ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

ဇရာဆိုသည်မှာ အိုမင်းခြင်းဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်းဖြစ်သည်။ အိုမင်းလာသည့် လူကြီးများက မကြာခဏ သံဝေဂစကားတို့ ဆိုကြသည်။ “ငါတို့က မီးစာကုန် ဆီခမ်းဘ၀ရောက်နေပါပြီ။ မကြာမီ သေတော့မှာပါ” ၊ “ငယ်ငယ်တုန်းကတော့ ဘ၀ဆိုတာ အကြာကြီးထင်ခဲ့ပေမယ့် အသက်ကြီးလာတော့ ဘ၀ဆိုတာ တိုတိုလေးလို့ ထင်မိတယ်” စသဖြင့် ပြောပြကြလေ့ရှိသည်။ ထိုစကားတို့သည် တရားသံဖြင့် ပြောရပါမူ သံဝေဂရဖွယ် စကားများပင်ဖြစ်ပေသည်။ မကြာမီ သေဆုံးခြင်းတို့ ရောက်လာပေတော့မည်။ သို့ပေမယ့် ဇရာဘ၀ကို ဖြတ်သန်းရသည်မှာ မဖြတ်သန်းတတ်သူအဖို့ ငြီးငွေ့စရာ အထီးကျန်စရာ ဖြစ်ပေလိမ့်မည်။

မိမိတို့နေထိုင်ရာ ကျောင်းတိုက်မှာ သက်တော် ၉၀ ကျော်ဆရာတော်တပါးရယ်၊ သက်တော် ၇၇ အရွယ် ဆရာတော်တပါးရယ်လို့ အသက်ကြီးရင့်နေသည့် ဆရာတော် နှစ်ပါးရှိသည်။ သက်တော် ၉၀ အရွယ် ဆရာတော်က ကျန်းမာသည်။ တတောက်တောက်နဲ့ သွားလေ့ရှိသည်။ ဥပုသ်သိမ်ဝင်လို့ ပါတိမောက်ပြရာတွင် ဆရာတော်က အသံဗလုံးဗထွေး တလုံးတခဲဖြင့် ရွတ်ဆိုပြလေ့ရှိသည်။ ထိုနည်းတူ ဆွမ်းစားကွမ်းစားတို့တွင် ရှေ့ဆောင်ကာ ပရိတ်ရွတ်ဆိုလေ့ရှိသည်။ ဆိုတော့ ဆရာတော်ကြီးသည် သာသနာရေးရာများကို အမြဲတမ်း ဦးစီးဦးဆောင် ပြုလေ့ရှိသည်။ သက်တော် ၇၇ ဆရာတော်သည်ကတော့ ပြောင်းပြန်ဖြစ်သည်။ ယခင်နှစ် ယခုလို ဒီဇင်ဘာတုန်းက ဆွမ်းစားကျောင်းလာရောက် ဆွမ်းဘုဉ်းပေးလေ့ရှိသည်။ ဆွမ်းလာ မစားဖြစ်သည်ကတော့ လွန်ခဲ့သည့် ခြောက်လခန့်လောက်ကပင် ဖြစ်ပေသည်။ တခါတရံ သုံးဘီးကားဖြင့် အပြင်ကို ထွက်ထွက်သွားသည်ကိုသာတွေ့ရသည်။ ဆေးရုံသို့မဟုတ် ဆေးခန်းပင် ဖြစ်ပေလိမ့်မည်ဟု တွေးထင်မိသည်။ တဖြေးဖြေးနှင့်ပင် အပြင်ထွက်သည်ကို မတွေ့ရတော့။ ဆရာတော်နေထိုင်ရာ အခန်းတွင် တခါတရံ ငြီးတွားသံ ကြားရသည်။ မနက်တိုင်းတွင် သန့်ရှင်းရေး ၀င်နေကြရသည်ကို မြင်တွေ့ရသည်။ တခါတရံနေကောင်းသည့်အခါများတွင် ဆရာတော်သည် အပြင်ဝရံတာဘက်ထွက်ကာ ထိုင်နေလေ့ရှိသည်။ မိမိကတော့ မြင်တွေ့နေကြဖြစ်သည်။ မိမိတို့အဆောင်ရှိရာဘက်ကို ငေးငေးမောမောနဲ့ လှမ်းကြည့်နေသည်ကိုလည်း တွေ့ရသည်။ တခါတရံတော့ အဝေးကို လှမ်းကြည့်နေသည်ကို တွေ့ရသည်။ ကိုယ်ကတော့ စာကျက်ရင်း ဆရာတော်စိတ်ထားကို မှန်းမှန်းကြည့်မိသည်။ အခုအချိန် ဆရာတော် ဘာတွေများ စိတ်ကူးနေမလဲပေါ့။ တခုခုတော့ ဆရာတော် စိတ်ကူးနေမှာတော့ သေချာသည်။ တရားဓမ္မတွေကို အာရုံပြုနေမလား၊ ဘုရားဂုဏ်တော်တွေကို အာရုံပြုနေမလား သိုမဟုတ် လုပ်ချင်သည့် ကိစ္စ၀ိစ္စများ ဖြစ်ချင်သည့် ကိစ္စ၀ိစ္စများကို စဉ်းစားနေမည်လား။ ဆရာတော်ကို အချိန်ပေးပြီး စကားပြောသည့်သူ များကိုတော့ မမြင်မိပါ။ ထို့အတွက်ကြောင့် အထီးကျန်နေမည်လားလို့ တွေးဖြစ်လိုက်သေးသည်။ အသက်ကြီးရင့်ချိန်မှာ အဖေါ်မရှိသည်ကတော့ သေချာသည်။ ငယ်ရွယ်သည့် ကိုယ်တို့လို အနေအထားတောင် တခါတရံ စကားပြောဖေါ်မရှိပဲ ယောင်တောင်တောင်ဖြစ်နေတတ်သေးသည်။ သို့ပေမယ့် ကိုယ်တို့မှာ စာပေတွေ ဖတ်ရှုနိုင်သည်။ သူငယ်ချင်းတွေဆီ သွားလည်နိုင်သေးသည်။ အသက်ကြီးသူများမှာတော့ ထိုအခွင့်အရေးတို့ မရှိကြပေ။ ဓမ္မ.....ဓမ္မ အားထုတ်ထားနိုင်မှ တော်ကာကျပေလိမ့်မည်။ ငယ်ရွယ်ချိန်တွင် ဓမ္မသည် အဖေါ်မဖြစ်နိုင်လို့ ထင်စရာရှိလည်း အသက်ကြီးရင့်ချိန်တွင်တော့ ဓမ္မသည် ကိုယ့်အဖေါ်စစ် မိတ်ဆွေမှန် ဖြစ်ပေလိမ့်မည်။ တရားသည် အားကိုးရာ ဖြစ်ပေလိမ့်မည်။ ယခုတော့ ၇၇ နှစ်အရွယ် ဆရာတော်သည် ယနေ့တွင်ပင် ပျံတော်မူသွားချေပြီ။ ဘ၀တစ်ခု ခန္ဓာကို ချုပ်သွားပေပြီ။ ဆရာတော် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် သီလများ ပြုကျင့်ခဲ့သည့် ဒါနများ ပွားများခဲ့သည့် တရားဘာဝနာများက နတ်ပြည် လူ့ပြည်များသို့ ရောက်စေမည့် အာရုံကောင်းများ ဖြစ်ပေလိမ့်မည်။ ဆရာတော်သည် နတ်ပြည် သို့မဟုတ် လူ့ပြည်ဆိုသည့် သုဂတိဘုံဘ၀ တစ်ခုခုသို့ ရောက်ပေလိမ့်မည်ဟု ယုံကြည်မိပါသည်။