ပါ ၀တ္ထုတော်တွင် ရဟန်းတော် သုံးပါ၏ ငြိမ်းချမ်းစွာ နေထိုင်နိုင်ခြင်းရဲ့ အကြောင်းရင်းမှာ မေတ္တာတရား ကြောင့် ဖြစ်သည်ဟု တွေ့ရပေလိမ့်မည်။ ကိုယ်အမူအရာရော စိတ်ထားရော စကားလုံးတွေရော မေတ္တာတရားများ ထုံမွှမ်းထားခြင်းကြောင့် ဟု အကြောင်းရင်းကို တွေ့ရပေလိမ့်မည်။
နောက်နည်းစနစ် တခုမှာ ကိုယ့်တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခြင်းဖြစ်သည်။ ခိုကပ်ပြီး နေထိုင်ခြင်း မဟုတ်ပေ။ တစုံတဦးကို လိုအပ်ချိန်တွင် ကူညီမှု ပြုလုပ်တတ်ကြသည်ကို တွေ့ရပေလိမ့်မည်။
အများစု သိကြသည့် မေတ္တာမှာ “ပို့မေတ္တာ”ပင် ဖြစ်နေတတ်ပါသည်။ မည်သူမည်ဝါ ကျန်းမာပါစေ ချမ်းသာပါစေ စသဖြင့် နှုတ်က ရွတ်ဆိုကာ ပို့မေတ္တာဖြစ်နေတတ်ပါသည်။ သုံးပါးစုံ မေတ္တာကို ကျင့်သုံးနိုင်ပါမူ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
အထက်ပါ ၀တ္ထုတော်လေးသည် မြတ်ဘုရား ဟောကြားသည့် တရားတော်များထဲမှ Social လူမှုရေး ကျင့်ဝတ်အတွက် ဖြစ်သည်ကိုလည်း တွေ့ရပါလိမ့်မည်။
မေတ္တာနဲ့ ဆက်စပ်လို့ နေ့စဉ် ရွတ်ဖတ်နေသည့် ပရိတ်ကြီး (၁၁) သုတ်ထဲက မေတ္တာသုတ်လာ မေတ္တာပို့နည်း ပွားများနည်း၊ ခန္ဓပရိတ်ထဲက မေတ္တာပို့နည်း ပွားများနည်း၊ အရပ်ဆယ်မျက်နှာ မေတ္တာပွားများနည်း အစရှိသဖြင့် ပွားများပုံ ပွားများနည်းတွေလည်း ရှိသည်။ ကြိုက်နှစ်သက်သည့် နည်းစနစ်ကို အသုံးပြုနိုင်ပေသည်။
ယခုပို့စ်လေးကို ဖတ်နေသူလည်း မေတ္တာလေး ဖတ်ရင်းပွားဖြစ်အောင် မေတ္တာသုတ်ထဲက မေတ္တာပွားနည်း ဆောင်ပုဒ်ကို ထပ်မံ မျှတလိုက်ပါသည်။
(၁) လုံးစုံများစွာ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၂) ကြောက်တတ်+မကြောက်တတ် နှစ်ရပ်များစွာ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၃) မြင်အပ်+မမြင်အပ် နှစ်ရပ်များစွာ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၄) ဝေးနေ+နီးနေ နှစ်ထွေများစွာ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၅) ဘ၀ဇာတ်ဆုံး+မဆုံးများစွာ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။ (ရဟန္တာများ၊ ရဟန္တာမဟုတ်သူများ)
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၆) ရှည်+တို+အလတ်၊ သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ (အရပ်ရှည်၊ တို၊ ပုံမှန်)
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၇) ကြီး+ငယ်+အလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ (အသက်ကြီး ငယ်၊လတ်)
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၈) ဆူ+ကြုံ+အလတ် သုံးရပ်ခန္ဓာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ (၀သူ+ပိန်သူ+အလယ်အလတ်လူ)
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၉) လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
(၁၀) အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
(၁၁) ဆင်းရဲလိုခြင်း၊ အချင်းချင်း ကင်းရှင်းကြပါစေ။
မေတ္တာတရားအပြင် ဗုဒ္ဓမြတ်စွာတရားတော်များထဲတွင် ကရုဏာတရားများ၊ မုဒိတာတရားများ၊ ဥပေက္ခာတရားများ ဆိုပြီး ဟောကြားထားသည်များလည်း ရှိပေသည်။ သင့်လျော်သည့် အချိန်မှာ အကောင်းဆုံး စိတ်ထားတွေ ထားတတ်ဖို့ ကုသိုလ်တရားတွေဖြစ်ပွားဖို့ စိတ်ဓာတ်လေးတွေ စင်ကြယ်နေစေဖို့ ဖြူစင်နေစေဖို့ သွန်သင်ထားသည်ကို တွေ့ရပေလိမ့်မည်။
မွန်မြတ်လှသည့် မြတ်ဗုဒ္ဓဒေသနာတော်များ နေလိုလလို အမြဲထွန်းတောက်နေပါစေ
လောကကြီးတွင် ဗြဟ္မစိုရ်တရားများ ထွန်းကားပါစေ-
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။