သီရိမဟာဗောဓိပင်ခေါ် သင်္ဃမိတ္တာဗောဓိပင်ကို ရောက်တဲ့နေ့က ဥပုသ်နေ့လည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားဖူးများဖြင့် စည်ကားနေသည်။ အပြင်ကားလမ်းမကြီးကနေ ဗောဓိပင်ကို ရောက်အောင် ၅ မိနစ်ခန့် လမ်းလျောက်ရသည်။ ထို့နောက်တွင် လုံခြုံရေးများ၏ စစ်ဆေးမှုကို ခံယူကာ ဗောဓိပင် ၀င်းထဲသို့ ၀င်ရသည်။ လမ်းသင့်သည့် အနောက်ဖက်မုခ်ပေါက်ကနေ ၀င်လိုက်သည်။ ပြီးတော့ စိတ်ဆန္ဒတွေက ဗောဓိပင်ဆီကိုသာ တန်းပြီး အာရုံဆွဲဆောင်နေသည်။ သို့ဖြင့် ဗောဓိပင်ရှိရာ ကုန်းမြင့်ထက်သို့ တက်ခဲ့သည်။ ကုန်းမြင့်ထက်တွင် နောက်ထပ် တထပ် ကုန်းမြင့်ရှိသေးသည်။ ထိုအထက်ဆုံး ကုန်းမြင့်တွင်မှ ဗောဓိပင် စိုက်ပျိုးထားသည်ကို တွေ့ရသည်။ ဒုတိယ ကုန်းမြင့် ကိုရောက်ရောက်ချင်း ကျောင်းဆောင် သေးသေးအောက်တွင် လူအများ ရပ်လျက် နေသည်ကို တွေ့ရသည်။ မိမိတို့အလို သူတော်စင်လို့ ခေါ်ရမည့် ပိတ်ဖြူဝတ်လူများက (သို့မဟုတ်) ဂေါပကများက ပရိတ်ကဲ့သို့ ဂါထာမန္တန်များကို ရွတ်ဆိုပေးနေသည်။ ထို့နောက် ချည်မျှင်ကို ဆွဲကျိုးကုန်းလိုဖြစ်အောင် ရစ်ပတ်ကာ ပြုလုပ်ပြီး ဦးခေါင်းတွင် စွပ်ပေးနေသည်ကိုတွေ့ရသည့်။ ထို့နောက် ဒုတိယ ကုန်းမြင့် ပတ်ပတ်လည်ကို လက်ယာရစ်လှည့်ပတ် ပူဇော်မိသည်။ ဘုရားရှင်သည် ဗောဓိညောင်ပင်အောက်တွင် သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင်ခဲ့သည်။ ဘုရားအဖြစ်သို့ ရောက်ခဲ့သည်။ ယခုမိမိဖူးမြင်နေရသည့် ဗောဓိပင်သည် ထိုဘုရားပွင့်တော်မူခဲ့ရာ ဗောဓိပင်မကြီး၏ တောင်ဘက်ကိုင်းဖြစ်သည်။ ထို့ကြောင့် ယခုတောင်ဘက် ကိုင်းကြီးအောက်တွင် ဘုရားရှင် သီတင်းသုံးခဲ့သည်။ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးပြီး သပ္ပါယ်စွာ ထိုင်နေတော်မူမည့် ဘုရားရှင်ကို စိတ်ထဲက အာရုံပြုကြည့်သည်။ မှန်းဆကြည့်မိသည်။ နှုတ်မှလည်း ဂုဏ်တော်ကိုးပါးကို တိုးညှင်းစွာ ရွတ်ဆိုမိသည်။ အဆင်ပြေသည့် တနေရာတွင် ထိုင်ကာ ဦးချခဲ့ရသည်။ အားလုံးသဲခင်းမြေဆိုတော့ ထိုင်ဖို့ရာ သိပ်အဆင်မပြေ ဖြစ်ခဲ့ရသည်။ ဒေသခံလူအများစုကတော့ သဲခင်းမြေပေါ်မှာ ပလပ်စတစ်အပါးဖြစ်စေ သတင်းစာကိုဖြစ်စေ ဖြန့်ခင်းကာ ထိုင်လျက်ဝတ်ပြုကြသည်။ အချို့ကား မတ်တပ်ရပ်လျက် ၀တ်ပြုကြသည်ကို တွေ့ရသည်။ အထက်ထပ်ကို ပတ်ဖူးမြင်ပြီးမှ အောက်ထပ်ကို ပြန်ဆင်းခဲ့သည်။ နှစ်သစ်ကူး အခါဖြစ်သည့် အားလျော်စွာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။ ဗောဓိပင်ကုန်းတော် အနောက်ဘက်ခြမ်းတွင် အလှူခံမဏ္ဍပ်တွင် အလှူငွေ အချို့ကို လှူဒါန်းခဲ့သည်။ ဖြတ်ပိုင်းကိုသာ ဆုတ်ပေးလိုက်သည်။ နာမည်ရေးနေစရာမလိုပေ။ ဖြတ်ပိုင်းတွင် ရူပီး ၁၀၀ ဟုပုံနှိပ်စာလုံးပါပြီး ဖြစ်သည်။ စာတွေကတော့ ဆင်ဟာလ ဘာသာဖြင့် ရေးထားခြင်းဖြင့်သဖြင့် နားမလည်ပါ။ ထိုအနောက်ခြမ်းတွင်ပင် ဗောဓိပင်များ နှင့် တရားဟောရာ ဇရပ်တခုလည်းရှိသည်။ မြောက်ဘက်ခြမ်းကတော့ ဒုတိယထပ်နှင့်ဆပ်လျက် ကျောင်းဆောင်ရှိသဖြင့် အကျယ်အ၀န်း သိပ်မရှိလှပေ။ အရှေ့ဘက်ခြမ်းကတော့ နည်းနည်း ကျယ်ဝန်းသည်။ ဗောဓိပင်များစွာ စိုက်ပျိုးထားသည်ကို တွေ့ရသည်။ လူအစု အဖွဲ့အလိုက် မိသားစုလိုက် သံပြိုင် ဂုဏ်တော်များ ရွတ်ဆိုကြခြင်း၊ ဘုရားဝတ်ပြုကြခြင်းများကို ကြည်နူးစွာ တွေ့မြင်ခဲ့ရသည်။ တောင်ဘက်အခြမ်းသည်လည်း နေရာကျဉ်းသည်။ ထူးခြားသည်မှာ အတက်လှေခါးနှင့် မနီးမဝေးမှာ ကျောက်တုံးတတုံးရှိသည်။ ထိုကျောက်တုံးပေါ်ကို အခွံနွာပြီး အုန်းသီးကို ပစ်ပေါက်ကာ ရိုက်ခွဲလေ့ရှိသည်ကို တွေ့ရသည်။ ပါးစပ်မှလည်း တတွတ်တွတ် ရွတ်ဆိုနေသေးသည်။ ကန်တော့ပွဲလည်း အနားမှာ တဦးက ကိုင်ထားသေးသည်။ တ၀န်းလုံးကို ခြုံကြည့်မိရာ အပေါ်ကုန်းထက်တွင် သီရိမဟာဗောဓိပင် နှင့် ဗောဓိပင်ကြီး တပင်လည်းရှိသည်။ အောက်ထပ် ၀န်းအတွင်းတွင်လည်း ဗောဓိပင်များစွာရှိသဖြင့် ဗောဓိပင်ဝန်းကြီး ဗောဓိပင် အ၀င်းအ၀ိုင်းကြီးဟု ယူဆမိသည်။
အနုရာဓပုရမြို့ကို နေထိုင်ခဲ့သည်မှာ နှစ်ရက်ဖြစ်သည်။ ထို့ကြောင့် ဗောဓိပင်ကို ရောက်ရောက်ခြင်း နေ့ (၃၁ရက်နေ့)ညနေ တကြိမ်နှင့် နောက်ရက် (ဇန်န၀ါရီ၁ရက်)တွင် မနက်တကြိမ် ညတကြိမ် ရောက်ဖြစ်ခဲ့သည်။
မနက်ပိုင်း ရောက်ဖြစ်ခဲ့သည့် အချိန်တွင်မူ ဘုရားရှင်အား ပန်းများအပြင် ဆွမ်းဘောဇဉ်များ ခဲဖွယ်များဖြင့် ဆက်ကပ်လှူဒါန်းကြသည်ကို တွေ့ခဲ့ရသည်။
