.
.
.
ဒမ္ဗူလမြို့ကနေ ထွက်ခွါခဲ့ပြီး ထရန်ကုမ်မာလီလမ်းဟောင်းအတိုင်း သွားမည်ဆိုပါက ယခုသင် ဖျက်ကနဲ့မြင်နိုင်မှာက အကွာအဝေး ခပ်ဝေးဝေးက အညိုရောင် ကျောက်တုံးကြီးပင် ဖြစ်လိမ့်မည်။ ထိုကျောက်တုံးကြီးကို ဘေးပတ်ပတ်လည်မှာ တောနက်ကြီးက ပိတ်ဖုံးလုမတတ်ရှိနေသေးသည်။ အဲဒီနေရာကို ရောက်ဖို့ဆိုရင် မူလလမ်းမကြီးကနေခွဲထွက်ပြီး လမ်းသွယ်လေးထဲ ချိုးဝင်သွားလိုက်ပါ။ မိုင်အနည်းငယ် အကွာအဝေးမှာ ဟာလာဟင်းလင်း ကွင်းပြင်ကြီးဆီ ရောက်ရှိပါလိမ့်မည်။ ပြီးတော့ ရုတ်တရက် ကျောက်တောင် ထီးထီးမားမားကြီး သင့်ရှေ့မှာ ရပ်တည်နေတာကိုလည်း တွေ့ရလိမ့်မည်။
အခြားဘက်ခြမ်းတခုမှာတော့ တောင်ခြေရင်းရှိပြီး မိုးရာသီဆိုရင် ကြည်လည်းကြည်လင် သန့်လည်းသန့်ရှင်းပြီး ရေအပြည့်နဲ့ လဲလျောင်းနေသည့် ရေကန်ကိုလည်း တွေ့ရလိမ့်မည်။ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်မည်ဆိုပါက တချိန်တခါက တည်ဆောက်ခဲ့သည် ကျောက်တံတိုင်း အစိတ်အပိုင်း ကျောက်တုံးအကြီးစားများကိုလည်း တွေ့မြင်ရဦးမည်။ ဒီမြေပြင် ပတ်ဝန်းကျင်ကို တောနက်ကြီး လွှမ်းခြုံထားတယ်ဆိုပေမယ့် တောနက်ကြီးကို ဖယ်ရှားကြည့်လိုက်က လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ ၀န်းကျင်က အိမ်တော်ရာ သင်္ကေတတွေ၊ ပန်းဥယျာဉ်တွေ၊ ဘုရားကျောင်းတွေကို တွေ့မြင်ရမည် ဖြစ်သည်။ ကျောက်တောင်ကြီးက သူ့ပင်ကိုယ်သဘာဝကပင် မြင့်မားနေပြီး လူယောက်ျားတွေ မတက်နိုင်လောက်အောင်လည်း မတ်စောက်နေပေသည်။
ကျောက်တော်ပေါ်မှာတော့ အဆောင်ဟောင်း အကြွင်းအကျန်တွေ လှေခါးအတက်လမ်းတွေ ရေချိုးကန်တွေ ခေါင်မိုးတင်ရေတိုင်ကီတွေကို တွေ့ရှိရမည်။ ကျောက်တောင်ကြီး နံရံမှာ အရေအတွက်လည်း မြောက်များပြီး ထင်ရှားပြတ်သားသည့် ပန်းချီပုံများရေးဆွဲထားသည့် ကျောက်ဂူကို တွေ့ရမည်။ ထိုပန်းချီတွေက ဟိုးလွန်ခဲ့သည့် အတိတ်တချိန်က မင်းဝတ်တန်ဆာများနှင့် သူတို့၏ ၀တ်စားဆင်ယင်မှု အတွေ့အကြုံအချို့ကို ပေးစွမ်းနေပါလိမ့်မည်။
