ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

ကိုဇော် ဆိုတာက ကိုယ့်ညီလေးတယောက်လို ခင်တဲ့ ကောင်လေးနာမည်ပါ။ ကိုယ်နဲ့ ပတ်သက်ရာ ပက်သတ်ခဲ့ကြောင်းလေးတွေ တွေးမိတော့ ကိုဇော်ရယ် ဇော်ဇော်ရယ် နှစ်ယောက်လုံးကို အမှတ်ရမိသည်။ အခုနေတော့ သူတို့ ဘယ်လိုနေမယ် မတွေးတတ်တော့။ တွေးလို့လည်း မရတော့။ သူတို့နဲ့မှ အဆက်အသွယ် မရှိတော့ပဲကိုး။

ကိုဇော်ဆိုသူ ကောင်လေးက တောကနေပြီး ပဲခူးဒီဂရီကောလိပ်ကို တက်ဖို့လာခဲ့သူဖြစ်သည်။ ကျောင်းတက်စဉ် ကျောင်းမှာ ခဏနေထိုင်ရင်း ရင်းနှီးသွားခြင်းဖြစ်သည်။ ကျောင်းမှာတော့ ကျောင်းသားတွေ ၁၄-၅ ယောက်ရှိပြီး ၇တန်း ၈-တန်းကနေ ကောလိပ် ကျောင်းသားတွေထိရှိကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေထိုင်ကြခြင်းဖြစ်သည်။ ထားတော့။ ကိုဇော် ပထမနှစ်မှာ ရိုးသားသည်။ တောသားဆိုတော့ ရိုးလွန်းလို့ အတယ်လို့တောင် ဆိုရမလားပဲ။ ဒုတိယနှစ်ရောက်တော့ လူရေလည်စပြုလာပါပြီ။ သူ့ကိုယ်သူ အတယ်လို့ ထင်လို့ လည်အောင်လုပ်ရင်းကနေ လမ်းကြောင်း ပြောင်းသွားတာပေါ့။ ဒီလူနဲ့ သူငယ်ချင်းရှာဖွေလိုက်တာ ကောင်းသူထက် မကောင်းသူနဲ့ တိုးခဲ့တော့ အရက်သေစာ သောက်စား တတ်လာပါရော။ အရက်ဆိုလို သူက ဘီယာပဲ မော့တာပါတဲ့။ တဖြေးဖြေးနဲ့ သူတို့အဆိုအရ ပုလင်းပြားတွေ ဒေါင့်တွေ ဖြစ်လာရော။ ကိုဇော် အဲဒီနှစ်မှာ စာမေးပွဲ ကျရော။ ဒုတိယနှစ်ကို ဒုတိယနှစ်ပြန်တက်တော့ ကိုယ့်ကို သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေက ပြောပါဦး ဆုံးမပါဦးနဲ့ တိုင်ပါလေရော။ ဒီတော့ သူ့ကို ရင်းနှီးအောင် ပေါင်းရတယ်။ ကိုယ်သွားလေရာကို လိုက်ပို့အောင် အကူအညီတောင်းသလိုလိုနဲ့ ရင်းနှီးအောင်လုပ်ရသည်။ တချို့ကိစ္စလေးတွေ ခိုင်းရတယ်။ ရင်းနှီးတော့မှပဲ သူ့ကို ချိုသာစွာ ပြောပြရတော့သည်။

သူကတော့ ပြောပါတယ်။ အမြည်းပဲ စားတာပါတဲ့။ အေးကွာ.... မင့်အမြည်းပဲစားစား အရက်ပဲ သောက်သောက် ငါကတားမြစ်နေတာ မဟုတ်ပါဘူး။ မင့်ဘ၀ကို မင့်ပိုင်ပါတယ်။ ဒါပေမယ့် လျော့ကွာ။ ဥပမာကွာ မင့် တပတ်ကို နှစ်ခါပဲ သွားပေါ့ကွာ...။ ကိုဇော်ကတော့ ဟုတ်ကဲ့ တင်ပါ့ ပါပဲ။

ကိုဇော် မင့်ကို တကယ်ခင်လို့ ကိုယ်ညီအရင်းတယောက်လို စေတနာထားလို့ ပြောတာပါကွာ။ မင့်အကြောင်းတွေ မင့်ဘယ်လိုပဲ ဖုန်းကွယ်ဖုန်းကွယ် ငါတော့ ကြားနေရတာပါပဲ။ မင့်ကွာ လျော့ပါကွာ။ မင့်ကတော့ သူငယ်ချင်းတွေက တိုက်လို့ သောက်တာလို့ ဆိုမယ်ကွာ။ မင့်သူငယ်ချင်းတွေက မင့်အပေါ် ဘယ်လောက်စေတနာကောင်းလဲ သိအောင် ငွေချေးကြည့်ပါ။ များများစားစားလေး ချေးကြည့်ကွာ....။
ကိုဇော် လုပ်ကြည့်သလားတော့ မသိပါ။ တဖြေးဖြေး ကျောင်းမှာ ကပ်နေတာ တွေ့ရသည်။

ကိုဇော် တကယ်တော့ အရက်ဆိုတာက မသောက်သင့်ဖူးကွ။ ဆိုပါတော့ကွာ။ အရက်သောက်ရင် မင့်ဘာအကျိုးကျေးဇူးတွေရလဲကွာ။ မင့်မူးတာပဲ အဖတ်တင်တာပေါ့။ မင့်အခု ကျက်နေတဲ့ စာတွေ တိုးရသွားသလား။ ငါတော့ မထင်ဖူးကွာ။ အရက်သောက်တဲ့လူဟာ ကောင်းတဲ့ဟာကို လုပ်ရဲတာထက် မကောင်းတာကိုပဲ လုပ်ရဲတယ်ထင်တယ်ကွ။ ဒီတော့ကွာ အရက်ဆိုတာ သူရဲဘောကြောင်သူတွေ သောက်တဲ့ လုပ်ငန်းလို့ ငါတော့ ယူဆတယ်။ ကိုဇော်ကတော့ ဘာမှ ပြန်မပြောပါ။ သူက လူ- ကိုယ်ကဘုန်းကြီး ဖြစ်နေလို့ပဲ ဖြစ်ပါလိမ့်မည်။

