ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

မဟာဝိဟာရ စေတီတော်ကိုလည်း ရောက်ရောက်ချင်း ညနေခင်းမှာပဲ သီရိမဟာဗောဓိပင်ကို ဦးချအပြီး ဆက်ဖူးဖြစ်ခဲ့သည်။ သီရိမဟာဗောဓိပင်ကနေ တောင်ဘက်အရပ်ရှိ လမ်းမအတိုင်း ဆက်သွားခဲ့သည်။ ပထမဦးဆုံး မြင်တွေ့ခွင့်ရခဲ့သည်ကတော့ လောဟပါသာဒ ကျောင်းတော်ဟောင်းဖြစ်သည်။ ထို့နောက် ဆက်လျောက်သွားရာ ဘေးဝဲယာတွင်မူ ကျောင်းတော်ဟောင်းနေရာများကို ကျောက်တိုင် ကျောက်ငုတ်များ ကျောက်ပလ္လင်များ ကျောက်လှေခါးထစ်များ အဖြစ်တွေ့မြင်ရသည်။ အချို့နေရာများတွင် အုတ်တံတိုင်းများ ကျန်ရစ်သည်ကိုလည်းတွေ့ရသည်။
မဟာဝိဟာရစေတီတော်ကြီးကိုလည်း သစ်ပင်တွေ ကြားမှာ မြင့်မြင့်မားမားကြီး လှမ်းဖူးမြင်ရသည်။ လျောက်လှမ်းချိန် ငါးမိနစ်ခန့်အကြာတွင် စေတီတော်ကြီးဆီသို့ ရောက်ရှိသည်။ ထုံးသင်္ကန်းဖွေးဖွေးဖြင့် ကြီးမားသည့်စေတီတော်ကြီးကို မြင်လိုက်ရသည်မှာ တခါတည်း ကြည်နူးပြီး အားအင်တွေ ပြည့်သွားသလို ခံစားရသည်။ အ၀င်မုခ်ဦးအနီးတွင် တရားဟော မဏ္ဍပ်တွင် တရားဟောကြားနေသည့် ဆရာတော်များနှင့် တရားနာ ပရိသတ်တို့ကို တွေ့မြင်ရသည်။ ပရိသတ်သည် အဝေးအရပ်မှ လာသည်ဖြစ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့အနီးတွင် ခရီးဆောင် အိတ်ကြီးများကို မြင်တွေ့ရခြင်းကြောင့်ဖြစ်သည်။ ထို့နောက် ဘုရားကုန်းပေါ်သို့ တက်ကာ ဦးချမိသည်။ အရှေ့မုခ်ကျောင်းဆောင်တွင် ပူဇော်ထားသည့် ဆင်းတုတော်သည် မြန်မာပြည်မှ လူကြီးမင်းများ လှူဒါန်းထားသည့်ဆင်းတုတော်ဖြစ်သည်။ ထို့နောက် လက်ယာရစ် လှည့်ပတ်ပြီး ဂုဏ်တော်များကို ရွတ်ဆိုပူဇော်မိသည်။ ဥပုသ်နေ့ဖြစ်ခြင်း နှစ်ကုန်ရက် ဖြစ်ခြင်းတို့ကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။
ဇန်န၀ါရီ (၁) ရက်နေ့ မနက်ပိုင်းရောက်ဖြစ်တော့ ဘုရားကြီးကို သင်္ကန်းအသစ် ဆက်ကပ်နေသည်ကို တွေ့မြင်ရသည်။ အလှူရှင်များက ဆက်ကပ်ပြီး သံဃာတော်များက ဘုရား(Dome) ကို ရစ်ပတ်နေသည်ကို တွေ့ရသည်။ မိမိတို့ရှိစဉ်ကတော့ သင်္ကန်းအရောင် အ၀တ်ပိုင်းကို ဆက်ကပ်နေသည်ကိုတွေ့ရသည်။ ထို့နောက် အတော်ကြာအောင် ဘုရားဝတ်ပြုနေမိသည်။ ၀တ်ပြုအပြီးတွင်တော့ သေသေချာချာ ဘုရားဝန်းကို လှည့်ပတ်ကြည့်မိရာ ပြတိုက်တွင် စာအုပ်နှင့် ဘုရားကြီးမှတ်တမ်း DVD ခွေတို့ကို ၀ယ်လိုက်သည်။ ဈေးကတော့ ၇၅၀ ရူပီး (မြန်မာငွေ ၇၅၀၀) ဖြစ်သည်။ ဈေးကြီးသည်ဟု ဆိုရပေမည်။ အလှူငွေလဲ ထည့်လှူခဲ့သည်။ ညာဘက်အခြမ်းတွင် သာသနာဖျက် ကျေးကုလားမင်း (Elaya)ရုပ်ထု ရုပ်ပုံများရှိပြီး ဘယ်ဘက်အခြမ်းတွင်တော့ သာသနာပြုမင်း ဒုဋ္ဌဂါမဏိ (Duthugamunu) ရုပ်ထုရှိသည်။ ဘုရားပတ်ပတ်လည်တွင် ရှေးဟောင်းအမွေအနှစ်တို့ကို ထိန်းသိမ်းထားသည်ကိုလည်း တွေ့ရသည်။ မျက်မှောက်အခြေအနေ အရပ်ရပ်တို့ကိုတော့ ပုံတော်များကို ကြည့်ခြင်းဖြင့် သိနိုင်လိမ့်မည် ဖြစ်သည်။
အကြည်နူးဆုံး အချိန်ကတော့ ညခင်းရောက်ဖြစ်ခဲ့သည့် အချိန်ဖြစ်သည်။ အေးအေးဆေးဆေး ပရိတ်ရွတ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုခြင်းဖြင့် အချိန်ကုန်စေခဲ့သည်။ မိမိတို့နည်းတူ ဗုဒ္ဓဘာသာဝင်တွေ အားလုံးလည်း ကိုယ့်အစုအလိုက် ကိုယ့်မိသားစုလိုက် ကိုယ့်အဖွဲ့လိုက်ဖြင့် ဘုရားရှိခိုးသံ ကြားနေရသည်မှာ အတော်ကို စိတ်ထဲမှာ ကြည်နူးခဲ့သည်။ သူ့ဘုရားစာ ရွတ်ဆိုသံက ကိုယ့်ကို ကုသိုလ်တွေ ထပ်ဖြစ်စေအောင် အားပေးနေသလို ကိုယ့်ဘုရားရှိခိုးသံကလည်း သူ့ကို အားတက်နေစေသလို ဖြစ်စေနေခဲ့သည်။ တဦးကို တဦးက “ဟေ့ဟေ့ ကုသိုလ်တွေ လုပ်ထားကွ။ နိဗ္ဗာန်ရောက်အောင် ကြိုးစားကွ”လို့ အားပေးနေသလို ဖြစ်စေသည်။ တခါတရံ စိတ်ထဲတွင်တော့ သူတော်ကောင်းတို့ နယ်မြေကို ရောက်နေတယ် ဆိုတာ ဒါမျိုးပါလား လို့ တွေးဖြစ်ခဲ့သည်။ ဒီနေရာလေးမှာ မြင်တွေ့ရတဲ့ မြင်ကွင်းများ၊ ကြားရတဲ့ အသံများ၊ ရှုရှိုက်လိုက်ရတဲ့ ဆီမီးရနံ့ အမွှေးတိုင်ရနံ့များ အာရုံပြုမိတဲ့ စိတ်အစဉ်များတွင် အကုသိုလ်ဖြစ်စရာ တခုမှ မမြင်မိ။ စိတ်နောက်ကျူစရာ တခုမှပင် မဖြစ်မိ။ စိတ်ထဲ ချမ်းမြေ့လိုက်သည်မှာ ယခုလို ပြန်စဉ်းစားလိုက်သည့် အချိန်တိုင်းထိပင် ဖြစ်သည်။ ဓာတ်ပုံများကို ရှုစားပြီး အာရုံပြုခြင်းဖြင့် ကုသိုလ်စိတ်များ ပြန်လည် ပွားများနိုင်ကြပါစေ-