စိဂိရီယ သို့မဟုတ် သီဟဂီရိယ၏ ဇာတ်လမ်းကရော ဘယ်လိုပါလဲ ? ကျောက်တောင်ထိပ်ရောက်ဖို့ ကျဉ်းမြောင်းကွေ့ကောက်သည့် အတက်လမ်းကို ခက်ခဲစွာ ထွင်းထားခြင်း ခြင်္သေ့ရုပ်ပုံသဏ္ဍာန်ကို ထွင်းထုထားခြင်းတို့ကြောင့် စိဂီရိယ -သို့မဟုတ်- သီဟဂိရိယ (ခြင်္သေ့တောင်)ဟု ခေါ်ဆိုသည်။
လင်္ကာမြေကို တမီလ်းတို့ နောက်ထပ်တဖန် ရောက်လာခဲ့ကြပြီး အနုရာဓပုရမြို့တော်မှာ ၂၅ နှစ်ခန့်ကြာအောင် အုပ်စိုးခဲ့ကြသည်။ ထို့နောက် ဆင်ဟာလီမင်းသား ဓာတုသေန (Dhatu Sena) သည် ကာကွယ်ခဲ့ပြီး ဘုန်းကြီးတပါးအဖြစ် ရုဟန (Ruhuna) ဒေသတွင် သူ့ဦးလေး ဘုန်းတော်ကြီး မဟာနာမအထံတွင် ပညာရပ်များ သင်ယူခဲ့သည်။ တမီလ်းများကို အောင်မြင်ကာ နှင်ထုတ်နိုင်ခဲ့ပြီးနောက်တွင် နိုင်ငံတော်ကို ဆင်ဟာလလူမျိုးများ အုပ်ချုပ်မှုအောက်ဆီသို့ ပြန်လည်ဆောင်ယူနိုင်ခဲ့လေသည်။
ဘုရင်ဓာတုသေနသည် ၁၈ နှစ်ကြာအောင် အုပ်ချုပ်ခဲ့သည်။ သူ့လက်ထက်တွင် တမီလ်းတို့ ဖျက်ဆီးခဲ့သည့် မွန်မြတ်သည့် အဆောက်အဦးများကို ပြင်လည်ထိန်းသိမ်းခဲ့သည်။ တမီလ်းတို့ အုပ်စိုးစဉ်က မြို့တော်အနီးမှာ နေထိုင်ကြပါလျက် ဆင်ဟာလလူမျိုးများ မေ့လျော့ခဲ့ကြရသည့် ဟောင်းနွမ်းသည့် ဘာသာရေးတဖြစ်လဲ အနုရာဓပုရမြို့၏ မူလကျက်သရေ ဗုဒ္ဓဘာသာကို စွမ်းနိုင်သလောက် ပြန်လည် ဆယ်ယူခဲ့လေသည်။ ဆင်ဟာလ ခေါင်းဆောင်ပေါင်းများစွာလည်း သူတို့ဘ၀ လုံခြုံရေးနှင့် သူတို့ အကျိုးစီးပွားအတွက်သာ တွေးဆကာ ကိုယ့်လူမျိုးအပေါ် အောင်နိုင်သွားသည့် တမီလ်းများနှင့် ပူးပေါင်းသွားခဲ့ကြသည်။ ဓာတုသေနသည် ထိုသူများကို ထိုက်တန်သည့် အပြစ်ဒဏ်များပေးခြင်း အရှက်ရအောင်သိက္ခာချခြင်းများ ပြုလုပ်ခဲ့ပြီး သူဒုက္ခရောက်စဉ် သစ္စာရှိစွာ အနားတွင် ရပ်တည်ခဲ့သူများကိုတော့ ချမ်းသာလောက်အောင် ဆုလာဘ်များစွာ ချီးမြှင့်ခဲ့သည်။
ဘုရင်သည် ပျက်စီးသွားခဲ့သည့် ကြေးပြသာဒ်တော် (Brazen place) နှင့် အခြား အဆောက်အဦးများကို လွန်စွာတိုးတက်အောင်ပြုလုပ်ခဲ့ ပြင်ဆင်ခဲ့သည်။ ဘုရင်သည် ကျောင်းတိုက်ကြီး ၁၈ တိုက်နှင့် ရေကန်များ၊ ထို့အပြင် ၁၈ ခုသော ရေကန်ငယ်များကို တည်ဆောက်ခဲ့သည်။ သို့ပေမယ့် သူ၏ အကြီးမားဆုံး အလုပ်ကတော့ “ကာလေ၀၀” (Kala wewa) ခေါ် ၇ မိုင် ၈ မိုင် ကျယ်ဝန်းသည့် ရေကန်ကြီးတည်ဆောက်မှုပင် ဖြစ်သည်။ ထိုရေကန်သည် ကန်ဒီ (Kandy) ရေကန်နှင့် ကိုလံဘို တမြို့လုံးနီးပါး ကျယ်ပြန့်သည်ထက် အဆတရာမက ကြီးမားလှပေသည်။
