သာသနာပြုလိုသူများကို “စိတ်ရှည်- ဇွဲသန်- သညီးခံ (သင်းညီးခံ)- ပြုရန် သာသနာ” လို့ ဆရာတော်များက ဆုံးမတော်မူခဲ့ကြသည်။ မှန်ပေသည်။ သာသနာပြုလုပ်ငန်း တခုခုကို ပြုလုပ်သူ ပြုလုပ်လိုစိတ်ရှိသူများ အထက်ပါ သုံးချက်ကို မလွဲမသွေ ကျင့်သုံးနိုင်မှ အောင်မြင်ပါလိမ့်မည်။ တခုခုကို ပြုလုပ်လိုသူတိုင်းတွင် အခက်အခဲများ တွေ့ကြုံရမည်ပင်ဖြစ်သည်။ အလုပ်ပေါင်းများစွာသည် လုပ်ငန်းနှင့် အကျိုးကျေးဇူးဟု ရှိပါသည်။ လုပ်ငန်းလုပ်ဆောင်လျင် ထို၏ အသီးအပွင့်ပဲ ဆိုဆို အကျိုးရလာဒ်လို့ပဲ ခေါ်ခေါ် တုန့်ပြန်မှု ကောင်း-ဆိုး တခုခုတော့ ရစမြဲပင်ဖြစ်သည်။ ထိုတွင် သာသနာပြု လုပ်ငန်းလုပ်ဆောင်လျင် ရရှိမည့် အကျိုးကျေးဇူးကား ကောင်းကျိုးအနေဖြင့် ပီတိဖြစ်ပြီး မကောင်းကျိုးကတော့ အမျိုးမျိုးပင်ဖြစ်ပေလိမ့်မည်။ ထိုသည်ကား ပြီးမှ ဖြစ်ပေါ်လာသည့် အရာဖြစ်သည်။ လူအတော်များများ စိတ်ထဲတွင် သူတပါးကို ကူညီလိုမှု ရိုင်းပင်းလိုမှု ရှိခဲ့ကြလည်း တုန့်ပြန်လာသည့် အကျိုးရလာဒ်အပေါ် စိတ်ပျက်ကာ တလွဲဖြစ်ကုန်ကြသည်လည်း ရှိသည်။ ထိုအထဲတွင် ကျွန်ုပ်လည်း အပါအ၀င်ဖြစ်သည်။ ထိုသို့ မဖြစ်ချင်လျင် အထက်ပါ စိတ်ရှည် ဇွဲသန် သည်းခံ ကို ကျင့်သုံးရလိမ့်မည်ဟု ထင်မြင်ယူဆမိသည်။
၁- ဦးဇင်း... ရွာက လူတွေရဲ့ အကျင့်စရိုက် ပြောင်းလဲနိုင်မယ်လို့ ထင်လို့လား....
၂- ဘာဖြစ်ဖြစ်ဗျာ.. လုပ်တော့ ကြည့်ချင်တယ်။ ရွာမှာ အခုမှ တက်စလူငယ်လေးတွေရှိတယ်။ ဒီကလေးတွေ တိုးတက်ဖို့ထက်၊ မပျက်စီးတာကို ဖြစ်စေချင်တာ။ ဆိုပါတော့ဗျာ... အခုဆိုရင် ရွာကသေးသေး အရက်ဆိုင်က သုံးဆိုင်။ ညနေဘက်ရောက်လို့ အရက်မသောက်ရင် လူညံ့တယောက်ကို ဖြစ်လို့... ကျုပ်အထင် မှားချင်မှားနေမယ်... ဒီကလေးတွေ အရက်သောက်လာတာ သူတို့အတွက် နားခိုရာ တခုခု မရှိလို့ထင်တယ်.. ကျုပ်က အခုလို စာအုပ် စာတမ်းလေးတွေ တတ်နိုင်သလောက် စုဆောင်းပို့မယ် ဆိုရင် သူတို့ စိတ်တွေ ပျင်းတဲ့ အခါ စာဖတ်နေမယ်... စာဖတ်ဖြစ်ခဲ့မယ် ဆိုရင် အသိညာဏ် မတိုးတက်ဦးတော့ အရက်ဆိုင်တော့ သွားဖြစ်မယ် မထင်ဖူးဗျာ.... တကယ်လို့ အသိညာဏ်တိုးတက်လာခဲ့ရင် သူကနေမှ တဆင့် သူတပါးကို အရက် မသောက်ဖို့ တိုက်တွန်းနိုင်မယ် ထင်တာပဲ...
၁- တင်ပါ့။ အရက်ကတော့ ရွာမှာ နာမည်ကို ကျော်နေတာပဲ... တပည့်တော်တို့ ရွာမှာ မအို မနာဆေးပေါ်နေပြီလို့တောင် ပြောနေကြတယ်..
