ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

အားလုံးပဲ မင်္ဂလာပါ
“မင်္ဂလာ” ဆိုတာ မင်္ဂလသုတ်အဋ္ဌကထာအလို ပြီးပြည့်စုံခြင်း ကြီးပွားတိုးတက်ခြင်းတို့သို့ ရောက်ခြင်းဟု ဆိုပါသည်။ နှစ်သစ်မှာ အားလုံးပဲ ကြီးပွားတိုးတက်ကြပါစေလို့ ဆုတောင်းလိုက်သည်နှင့် အတူတူပင် ဖြစ်ပေသည်။ ဆုတောင်းဆိုသည်နှင့် စပ်လျဉ်းလို့ သီရိလင်္ကာမြေ၏ ယဉ်ကျေးမှုကို ပြောပြလိုသည်။

ယနေ့ဆိုလျင် နှစ်သစ်သို့ရောက်ရှိနေသည်မှာ ၃ ရက်မြောက်ပင်ဖြစ်သည်။ သို့သော် ညစဉ် ဓမ္မပွဲသဘင်များကတော့ မပြတ်မစဲ နွှဲနေဆဲပင်ဖြစ်သည်။ မိမိနေထိုင်ရာ ကျောင်းတိုက်တွင်တော့ ဒီနေ့ ညနေမှာပဲ အကအခုန်တွေနှင့် နတ်ပွဲလှည့်သည်။ ကလေးလေး နှစ်ယောက်က ဓားကိုင်ထားလျက်လှည့်ပြီး ယခု ညပိုင်းတွင် ထိုကလေး နှစ်ယောက်မှ တရားဟောဆရာတော်ကို ဓမ္မပလ္လင်ဆီသို့ ကြွရောက်ရန် လာပင့်သည်။ အတီးအမှုတ် သမားများကလည်း တတုံတုံနဲ့ပေါ့။ တရားနာမည့် လူစုလူဝေးကြီးနဲ့ဆိုတော့ ပျော်စရာကြီး တခုပေါ့။

ထိုသို့ နှစ်သစ်တရားသဘင်တွေသာမက ကောင်းချီးပေးသည့် ဓမ္မသဘင်များလည်း ကျင်းပနေသည်ကို ယခုချိန်တွင်တွေ့နိုင်ပေသည်။ ဒီနိုင်ငံ ထုံးစံ အရ လူတဦးဦးကို နှုတ်ဆက်သည့်အခါ The triple gem bless to you ဟု နှုတ်ဆက်လေ့ရှိသည်။ ရတနာသုံးဖြာသည် သင့်အား ကောင်းချီးပေးပါစေသတည်းပေါ့။ လာမည့် ၂၆ ရက်နေ့တွင် ရွေးကောက်ပွဲကို ထပ်မံ ယှဉ်ပြိုင်မည့် သမ္မတကြီး မဟိန္ဒအတွက် သမ္မတကြီးမဟိန္ဒထပ်မံအောင်ပွဲဆင်နိုင်ရန်အတွက်လည်း ကောင်းချီးပေးခြင်း (blessing) (သူတို့ထုံးစံ စကားအရပြောခြင်းဖြစ်သည်)များ ပြုလုပ်သည့် ပွဲတော်များကို ကျင်းပနေသည်ကိုလည်း တွေ့နေရပေသည်။ ကန္ဒီမြို့ရှိ စွယ်တော်ကျောင်းတိုက်တွင် သံဃာတော် အပါး ၁၀၀ မှ ပရိတ်ရွတ်ဖတ်ပေးခြင်းများပြုလုပ်ခြင်း၊ သီရိမဟာဗောဓိပင်တွင် ၁ ရက်နေ့က သံဃာတော်များက ပရိတ်ရွတ်ဖတ်ပေးခြင်းများ ပြုလုပ်ပေးခြင်းများ ပြုလုပ်လျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။ သီရိလင်္ကာနိုင်ငံသားတယောက်ကတော့ ဒီလို ငြီးတွားသည် “တခါ election လုပ်တိုင်း ဈေးတွေက တခါတက်ကုန်တယ်။ မနက်ဖြန်စားဖို့အတွက် ဒီနေ့ အလုပ်ကို ကြိုးစားလုပ်နေရတယ်”။ အော် ပညာရေးနဲ့ ကျန်းမာရေးမှာ ဂရုတစိုက်လုပ်ပေးနေတဲ့ ဒီလိုနိုင်ငံမှာတောင် ဒီလို ငြီးတွားနေမှဖြင့် ဂရုတစိုက် လုပ်မပေးတဲ့ နိုင်ငံတွေမှာ “ဒီနေ့လုပ် ဒီနေ့စား ဘ၀ကို ဖြတ်သန်းနေကြရတာ မထူးဆန်းပါဘူးလေ”လို့တော့ ကိုယ့်ဘာသာ တွေးဖြစ်ခဲ့သည်။

စွယ်တော်ကျောင်းတွင် ပြုလုပ်ခဲ့သည့် အခမ်းအနားကျင်းပရာ နေရာကို အပြီးတွင် ဖျက်သိမ်းနေကြစဉ်

သီရိမဟာဗောဓိပင်ဝင်းတွင် ပြုလုပ်နေသည့် အခမ်းအနား
သီရိမဟာဗောဓိပင်ဝင်းတွင် ပြုလုပ်နေသည့် အခမ်းအနား မြင်ကွင်း

အားလုံးသော ဗုဒ္ဓဘာသာဝင်များ နှစ်သစ်မှာ ကြီးပွားတိုးတက်ကြပါစေ၊ လူအချင်းချင်း ရိုင်းပင်း ကူညီနိုင်ကြပါစေ-