ဓာတုသေနမင်း အကြောင်း အခြားမှတ်တမ်းကတော့ လင်္ကာကျွန်းကို ဗုဒ္ဓဘာသာ သယ်ဆောင်တော်မူခဲ့သည့် ဘုန်းတော်ကြီး မဟိန္ဒကို အမှတ်တရ အရိုအသေပြု လေးစားခြင်းပင် ဖြစ်သည်။ ဘုန်းတော်ကြီးပုံကို ထုလုပ်ဖို့ သူ အမိန့်ပေးခဲ့ပြီး အစောပိုင်း နှစ်ပေါင်း ၂၀၀ ခန့်က ဘုန်းတော်ကြီး မဟိန္ဒ၏ ခန္ဓာကိုယ်ကို မီးသဂြိ င်္ုဟ်ခဲ့ရာ နေရာတွင် လူတန်းကြီးဖြင့် ပင့်ဆောင်ကာ ထားခဲ့ခြင်းဖြစ်သည်။ အဲဒီနေရာမှာ ပွဲတော်ကို ကျင်းပခဲ့ပြီး လင်္ကာမြေ၏ ရှေးအကျဆုံး သမိုင်းကျမ်းစာ “ဒီပ၀ံသ” (Dipa vansa) ကို မျက်မှောက်ရောက်ရှိသည့် လူအားလုံး ကြားနိုင်သည်အထိ ကျယ်လောင်စွာ ရွတ်ဆိုစေခဲ့သည်။ ထိုသမိုင်းကြောင်းနှင့် အခြားသော ကျမ်းစာအုပ်များမှ ဘုန်းတော်ကြီး မဟာနာမသည် “မဟာဝံသ” (Maha vansa) ခေါ်သည့် ကျမ်းကို ပြင်ဆင် ရေးသားပြုစုခဲ့သည်။ ထိုမဟာဝံသကျမ်းမှ ကျွန်ုပ်တို့ ဆင်ဟာလီလူမျိုးများအကြောင်း သတင်းအချက်အလက်များစွာကို ရရှိကြပါသည်။ ထိုစာအုပ်ထဲတွင် ဆင်ဟာလလူမျိုးများ လင်္ကာမြေကို ရောက်လာပုံ အကြောင်း၊ သူတို့ လင်္ကာမြေမှာ ဘယ်လို အခြေချနေထိုင်ကြပုံ အကြောင်း၊ ဗုဒ္ဓဘာသာကို သယ်ဆောင်လာကြခြင်း အကြောင်း၊ လင်္ကာမြေမှာ ထိုဘာသာရေး ဘယ်လို တိုးတက်ပြီး ကျယ်ပြန့်လာပုံအကြောင်းအရာများကို ရရှိကြပါသည်။ ဘုန်းတော်ကြီး မဟာနာမသည် စွမ်းနိုင်သလောက် သူနေထိုင်စဉ် အချိန်အတောအတွင်း သမိုင်းကြောင်းဆိုင်ရာများကို ရေးသားခဲ့ပြီး သူ၏နောက်တွင် အခြားသူက နောင်တချိန်တွင် ဘယ်လိုဖြစ်ပျက်သည်ဆိုသည်ကို ရေးသားခဲ့လေသည်။ ထို့ကြောင့်လည်း ဗုဒ္ဓဘာသာ ဆင်ဟာလလူမျိုးသာမက ပါဠိဘာသာရော ပါဠိဂါထာများပါ ရေးသားခဲ့သည့် စာအုပ်များထဲတွင် မဟာဝံသကျမ်းသည် အမှတ်ရသင့်ဆုံး စာအုပ်တအုပ်ပင် ဖြစ်လေသည်။
ဓာတုသေနဘက် ပြန်လှည့်ကြပါက သူသည် ကောင်းမှုများစွာကို ပြုလုပ်ခဲ့ပါသော်လည်း သေဆုံးချိန်တွင် ကြောက်မက်ဖွယ်ရာများဖြင့် နတ်ရွာစံခဲ့ရလေသည်။
