ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

နေလှန်ရိုက်ထားရသဖြင့် ပုံက မရှင်းပါ

ယနေ့ အမေရိကန်တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်ဧသကနှင့်အတူ မိမိတို့၏ ဆရာ့ဆရာ ဟုခေါ်ရမည့် မဟာဂန္ဓာရုံ-ကျောက်တော်ကြီးဘုန်းကြီးအဂ္ဂ၀ံသပါ အိန္ဒိယမှ တဆင့် သီရိလင်္ကာသို့ ဘုရားဖူးကြွရောက်လာကြသည်။ ထိုဆရာတော်တို့သည် အမေရိကန် မိသားစု ၀င်များနှင့် အတူ ယနေ့ မကုဋာရာမ မြန်မာကျောင်းတိုက်ရှိ သံဃာတော်များကို ဆွမ်းကပ်ကြသည်။ ဆွမ်းစားပြီးချိန်တွင်တော့ မဟာဂန္ဓာရုံ နွယ်ဝင် သံဃာတော်များ စုပေါင်းပြီး ကျောက်တော်ကြီး ဆရာတော်ကို ကန်တော့ကြသည်။ ဆရာတော်က ဆုံးမသွန်သင်တတ်သူ ပီပီ သြ၀ါဒများ မှတ်သားဖွယ်ရာများဖြင့် ဆုံးမတော်မူသွားခဲ့သည်။

အခု ဘုန်းကြီးက သူတို့အဖွဲ့နဲ့ လိုက်လာတာပေါ့။ အစစအရာရာ အဆင်ပြေပါတယ်။ သူတို့အဖွဲ့က အဖွဲ့နာမည်ကိုက ဘုရားဖူးအဖွဲ့လို့ အမည်ပေးထားတာမဟုတ်ဖူး။“ဘုရားပူဇော်အဖွဲ့”တဲ့။ ဒါ့ကြောင့် ဘုရားပွင့်တော်မူရာ ဒေသတွေကို ပူဇော်ကြတယ်။ ဥပမာ- ဓမ္မစကြာဟောတော်မူရာ နေရာရောက်ရင် ဓမ္မစကြာကို စုပေါင်းရွတ်ဆိုတာမျိုးပေါ့။ ဘုရားပွင့်တော်မူရာ ရောက်တော်မူရာ နေရာမှန်သမျှ အကုန်ရောက်ခဲ့တာပဲ။

ထို့နောက် ကောင်းကောင်းနေထိုင်ကြဖို့ သာသနာတာ့ဝန်ကို ထမ်းဆောင်နိုင်ဖို့ အစရှိသဖြင့် ဆုံးမတော်မူသွားသည်။

ကြုံတုန်း ကြုံခိုက် ဆရာတော် ချီးမြှင့်သည့် ဆုပေးမှာ-

ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးနှင့် ဆရာသမားတို့အား ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့်လည်းကောင်း၊ မြတ်ဘုရားရှင်၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့်လည်းကောင်း၊ အဂ္ဂသာဝက မဟာသာဝကအစရှိသော ရဟန္တာအရှင်မြတ်တို့၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့်လည်းကောင်း၊ ရေတွက်ပိုင်းခြား ကန့်သတ်ချက်မရှိသော သံဃာတော် အရှင်မြတ်များ၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့်လည်းကောင်း၊ ရေတွက်ပိုင်းခြား ကန့်သတ်ချက်မရှိသော သံဃာတော်အရှင်မြတ်တို့၏ ကိုယ်စား ဘုန်းကြီးရွက်ဆောင်ခဲ့သော ကန့်သတ်ချက်မရှိသော သံဃိကဒါနကုသိုလ်ကောင်းမှုတို့၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်လည်းကောင်း၊ ယခုရှေ့မှောက်မှာ ရောက်ရှိနေကြသော သံဃာတော်အပေါင်းတို့သည် အန္တရာယ်အပေါင်း ဘေးအပေါင်း ရန်အပေါင်းတို့မှ လျောကျသကဲ့သို့ ပျောက်ကင်းပါစေသတည်း။ ပညာရေးဌာန၌ အထွတ်အထိပ်ရောက်၍ ကိုယ်ပိုင် ကိုယ့်ရပ်ကိုယ့်ဌာန၌ သာသနာစွမ်းစွမ်းတမံ ပြုနိုင်သော ပုဂ္ဂိုလ်တွေ အားလုံး ဖြစ်ကြပါစေ.... ဟု ဆုပေးတော်မူခဲ့သည်။

