ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။







မကြာမီ ၂၀၀၉ ကို နှုတ်ဆက်ပြီး နှစ်သစ် ၂၀၁၀ ကိုကြိုဆိုရတော့မည်ဖြစ်သည်။ ထို့သို့ကြိုဆိုဖို့ရာလည်း ကိုလံဘိုလမ်းများပေါ်တွင် ဗျောက်အိုးများ ရောင်းချနေသည်မှာ ခရစ်စမတ် မတိုင်ခင်ကတည်းကပင်ဖြစ်သည်။ သူတို့တတွေ ဒီဇင်ဘာ ၃၁ ည ၁၂ -နာရီဆို ဖေါက်ကြပေလိမ့်မည်။ ဗျောက်အိုး ခေတ်စားပုံကတော့ မဲရွေးပွဲပြီးလဲ ဗျောက်အိုးဖေါက်သည် အသုဘချလည်း ဗြောက်အိုးဖေါက်သည်။ အခုလည်း နှစ်ဦးညတွင် ဗြောက်အိုး ဖေါက်ကြပေလိမ့်ဦးမည်။ သူတို့ ဗြောက်အိုးဖေါက်ခြင်းကား နယူးရီးယားခေါ် နှစ်သစ်ကူးကို ကြိုဆိုခြင်းပင် ဖြစ်ပေသည်။

ယခုရက်ပိုင်းတွင် ဘုန်းကြီးကျောင်းများရှိရာ လမ်းမများတွင် သာသနာ့အလံတွေက တလူလူဖြစ်နေသည်ကို တွေ့နေရပါတော့သည်။ ထို့အတူ လျပ်စစ်မီးထွန်းညှိရန် ဘုရားစေတီများတွင်လည်း မီးဆိုင်းများ သွယ်တန်းထားသည်ကိုလည်း တွေ့နေရပေပြီ။ နှစ်ကူးအကြိုည နှစ်ကူးည နှစ်ဆန်းညများတွင် တရားဓမ္မများ အလှည့်ကျ ဓမ္မကထိကများက ဟောပြောသည်ကိုလည်း မကြာမီ တွေ့မြင်ရပေတော့မည် ဖြစ်သည်။ ထို့အတူ ရိုးရာနတ်ပူဇော်ပွဲကိုလည်း သုံးညတိုင်တိုင် ကျင်းပမည်ကိုလည်း တွေ့ရပေဦးမည်။

ယခုပြောသည့် နယူးရီးယား ဆိုသည်မှာ ၁၅၈၂ ခုနှစ်က ပုပ်ရဟန်းမင်းကြီး Pope Gregory XIII တီထွင်ခဲ့သည့် Gregorian calendar နည်းအရ နှစ်ကူးခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ထိုနှစ်ကူးအလေ့အထကို အနောက်တိုင်းသူ တိုင်းသား အများစုက ပြုလုပ်ခြင်းဖြစ်ပြီး အဓိကအားဖြင့် ခရစ်ယန်ဘာသာဝင်များ ဖြစ်ပေလိမ့်မည်။ မိမိတို့ မြန်မာနှစ်ကူးကတော့ ဧပရယ်လတွင်ဖြစ်သည်။ ထိုနည်းတူ သီရိလင်္ကာ နှစ်သစ်ကူးသည်လည်း ဧပရယ်လ တွင်ပင်ဖြစ်သည်။ သို့သော် ချမ်းသာသည့် အနောက်နိုင်ငံသူ နိုင်ငံသားများ၏ ဆွဲဆောင်နိုင်မှုကြောင့်ပင် အရှေ့တိုင်းသားတို့လည်း လိုက်လံ ကျင့်သုံးခဲ့ကြတော့သည်။ လူတို့၏ လုပ်ကိုင်ချင်စိတ်ကိုတော့ ယတိပြတ်ပြောင်းလဲပြစ်လို့တော့ မရပေ။ ထို့ကြောင့် ဘာသာရေးသမားများကလည်း အဓိက ဗုဒ္ဓဘာသာရေး သမားများက နှစ်ကူးအထိမ်းအမှတ်အဖြစ် ဗုဒ္ဓဒေသနာတော်နာယူပွဲဆိုပြီး သူများဘာသာဝင်တွေ ပျော်ရွှင်သလို ကိုယ့်ဘာသာရပ်နယ်ပယ်တွင် ပျော်ရွှင်အောင် စိတ်ဝင်စားလာအောင် ပြောင်းလဲယူခဲ့ကြခြင်းဖြစ်ပေသည်။ ထို့သို့ ပြောင်းလဲနိုင်ခြင်းကြောင့်လည်း ကိုယ့်ဘာသာအပေါ် လေးစားမှုဖြစ်နေလိမ့်မည်ဟု မှတ်ထင်မိပါသည်။

