ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

မျှော်လင့်ထားခြင်းမရှိပဲ အနုရာဓပုရမြို့ဆီကို ခရီးထွက်ခွင့်ကြုံခဲ့ခြင်းသည် ကံကောင်းခြင်း တခုပင်ဖြစ်ပေသည်။ အနုရာဓပူရမှာ အလွန်ရင်းနှီးလှသည့် ဆရာတော် ရောက်နေသည်ကြောင့်လည်း ဖြစ်ပေသည်။ ကိုလံဘိုကားဝင်းကနေ မနက် ၈ နာရီထွက် အမှတ် ၁၅ A/C bus car ကို ရူပီး ၃၅၀ ပေးပြီး စီးနင်းခဲ့သည်။ Kurunegala မြို့ကို မရောက်ခင်ထိ မြို့ပြ အနံ့အသက်တွေက မပျယ်သေးပါ။ Kurunegala ကိုလည်း ကျော်ရော ကိုယ့်ရပ်ဌာနေ အညာမြေကို ခရီးသွားရသည်နှင့် တူပေတော့သည်။ လမ်းတဖက်တချက်တွေမှာ လယ်ကွင်းတွေ တွေ့မြင်လိုက် ကုက္ကိုပင်အုပ်ဆိုင်းဆိုင်းတွေအောက် ဖြတ်သွားလိုက်နှင့်ပေါ့။ ဒီကို ရောက်ကတည်းက မမြင်ရတဲ့ ထန်းပင်တွေ၊ ကန္တာရပင်တွေကိုတောင် တွေ့ရသည်။ ကိုလံဘို ကန္ဒီလမ်းဘက်လို တယ်လီဖုန်းဆိုင်တွေ ဈေးဆိုင်တန်းတွေ ကတော့ တဖြေးဖြေးနဲ့ မမြင်တွေ့ရတော့။ တောင်ကုန်းတောင်တန်းတွေလည်း သိပ်မရှိတော့ပဲ လမ်းက ညီညာဖြောင့်တန်းစွာ ရှိလှသည်။ အနုရာဓပုရမြို့အ၀င်မှာ တောအုပ်ကြားကနေ ကန်ရေပြင်နဲ့ မဟာဝိဟာရ စေတီတော်ကို လှမ်းဖူးမြင်လိုက်တော့ ရင်ထဲမှာ ပီတိဖြာသွားသည်။ တဖြေးဖြေးနဲ့ အနုရာဓပုရမြို့တော်ဆီ ရောက်ခဲ့ပြီး တည်းခိုမည့် မြန်မာကျောင်းဆီ သွားခဲ့သည်။ ကျောင်းနေ ဆရာတော် သံဃာတော်များက စိတ်သဘောထား ကောင်းလှပြီး လိုလေသေးမရှိအောင် ကူညီစောင့်ရှောက်သည်။ ခဏအနားယူ ရေမိုးချိုးပြီး သင်္ဃမိတ္တာထေရီမ စိုက်ပျိုးခဲ့ရာ သီရိမဟာ ဗောဓိပင်ကို သွားရောက် ကန်တော့ခဲ့သည်။ ထို့နောက် မဟာဝိဟာရစေတီတော်ကို ဖူးမျှော်ခဲ့သည်။ ပြီးတော့ ရှေးတုန်းက သံဃာတော်များ သီတင်းသုံးနေထိုင်သွားရာ မဟာဝိဟာရ ကျောင်းတော်ရာများကို လှည့်ပတ်ကြည့်ရှုခဲ့သည်။ ကိုယ့်ကိုကိုယ်လည်း ဒီလိုထင်မိသည်။ အော်.....စာပေထဲမှာပဲ သင်ဖူး စာပေထဲမှာပဲ မြင်ဖူးတဲ့ မဟာဝိဟာရ၀ါသီနံ-တို့ အဘယဂိရိ တို့ လောဟပါသာဏတို့ဆိုတာ အခုတော့ ငါရောက်နေပါပြီလားလို့ ထင်မိသည်။ ပြီးတော့ ကျောင်းပြန်အနားယူလိုက်သည်။ စိတ်အာရုံထဲမှာတော့ အတော်ကို ကြည်နူးမိခဲ့သည်။
သီရိမဟာဗောဓိပင်
မဟာဝိဟာရစေတီတော်ကြီး

(သွားရောက်ခဲ့ရာ မဟာဝိဟာရစေတီ၊ လင်္ကာရာမစေတီတော်၊ အဘယဂိရိ၊ ဇေတ၀နစေတီတော်၊ မဟိန္တလေ၊ Isurumuni၊ ဒမ္ဗုလ၊ စိ-ဂီရိယ၊ ပေါလောနရုဝ အကြောင်းများကို တခုစီ ရေးတင်ပေးပါမည်)။