ညပိုင်းအချိန်ရောက်ခဲ့စဉ်ကတော့ ဆီမီးများစွာကို ၀န်းအပြင်ဖက်တွင် သတ်မှတ်ထားရာနေရာတွင် ပူဇော်ထားသည်ကို တွေ့ရသည်။ ညပိုင်းအချိန်သွားရတော့လည်း စိတ်ထဲမှာ တမျိုး ငြိမ်းချမ်းသလို ခံစားရသည်။ လျက်စစ်မီးများကို လင်းထိန်နေအောင် ထွန်းများပါ။ သို့သော် လျပ်စစ်မီးအရောင်ဖြင့် အားလုံးကို မြင်နိုင်အောင် ကြည်နူးစရာဖြစ်အောင် စီမံထားသည်ကိုလည်း တွေ့ရသည်။ လင်းထိန်တော့လည်းမနေ အမှောင်ဆိုတာလည်း မရှိဟု ဆိုရပေမည်။ ရောက်တိုင်း ဂုဏ်တော်တွေ ပွားဖြစ်သည်။ ကုသိုလ်တွေ တိုးခဲ့သလို စိတ်ထဲမှာလည်း ဗုဒ္ဓဘာသာ ညီအကိုတွေ ကုသိုလ်ပြုနေသည်ကို မြင်ရသဖြင့် ကြည်နူးမိသည်။ ၀မ်းသာမိသည်။ ကျေနပ်မိသည်။ စိတ်ချမ်းမြေ့မိသည်။ ဓာတ်ပုံကို မြင်တွေ့ ဖူးမြင်ရသူများလည်း ကြည်နူးဝမ်းသာမိကြပေလိမ့်မည်ဟု ထင်မြင်မိပါသည်။
ဗောဓိပင်သို့ သွားရာလမ်း
အပြင်တံတိုင်း
အနောက်ဖက်မုခ်ပေါက်ကနေ စ၀င်တော့ ဒီလို ဖူးမြင်ရပါတယ်
အပေါ်ထပ် ဒုတိယအဆင့် ရောက်တော့ ဒီကျောင်းဆောင်ငယ်ကို မြင်တွေ့ရသည်
တဖြေးဖြေးနဲ့ လက်ယာရစ် (နာရီလက်တံလည်ပတ်နည်း)ဖြင့် ဖူးမြင်မိရာ ဗောဓိပင်ကို ဤအတိုင်း ဖူးမြင်ရသည်။ (ဒုတိယထပ် အနောက်ဘက်ခြမ်းမှ ဖူးမြင်ရစဉ်)
ဗောဓိပင်ကို ဒုတိယထပ် တောင်ဘက်ခြမ်းမှ ဖူးမြင်ရစဉ်
ဗောဓိပင်ကို ဒုတိယထပ် တောင်ဘက်ခြမ်းမှ ဖူးမြင်ရစဉ်
ဒုတိယထပ် အရှေ့ဘက်ကျောင်းဆောင် နှင့် မုခ်ဦး
အရှေ့ဖက်ရှိ ကျောင်းဆောင်အတွင်းမှ ဘုရားရှင်
ဗောဓိပင်ကို ဒုတိယထပ် မြောက်ဘက်ခြမ်းမှ ဖူးမြင်ရစဉ်
နံနက်ပိုင်းတွင် ဘုရားရှင်အား ပန်းများ၊ ဆွမ်းဘောဇဉ်များ၊ အုန်းရည်များ (အုန်းသီးနုနုကို ထိပ်ပိုင်းမှ ဖြတ်ကာ ဖေါက်ထားပြီး)ဖြင့် ဆက်ကပ်ထားပုံ
ဘုရားဖူးလာ ပရိသတ်များ (အနောက်ဘက်ခြမ်း)
ဝန်း- အရှေ့ဘက်ခြမ်းတွင် ရှိသည့် ဗောဓိပင်များ
ဗောဓိပင်အား ညရှုခင်းဖြင့် ဖူးမြင်ရစဉ်
ညရှုခင်းနှင့် ဗောဓိပင် (အခမ်းအနားသည် မကြာမီရွေးကောက်ပွဲ ပြန်လည်ယှဉ်ပြိုင်ရမည့် သမ္မတကြီး မဟိန္ဒအတွက် prime minister မှ ကြီးမှုးကျင်းပပေးနေသည့် blassing ပွဲဖြစ်သည်)
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။