သူ့တွင် ကဿပ (Kasyapa) နှင့် မောဂ္ဂလာန် (Mugalan) ဟု သားနှစ်ယောက်ရှိခဲ့သည်။ သူတို့ နှစ်ဦးသည် ဖအေတူ အမေကွဲ ညီအကိုများ ဖြစ်ကြလေသည်။ ကဿပအမေသည်ကား ဘုရင်မျိုးထက် အဆင့်နှိမ့်သည့် အမျိုးသမီးတယောက် ဖြစ်ခဲ့သည်။ ထို့ကြောင့် ကဿပသည် သူ့အတွက်တော့ တိုက်ခိုက်ခြင်းဖြင့်သာ ဘုရင့်ပလ္လင်ကို အောင်နိုင်လိမ့်မည်ဟု တွေးမြင်ထားခဲ့သည်။ ဘုရင်မြတ်သည် မကျေနပ်မှုများဖြင့် ပြည့်နက်နေပြီး သူ့အနီးတွင်လည်း အားချိသည့်ယောက်ျားများသာ ရရှိခဲ့ပြီး ဖခင်ဘုရင်ကို ကဿပသည် အကျဉ်းချထားနိုင်ခဲ့သည်။ ထို့နောက် ကိုယ်တိုင် တင်မြှောက်သည့် ဘုရင်အဖြစ်ကို ကဿပသည် ဆောင်ယူခဲ့လေတော့သည်။
အခြားသားဖြစ်သူ မောဂ္ဂလာန်သည် ထိုအခြင်းအရာကို မျက်မြင်ဖြစ်နေပါလျက် ထိုအချိန်တွင် သူ့ဖခင်ကို ကယ်တင်နိုင်ရန်နှင့် သူ့ကိုယ်သူ ကယ်တင်နိုင်ရန်တို့ မတတ်နိုင်ပဲ အိန္ဒိယပြည်သို့ ထွက်ပြေးခဲ့ရသည်။ အိန္ဒိယတွင် မောဂ္ဂလာန်သည် စစ်သည်အင်အား တိုးပွားရရှိဖို့သာ စုဆောင်းခဲ့ရသည်။
ကဿပသည် သူ့ဖခင်ပြောဆိုဖူးသည့် ရတနာများ အဝေးဖွက်ထားသည်ဆိုသည့် စည်းစိမ်းများကို ရရှိဖို့ ကြိုးစားခဲ့သည်။ ဓာတုသေနထံ သံတမန်များစွာကို စေလွှတ်ခဲ့ပြီး ရတနာရှိရာနေရာကို သိရဖို့ ကြိုးပမ်းခဲ့သည်။ သို့ပေမယ့် ဓာတုသေနသည် လာလာသမျှ စေတမန်မှန်သမျှကို “ဘာမှ မရှိ”ဟုသာ ဖြေကြားခဲ့သည်။
ဓာတုသေနဘုရင်သည် သူ့တွင် ဖွက်ထားစရာ ရတနာတခုမျှ မရှိပါ- ဖြေဆိုခဲ့သည့် စကားလုံး အစိတ်အပိုင်းများက သူ့ကို သတ်ပစ်ဖို့ရာ ဇာတ်လမ်းတခု ဖြစ်သွားခဲ့သည်ကို ကြိုသိခဲ့လေပြီ။ သေရန် သို့မဟုတ် အသတ်ခံရန်အတွက်လည်း ကြိုတင် ပြင်ဆင်ထားခဲ့ပေပြီ။ သို့ပေမယ့် သူ့ကိုယ်သူ ဘာလိုချင်သလဲ ဆိုသည့် ရနိုင်သမျှ ပုံစံတခုကိုတော့ တွေးတောထားခဲ့သည်။ ထိုအရာသည်ကား သူ့ကို ရန်သူတွေ သေမင်းခံတွင်းဝဆီ ဆွဲခေါ်မသွားမီ တကြိမ်တခါပင် ဖြစ်စေ သူ့သူငယ်ချင်း မဟာနာမကို တွေ့ခွင့်ရဖို့နှင့် ကာလေ၀၀ ရေကန်ကြီးမှာ ရေချိုးခွင့် ရရှိဖို့ပင် ဖြစ်လေသည်။