ဘူလ
ဘူလ ဆိုသည်ကတော့ ဆင်ဟာလစကားဖြစ်သည်။ မြန်မာလိုကတော့ ကွမ်းရွက်ဖြစ်သည်။ သီရိလင်္ကာတွင် ကွမ်းရွက်သည် တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုဖြစ်သည်။ ဘယ်လိုတန်ဖိုးရှိပါသနည်း။
(၁) မိမိအိမ်ကို သံဃာတော်များ ဆွမ်းစားပင့်လိုက ဆွမ်းဒကာသည် ကျောင်းတိုက်သို့ သွားရသည်။ လက်ထဲတွင် ကွမ်းရွက်ကလေးလိပ်ပြီး ဆရာတော်ကို ပင့်လျှောက်ရသည်။ ဆရာတော်က ဆွမ်းစားလက်ခံလျင် ထိုကွမ်းရွက်ကလေးကို လက်ခံထားလိုက်သည်။
(၂) ၀ါဆိုသင်္ကန်းကပ်ပွဲများတွင် သင်္ကန်းအ၀တ်ပိုင်းများတွင် စံပယ်ပန်းများကို ကွမ်းရွက်များဖြင့် ထုတ်ပြီး ဆရာတော် သံဃာတော်များကို ဆက်ကပ်လှူဒါန်းသည်။
(၃) လူတဦးဦးအပေါ် ဥပမာ-ဆရာသမား၊ မိဘ၊ တို့အပေါ် ပြောဆိုပစ်မှားမိလို့ ၀န်ခံတောင်းပန်လျင် ကွမ်းရွက်ကြားတွင် စံပယ်ပန်းကိုလုံးကာ ဆရာမိဘလက်သို့ အပ်နှံပြီး အပြစ်ကိုဝန်ချတောင်းပန်လေ့ရှိသည်။
(၄) ယခုလို နယူးရီးယား၏ ပထမဆုံးနေ့တွင် မိမိတို့ ကြည်ညိုလေးစားသည့် ဆရာသမား ရဟန်းသံဃာများကို ကွမ်းရွက်ကြား ပန်းကလေးထည့်ကာ ဆရာ့လက်သို့ အပ်နှံပြီး ကန်တော့သည့် ထုံးစံရှိသည်။ ထို့ကြောင့် ကွမ်းရွက်ခေါ် ဘူလသည် တန်ဖိုးရှိသည့် မွန်မြတ်သည်ဟု လက်ခံထားသည့် ပစ္စည်းတခုပင်ဖြစ်ပေသည်။