ကိုဇော် တခါတလေ ငါတော့ စဉ်းစားမိသကွ။ မင့်တော့ မပြောတတ်ဖူး။ လူမိုက်လုပ်ရတာ လွယ်တယ်ကွ။ လူကောင်းလုပ်ရတာက ခက်တာ။ ဒီတော့ကွာ လူကောင်းတယောက်ကနေ လူမိုက်တယောက်ဖြစ်ဖို့ လွယ်သလောက် လူမိုက်တယောက်ကနေ လူကောင်းတယောက်ဖြစ်ဖို့ မလွယ်ဖူးကွ။ မင့်က လူကောင်းလေးပါကွာ။ လူမိုက်မလုပ်ချင်ပါနဲ့။ ကိုဇော်ကတော့ ထုံးစံ အတိုင်း အင်း အင်းပါပဲ။

ကိုဇော် ဒုတိယ နှစ်အောင်ပါသည်။ တတိယနှစ်ရောက်တော့လည်း တခါကျ တခါအောင်ပါပဲ။ စတုတ္ထနှစ်မှာ စတုတ္ထနှစ်ရောက်မှပဲ အောင်မြင်သွားပါသည်။ ကိုဇော်သည် ရိုးသားသည့် လူငယ်လေး တယောက်ဖြစ်သည်။ ပြောစကားကို နားထောင်သည်။ နားမ၀င်ဟုတော့ ပြောရပါလိမ့်မည်။ ပတ်ဝန်းကျင်ဆိုတာ ကင်းစွာနေနိုင်ခဲပါသည်။ ပတ်ဝန်းကျင် မကောင်းဟု မြင်မိလျင် ရှောင်ကြဉ်ဖို့ရာ ၀န်မလေးသင့်ပါပေ။

ဇော်ဇော်
ဇော်ဇော်ဆိုတာကတော့ ဟိုးငယ်ငယ်တုန်းက တန်းကျောင်းနေဖက် ကျောင်းသွားဖေါ် ကျောင်းသွားဖက် သူငယ်ချင်း တယောက်ပါပဲ။ ၂၀၀၅ ခုနှစ်လောက်က သူအိမ်ထောင်ကျသည်။ အိမ်ထောင်ကျပြီးချိန် မိမိလည်း ရွာပြန်ချိန်နဲ့ တိုက်ဆိုင်ခဲ့သည်။ ဇော်ဇော်နဲ့ စကားပြောတော့ ဇော်ဇော်က မကြာခဏ ကန်တော့နော် ကန်တော့ လို့ ပြောသည်။ သူသည် အရက်ကို နင်းကန်သောက်ထားလို့ ဖြစ်သည်။ အကြောင်းရင်းမေးကြည့်တော့ သူမကြိုက်တဲ့ မိန်းမကို ယူမိလို့တဲ့လေ။ ဟောဗျာ... မင်းကြိုက်လို့ မင်္ဂလာဆောင် ယူထားတာမဟုတ်လား။ ဟုတ်ဖူး။ ကောင်မလေး ဗိုက်ကြီးလို့ ယူလိုက်ရတာတဲ့။ ဟ.. မင့် စောစောက သိရင် ပြောပါ့လားဟ။ ဘယ့်နှယ့် လှည်းကြိုးထမ်းရတယ်လို့ကွာ...။ အဲလိုလည်း မဟုတ်သေးဘူး။ ဗိုက်ကြီးတာ သူ့ကြောင့်လို့ ပြောပြန်ပါရော။ မင့်နှယ်ကွာ ခက်ပါ့လား။ ကိုယ့်ကြောင့်ဗိုက်ကြီးလို့ ကိုယ်ယူရတာများကွာ။ အင်း...ကိုယ်ကတာ တွန်းပြောနေမိသည်။ သူ့သူငယ်ချင်းတွေဆီက နောင်မှာ တဆင့်ကြားမိသည်က ဇော်ဇော် အဲဒီကောင်မလေးကို ရည်းစားစကားလိုက်ပြောချင်လို့ ရဲဆေးတင်ရင်း အရက်သောက်ဖြစ်တာတဲ့။ သူတို့ သမီးရည်းစားဖြစ်တော့လည်း အရက်မူးပြီး ဒီလို ကျူးလွန်မိတာတဲ့လေ။ အော်.. အခုတော့လည်း သူမကြိုက်ပဲ ယူလိုက်ရလို့ အရက်ဆက်သောက်နေသည်တဲ့လေ။။။ အင်း.... ကိုယ်အရက်သောက်ချင်တိုင်း တမင် အကြောင်းရှာနေသလား....။ အရက်သောက်ဖြစ်လို့လည်း အကျိုးဆက်တွေ ဖြစ်ကုန်သည်လားဆိုသည်ကတော့ ဇော်ဇော်သာလျင် အသိဆုံး ဖြစ်ပေလိမ့်မည်။

အရက်ဆိုတာကြီးက မကောင်းပါဘူး... ရှောင်ကြဉ်နိုင်သလောက် ရှောင်ကြပါလေလို့ပဲ တိုက်တွန်းပါရစေ....

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)