နောက်တချိန် တမန်တော်တွေ ရောက်လာတော့ “ကာလေ၀၀ ရေကန်တော်ဆီကို ခေါ်ဆောင်သွားပါက ရတနာများကို ရှာဖွေတွေ့နိုင်ကြောင်း” ပြောပြခဲ့သည်။ ထိုရေကန်ဆီ ရောက်တော့ အချိန်တချို့ကို ဘုန်းတော်ကြီးမဟာနာမနဲ့ ဘာသာရေးအကြောင်း ဆွေးနွေးခြင်းဖြင့် ကုန်ဆုံးစေခဲ့ပြီး သူကိုယ်တိုင် တည်ဆောက်ခဲ့သည့် ရေကန်မြတ်တွင် ရေချိုးခဲ့တော့သည်။ ထို့နောက် ကဿပ၏ အစေခံများဘက်ကို လှည့်ပြီး သိမ်မွေ့စွာပင် “သူငယ်ချင်းတို့ .. … ရတနာအားလုံးကို ငါ ရရှိခဲ့ပြီ” ဟု ပြောကြားလိုက်ခဲ့သည်။
ထိုအကြောင်းအရာကို ကြားရသည့် ကဿပသည် လိုအပ်သည်ထက်ပင် ပိုပြီး ဒေါသထွက်သွားခဲ့သည်။ ထို့နောက် သူ့ဖခင်ကို သေတွင်းဝဆီ ပို့ဆောင်လိုက်ကြဖို့ အမိန့်ပေးလိုက်ခဲ့သည်။
သူဘာ့ကြောင့် ယခုလို ပြုမူရပါသလဲ ? မောဂ္ဂလာန်အပေါ် မနာလိုဝန်တိုမှုကြောင့်မျှသာ မက အကယ်၍သာ သူ့ဖခင် အသက်ထင်ရှားရှိနေဦးမည်ဆိုပါက ပြည်သူများက နန်းပလ္လင်ထက်ကို ဖခင်အား ဘုရင်ပြန်တင်လိမ့်မည်ဟု တွေးထင်ခဲ့သောကြောင့် ဖြစ်ပေသည်။
ဓာတုသေနကို အကျဉ်းသားနံရံတွင် သံကြိုးများဖြင့် တုပ်နှောင်ထားလိုက်သည်။ ထိုနံရံသည်လည်း ဓာတုသေနအထက်တွင် တည်ဆောက်ထားပြီး ရွံ့စေးများဖြင့် သရွတ်ကိုင်ထားခဲ့လေသည်။ ထို့နည်းဖြင့်ပင် ဓာတုသေနဘုရင် နတ်ရွာစံ ကံတော်ကုန်ခဲ့ရလေသည်။
ဖခင်သေဆုံးသွားချိန်အထိ ကဿပတွင်ကား တန်ပြန်တိုက်မည့် ရန်သူတော်များက ကြွင်းကျန်နေဆဲပင် ဖြစ်လေသည်။ ထိုရန်သူတော်များကား ကဿပစိုးရိမ်ပူရန်သည့် လင်္ကာမြေကို ဆက်ဆက်ပြန်လာမည့် မောဂ္ဂလာန်ပင်ဖြစ်သည်။
ထို့အပြင် နိုင်ငံနေရာ အနှံ့က ပညာမဲ့သူ သူ့လိုလူအုပ်ချုပ်မှုကို ဘယ်လိုလူအများက သစ္စာထားကြမလဲ ? အနုရာဓပုရသည် သူ့အတွက် ပြည့်စုံသည့် လုံခြုံမှု ပေးနိုင်သည့်နေရာဟုလည်း မထင်မြင်တော့။
မဟာဝံသကျမ်းကတော့ “ယောက်ျားတွေ တက်ဖို့ခဲယဉ်းသည့် စိဂီရိယကျောက်တောင်ဆီသို့ သူ့ကိုယ်သူ သယ်ဆောင်သွားသည်”ဟုဆိုသည်။ ထိုကျောက်တောင်ဆီသို့ သူစုဆောင်းသမျှ ပစ္စည်းဥစ္စာများကို သယ်ဆောင်ပြီး နေရာအနှံတွင် မြုပ်နှံခဲ့သည်။