ထို့နောက် သီဟိုဠ်တွင် (၁၀)တော့ အနည်းဆုံးနေထိုင် သာသနာပြုနိုင်အောင် လုပ်ကြဟု မိန့်တော်မူသည်။

ဆရာတော်က အမေရိကန် ဗီဇာ (၃)လ ရခဲ့ကြောင်းလည်း မိန့်တော်မူသည်။ ခက်ခဲသည့် အမေရိကန် ဗီဇာကို “လက်ခါပြပြီး” ရခဲ့သည်ဟု မိန့်တော်မူသည်။ အင်္ဂလိပ်လို မေးသော်လည်း ဘာမေးမှန်း မသိသဖြင့် လက်ပဲ ခါပြခဲ့ကြောင်း သို့သော် သံရုံးမှ ဗီဇာထုပေးကြောင်း မိန့်တော်မူသည်။ (ဆရာတော်ကြီး၏ သီလ သမာဓိကြောင့် ဖြစ်ပေလိမ့်မည်ဟု ယူဆပါသည်။)
သုံးလရသော်လည်း သုံးလထိ နေထိုင်နိုင်လိမ့်မည် မထင်ကြောင်းနှင့် အသက်ကြီးတော့ မတော် အမေရိကန်က ခမ်းခမ်းနားနားတွေကို စိတ်စွဲပြီး ပျံတော်မူလျင် ဗုဒ္ဓဘာသာ မဖြစ်တော့ပဲ ခရစ်ယန်လူမျိုး ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း မိန့်သည်။ ထို့နောက် တောင်မြို့ဆရာတော်ကြီး မိန့်တော်မူဖူးသည့် အကြောင်းအရာအချို့ကိုလည်း ပြန်လည် မိန့်တော်မူသည်။

အင်္ဂလိပ်ခေတ်လက်ထက်က ရွှေတိဂုံ ဂေါပကအဖွဲ့ဝင်လူကြီးတဦး သေဆုံးရာ အင်္ဂလန်သွား လူဖြစ်သည်။ ထို့နောက် အသက်အရွယ် ရလာသည့်အချိန်တွင် သင်္ဘောဖြင့် ဧည့်သည်များနှင့် မြန်မာနိုင်ငံ ရန်ကုန်ကို အလည်လာရောက်သည်။ ရောက်တဲ့အခါကျတော့ ရွှေတိဂုံကို ဘယ်နိုင်ငံက လာလာတက်ကြသည်။
ရွှေတိဂုံဘုရားပေါ်တက်ဖူးတော့ သူ့သားက ဘုရားလူကြီးဖြစ်နေသည်။ အဲဒါ ငါ့သားပါပဲလားလို့ နှုတ်က ထွက်ပြီး ရှေးဘ၀အကြောင်းကို ပြောပြသည်။ ဘယ်ဘုရားအောက်မှာ ဘာဌာပနာ ပစ္စည်းတွေ ဌာပနာထားသည် အစရှိသဖြင့် ပြောဆိုနိုင်သည်ဟု ဆိုသည်။ ထို့နောက် အင်္ဂလန်ကို မပြန်တော့ပဲ သင်္ကန်းဝတ်ပြီး သေသည့်တိုင်အောင် မြန်မာပြည်တွင် နေထိုင်သွားကြောင်း မိန့်တော်မူသည်။

ထိုသြ၀ါဒတော်ကို နာထားရခြင်း ဖြစ်ခြင်းကြောင့် အနောက်နိုင်ငံများတွင် လူပြန်ဖြစ်ရန် စိတ်မ၀င်စားကြောင်း မိန့်တော်မူသည်။