ဗုဒ္ဓဘာသာတို့ထုံးစံသည် မိမိထက် အသက် သိက္ခာ ဂုဏ်အနေအားဖြင့် ကြီးသူကို ရိုသေလေ့ရှိကြသည်။ ထိုအရာသည် မွန်မြတ်သည့် လုပ်ရပ်တခုဖြစ်သည်။ မင်္ဂလာရှိသည့် လုပ်ရပ်တခုဖြစ်သည်။ ဂါရ၀တရား နိဝါတ တရားတို့သည် မင်္ဂလာတရားများဖြစ်ပေသည်ဟု ဘုရားရှင်က မင်္ဂလသုတ်တွင် ဟောကြားတော်မူခဲ့သည်။ ဂါရ၀ဆိုတာက လေးစားတာ နိဝါတဆိုတာက မိမိက နှိမ်ချနေထိုင်တာဖြစ်သည်။ ထို့ကြောင့်ပင် လူအချင်းချင်းပဲ ဘာမှ ရိုခိုးစရာမလို ဆိုသည့် အယူအဆများသည် ဗုဒ္ဓမြတ်စွာ၏ ဒေသနာများ မဟုတ်ပါ။ အခြားဘာသာမှ အယူအဆများပင် ဖြစ်ပေသည်။ မိမိထက် အသက်သိက္ခာကြီးမားသူကို ရိုသေစွာ နေထိုင်သူတယောက်ကို လူတိုင်းချီးမွမ်းကြပါသည်။ လူကြီးသူမ များက သူတို့အား အရိုအသေပေးခြင်းကို အလွန်တန်ဖိုးထားကြပါသည်။ လူဖြစ်စေ ရဟန်းဖြစ်စေ အသက်ကြီးရင့်သည်အထိ ကိုယ်လိုအပ်ရာ လိုချင်ရာများကို အားထုတ်ကြိုးပမ်းကြပေသည်။ အသက်ကြီးလာသည့်အခါ အရာအားလုံးပြည့်စုံသည့်အချိန်တွင် လူအများ၏ ရိုသေလေးစားမှုကို လိုချင်လာကြလေ့ရှိသည်။ ဥပမာ- မိဘသည် သားသမီးများ၏ ရိုသေလေးစားမှုကို မပြောပေမယ့် လိုချင်ကြသည်သာဖြစ်သည်။ သားသမီးက တစုံတရာ ပြန်လှန်ပြောခဲ့သော် အော်ဟစ်ငေါက်ငန်း ခဲ့သော် မိဘတို့ စိတ်တွင် ရင်ထုမနာဖြစ်ကြရသည်။ စိတ်ဝမ်းနည်းကြရသည်။ ထိုနည်းတူ ရဟန်းလောကတွင်လည်း ဖြစ်သည်။ နည်းနည်းတော့ စောဒက တက်စရာ ရှိကောင်းရှိပါမည်။ မိဘ ဆရာသမားများ မှားနေခဲ့လျင် ခေါင်းငုံ့ခံနေရမှာလားဟု ဖြစ်သည်။ မိဘဆရာသမားများကို ပြောပြနိုင်ပါသည်။ သို့သော် ပြန်လှန်အော်ဟစ် ပြောဆိုခြင်းမျိုးမဟုတ်ပါ။ ---------ကတော့ မှားနေတယ် ထင်တာပဲ။ ---------ကတော့ မှားနေသလား မသိဖူးဆိုသည့် စကားမျိုး သုံးပြီး ပြေလည်စွာ ပြောပြသင့်ပေသည်။ မိမိက အမှားကို တွေ့လျင် မှားနေကြောင်း သွားမပြောသင့်ပေ။ (သွားပြောပြလျင်လည်း လက်ခံသည့် အထက်လူက ခပ်ရှားရှားဖြစ်လိမ့်မည်) မိမိက မှားနေသည်ဟု သံသယရှိနေသလိုမျိုး။ မိမိက မသိလို့ မေးမိသည့် အဖြစ်မျိုး အဖြစ်အနေနဲ့ ပြောပြခြင်းဖြင့် ပြေလည်သွားနိုင်ပါသည်။

ဗုဒ္ဓဘာသာဝင်တို့သည် စိတ်သဘောထား ကောင်းကြပါသည်။ မိမိတို့ လုပ်ရပ်တိုင်းသည် တရားတော်နဲ့ ညီညွှတ်သဖြင့် မွန်မြတ်ပါသည်။ ထို့ကြောင့် မိမိတို့ ဘာသာ မိမိတို့အနေအထားသည် သိမ်ငယ်စရာ မရှိပါ။ ၀မ်းနည်းစရာလည်း မလိုပါ။ ထို့အတူ မာန်မာနတက်စရာလည်း မလိုပါဟု ထင်မြင်ယူဆမိပါသည်။

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ-

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)