အဲဒီကျောက်တောင်မှာ ခမ်းနားထည်ဝါလှသည့် နန်းတော်ကြီးကို တည်ဆောက်သည်။ ဘုရင်မင်းနှင့် သူ့နောက်တော်ပါများ သက်သောင့်သက်သာ နေထိုင်နိုင်ဖို့နှင့် ပျော်ရွှင်စွာ ရရှိစေဖို့ လိုအပ်သမျှ အရာအားလုံးကိုလည်း ဖြည်းဆည်းခဲ့သည်။ ပြီးတော့ ရန်သူတွေတိုက်ခိုက်မှု ကာကွယ်နိုင်ဖို့ ပတ်ပတ်လည်မှာ အခိုင်အမာ ကျောက်သားနံရံကိုလည်း တည်ဆောက်ခဲ့သည်။
ယနေ့ ကျွန်ုပ်တို့ မြင်တွေ့ရသည့် နန်းတော်ရာပျက်ကြီး၊ ဥယျာဉ်တော်၊ အိမ်တော်ရာများနှင့် ဘုရားကျောင်းများ အားလုံးသည် ဘုရင်ကဿပ တည်ဆောက်ခဲ့သည်များ ဖြစ်ပေသည်။ ထို့ပြင် အနုရာဓမြို့ကြီးကိုလည်း မမေ့လျော့သင့်ပါ။ ကဿပသည် အနုရာဓမြို့တော်ကို မြို့အ၀င်ဂိတ်တံခါးဝမှာ ပန်းဥယျာဉ်စိုက်ပျိုးခြင်း၊ နောက်ထပ် ကျောင်းတော်ရာများ တိုးချဲ့ခြင်း နှင့် ဆွမ်းစားကျောင်း ဆောက်လုပ်ခြင်းတို့ဖြင့် နဂိုမူလထက် သာလွန်လှပအောင် ပြုလုပ်ခဲ့သည်။
ကဿပဘုရင်သည် ဘုန်းတော်ကြီးများ ကျေနပ်စေဖို့ နေ့ထူးနေ့ရက်များကို ဂရုတစိုက် ကျင်းပပေးခဲ့ခြင်း၊ သူ၏ ဆိုးဝါးသည့် လုပ်ရပ်များအတွက် ပွဲသဘင်အခမ်းအနားများကို တင်ဆက်ခြင်း၊ အမှားနောင်တ ရရှိခြင်း၊ ဘုန်းတော်ကြီးများကို ကျမ်းစာအုပ်များ မူပွားရန် တိုက်တွန်းခြင်းတို့ဖြင့် နှစ်သိမ့်ဖို့ ကြိုးစားအားထုတ်ခဲ့ သေးသည်။ သို့ပေမယ့် ထိုမျှကုသိုလ်ကောင်းမှုသည် သူ့အတွက် ကျေနပ်နှစ်သိမ့်ဖွယ်ရာများ မဖြစ်ခဲ့ပါ။ အမှန်တရားနှင့် ပြောင်းပြန် အကြောက်တရားများကသာ သူ့အထံ ပြည့်နက်နေခဲ့သည်ချည်းဖြစ်သည်။
သူပြုလုပ်ခဲ့ပြီးသည့် အကြီးမားဆုံး အမှားအတွက် သေခြင်းတရား ရောက်လာမှာကို ကြောက်နေမိတတ်သည်။ ပြီးတော့ ဒီကမ္ဘာလောကမှာ သူ့ကို လက်တုန့်ပြန် လက်စားခြေမည့် မောဂ္ဂလာန်ကိုလည်း အမြဲတစေ ကြောက်ရွံ့နေမိလေသည်။
ကဿပ မင်းအဖြစ် စိုးစံချိန် ၇ နှစ်မြောက်တွင် မောဂ္ဂလာန ရောက်လာခဲ့ပြီး ၀မ်းကွဲညီအကို နှစ်ဦးကြား အတားအဆီးကျိုးပျက်သည့် ပင်လယ်နှစ်စင်းလို နှစ်ဖက်စစ်သည်တော်တွေ အချင်းချင်း တွေ့ဆုံပြီး ကြောက်မက်ဖွယ်ရာ စစ်ပွဲကြီး ကုရုနေဂလ (Kurunegala) အနီး ရွာတရွာတွင် ဖြစ်ပွားခဲ့လေသည်။
ထိုအချိန်တွင် ကဿပသည် ဒုက္ခရောက်စေမည့် အများတခုကို ကျူးလွန်မိခဲ့သည်။ ထိုအမှားကား သူ၏ ဆင်ဖြင့် ရှေ့တန်းတက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုရှေ့တန်းသည် စိမ့်စမ်းပေါများသည့် အရပ်ဒေသ တခုဖြစ်နေခဲ့သည်။ ထို့ကြောင့် သူသည် အခြားလမ်းတခုဖြင့် နောက်ပြန်လှည့်ရာ သူ၏ စစ်သည်တော်များက “ဘုရင်သည် တိုက်ခိုက်မှုများကို စွန့်လွှတ်ပြီး စစ်တလင်းမြေပြင်က လွှတ်မြောက်ဖို့ ကြိုးစားသွားသည်၊ သူတို့လည်း လွှတ်မြောက်ဖို့ စတင်ရတော့မည်”ဟု တွေးထင်ခဲ့ကြတော့သည်။ ကဿပသည် စစ်ပွဲ မရှုမလှ ရှုံးနှိမ့်လာပုံကို တွေ့မြင်ရပြီး စိတ်ပျက်အားလျော့ကာ သူ့ကိုယ်သူ အဆုံးစီရင်လိုက်တော့သည်။
ယခုတော့ မောဂ္ဂလာန် ဘုရင်ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူသည် ကဿပနှင့် ဆက်ဆံခဲ့သူများ၊ သူ့ဖခင်အား သေတွင်းဝဆီ ပို့ဆောင်ခဲ့သူများအပေါ် အလွန်ခါးသီး မုန်းတီးခဲ့တော့သည်။ လိုချင်ပါလျက် မရခဲ့ - ထို့အတွက် ဖြစ်သည့်ဒေါသ အဟုန်ကြောင့်ပင် သူ၏ သွားတချောင်းပင် ရှေ့သို့ ငေါထွက်လာခဲ့ရသည်။ သူ့ကိုပင် နာမည်ပြောင်ဖြင့် “ယက္ခ” သို့မဟုတ် မကောင်းဆိုးဝါးဟုပင် ခေါ်တွင်ခဲ့သေးသည်။ မကောင်းဆိုးဝါးဟု မည်တွင်ကတည်းကပင် သူ၏ ပါးစပ်ဒေါင့်က သွားနှစ်ချောင်းလည်း ချွန်ထွက်လာခဲ့ပြန်သည်။ မောဂ္ဂလာန်၏ ဒေါသတွေ အေးမြသွားချိန်တွင်တော့ သူသည် သာသနာတော်ကို ကြည်ညိုလေးစားသည့် ဘုရင်တပါး ဖြစ်လာခဲ့တော့သည်။
စိဂီရိယကို ကျောင်းတော်ကြီး ပြုလုပ်လိုက်သည်။ ထို့နောက် ဖခင် ဓာတုသေန၏ သူငယ်ချင်းဖြစ်သည့် ဘုန်းတော်ကြီး မဟာနာမကို ပေးအပ်လှူဒါန်းလိုက်လေတော့သည်။
XX - THE STORY OF THE LION ROCK, THE STORY OF LANKA, L.E. BLAZE, ASIAN EDUCATIONAL SERVICES, NEW DELHI, 2008, ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။
မှတ်စု -
ဓာတုသေနမင်း (၄၅၅-၄၇၃)
ကဿပ (၁) မင်း (၄၇၃-၄၉၁)
သင်္ခန်းစာများ ယူနိုင်ကြပါစေ-
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- ကိုလံဘို)
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။