၂- ဘယ်လို ဘယ်လို... မအို - မနာဆေး
၁- ဟုတ်တယ်လေ.... အရက်ချက်တဲ့လူက ဘာစံချိန် စံညွှန်းမှ မရှိဖူး.... သူထည့်ချက်ချင်ရာ ထည့်ချက်တာ.... သောက်တဲ့လူကလည်း ဘာအတိုင်းအတာမှ မရှိဖူး.....သောက်ချင်သလို သောက်ချင်တဲ့အချိန် သောက်နေ တာ... ဒီတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကုန်ရော.... ငယ်ငယ်နဲ့သေတော့ အိုစရာ မလိုတော့ဘူး.... နာစရာ မလိုတော့ဖူးပေါ့... အဲဒါကြောင့် အရက်ကို မအို- မနာဆေးလို့ ခေါ်တာ
၂- အော်... စကားတတ်တိုင်း အဓိပ္ပါယ်ဖွင့်လို့က ဖွင့်ပေါ့ဗျာ... ကျုပ်ကတော့ အဲဒါက အရက်သမား အဓိပ္ပါယ်ဖွင့်တာပဲ ဖြစ်ရမယ်... အဲလိုတော့ မဖွင့်စေချင်ဘူးဗျာ.... အသက်တိုဆေးလို့ပဲ ဖွင့်စေချင်တယ်.... ဘယ့်နှယ် မအို မနာဆေးဆိုတော့ ကြော်ငြာကောင်းပြီး လူတိုင်း လိုက်သောက်ချင်စိတ် ပေါက်ကုန်လိမ့်မယ်....
၁- ကဲ ဗျာ... ကျုပ်ကတော့ ကျုပ်လုပ်နိုင်သလောက် လုပ်ကြည့်ချင်တယ်
၂- သဘောပါပဲ ကိုယ်တော်....
ဒါက ကိုယ့်ရည်ရွယ်ချက်ကလေးကို တဦးတယောက်နဲ့ ပြောဖြစ်ခဲ့ခြင်းဖြစ်သည်။ အဲဒီ တဦးတယောက်ဆို သည်ကလည်း ရွာခံဖြစ်သည်။ ကိုယ့်ရွာသားဖြစ်သည်။ သူကတော့ ရွာ့အကြောင်း အသိဆုံးဖြစ်ပေလိမ့်မည်။ သူ့ကို ထုတ်မပြောဖြစ်ခဲ့သည့် မိမိရင်တွင်းက ဆန္ဒတချို့ မိမိမှာ ရှိသည်။ ထိုအရာသည် စကားလုံး ထုတ်သုံးလျင် ကြီးကျယ်လွန်းသွားမည်။ ထိုအရာကား သာသနာပြုခြင်းပင် ဖြစ်သည်။ သာသနာပြု စကားလုံး အဓိပ္ပါယ်ကို များစွာ ဖွင့်ဆိုကြသည်။ ထားတော့....။ ကိုယ့်အကြံက ရွာမှာ ဘုရားတရားနဲ့ စပ်ဆိုင်တဲ့ စာအုပ်တွေ ထားပေးမည်။ သူတို့ အသိညာဏ် သူတို့ စရိုက်နဲ့ ကိုက်ညီရာကို ဖတ်ကြပေလိမ့်မည်။ ကိုယ်တိုင်ဟော ပြောနေလျင် ဘုန်းကြီးတွေ့ရင် တရားဟောမည် တရားစကားပဲ ပြောမည်ထင်ပြီး ထွက်ပြေးကြ ရှောင်နေကြသည်က များသည်။ ထို့ကြောင့် ဘုန်းကြီးနဲ့ တွေ့စရာမလိုပဲ စာအုပ်ထဲက ဓမ္မတွေကို သူတို့ကြိုက်သလို ဖတ်ကြ- အသိညာဏ်ရတော့လည်း ပြင်ဆင်ကြ။ ကိုယ့်သာသနာ ကိုယ်တွင်းသာသနာကို ကာကွယ်စောင့်ရှောက်တတ်ကြလိမ့်မည်။ အခြား တက်ကျမ်းစာအုပ်များလည်း ထားပေးမည်။ သူတို့ဘာသာ စွန့်စားခန်းဖွင့်လို့ လယ်ထွန်နွားကျောင်းဘ၀ကို တော်လှန်သွားလျင်လည်း သူ့ကံနဲ့သူပဲ။ တသက်လုံး နွားနဲ့ ဖက်ရုံးနေပြီး မြေပေါ်မှာ မွေး မြေပေါ်မှာ ကြီးပြီး ဆိုင်ကယ်တွေ့တိုင်း မမြင်ဖူးလို့ ပြေးကြည့်တဲ့အနေအထားကနေ ဆိုင်ကယ်ကို ကိုယ်တိုင်ခွနိုင်အောင် ကြံဆောင်ကြလျင်လည်း သူ့ကံနဲ့ သူပဲ။ လူတိုင်း တရက် ၂၄- နာရီပဲ ပိုင်ဆိုင်ကြသည်။ အလုပ်လုပ်ကြသည်လည်း နေ့တိုင်းပင်။ ကြီးပွားမှုချင်းကြတော့ မတူကြ။ အလုပ်လုပ်တိုင်း ချမ်းသာကြလျင် နွားတွေ ချမ်းသာရောပေါ့ ဟု ပြောကြရတော့မည်။ အမှန်က အသိဉာဏ်သုံးပြီး အလုပ်လုပ်ကြသူတွေသာ ၂၁ ရာစုမှာ ချမ်းသာကုန်ကြတာ ဘာညာ သာရကာဖြင့် ပြောလျင်လည်း ဆရာလုပ်ရာ ရောက်နေမည်။ စာအုပ်များက သူတို့ကို သွန်သင်ပေးလိမ့်မည်- စသဖြင့် ကိုယ့်အတွေးတွေ အဆက်ပါသည်။ ထို့ကြောင့် လုပ်ချင်စိတ်ပေါက်နေခြင်းဖြစ်သည်။
ဒီလိုနဲ့ ၃၁လမ်း ၃၂-လမ်းတို့တွင် မိမိခြေရာတွေ တခုပေါ် တခုထပ်လောက်အောင် ရောက်ခဲ့သည်။ အဲဒီမှာ စောဦးစာပေ တို့ ကျော်သိန်းစာပေတို့မှာ တိုက်ကြတွေက တပုံတပင်။ ထိုထဲတွင်မှ ကိုယ်လိုချင်တာက ဗုဒ္ဓဓမ္မစာပေများ၊ ၃၈ ဖြာမင်္ဂလာ ကာတွန်းများ၊ ၅-ပါးသီလကာတွန်းများ၊ ဇာတ်တော်လာ ကာတွန်းများဖြစ်သည်။ စုဆောင်းရသည်။ ပြီးတော့ မဂ္ဂဇင်းအဟောင်းတန်းမှာ အကောင်းများကို ရွေးရသည်။ ၀တ္ထုစာအုပ်ကလေး များလည်း ထည့်ရသည်။ ပြီးတော့ ရန်ကုန်ကနေ ကိုယ့်နေရပ်ကိုသယ်။ အဖုံးချုပ်။ ဆိုင်ကိုတော့ မအပ်ရဲ။ ချုပ်ကတင်က စာအုပ်ဖိုး နီးပါးရှိသည်။ ပြီးတော့ ပီနံအိတ်ထဲ စုထည့် စုဆောင်း။ ဒီလိုမျိုး အထပ်ထပ် အခါခါလုပ်ခဲ့ရသလို စာအုပ်ပေါ်မှာလည်း ဆရာဇော်ဂျီ၏ ငါသေသွားသော်ကဗျာကိုလည်း ရိုက်ကပ်ရသည်။ ပြီးတော့ ဆရာကံချွန်ပြောခဲ့သည့် “၀တ္ထုသည် ၀တ္ထုသာလျင်ဖြစ်သည်။ အပြင်လောက၏ အဖြစ်အပျက်များ မဟုတ်” ဆိုသည်ကိုလည်း ရေးရသည်။ တော်ကြာ အဟုတ်ထင်ပြီး အတုခိုးမှားကုန်လျင် ဒုက္ခ။
ရွာကို ပို့တော့ ကိုယ့်မှာ စာကြည့်တိုက် ကိုယ်ပိုင်မရှိ။ ကိုယ့်ကို ကူမည့်သူမရှိ။ သို့ဖြင့် ရွာဦးကျောင်းတွင်သာ ဆရာတော်ကို အပ်လိုက်ရတော့သည်။ ဆရာတော်က ဒီအတိုင်းတော့ မထားပါနဲ့။ ဘီရိုလေး တလုံးနဲ့ သီးသန့်ထည့်ပါ မိန့်သည်။ ဒီတော့ ကြောင်အိမ်ဗီဒိုပဲ ၀ယ်ထည့်လိုက်သည်။ သူက ဈေးသက်သာသည်။ သို့ဖြင့် ယိုင်နဲ့နဲ့ စာကြည့်စင်လေး ဖြစ်သွားသည်ပင်ဆိုပါတော့။ ပရိသတ်ကတော့ အားပေးသည်။ အားပေးလွန်းသဖြင့် ဆရာတော်၏ အောက်ပါအသံများကိုပင် ကြားရတော့သည်။
၁- မင့်ဥစ္စာကကွာ လူအတော်ရှုပ်တယ်ကွ...
၂- ဘုန်းကြီးရာ ဒီလိုပါပဲ... ကျောင်းမှာ ကလေးတွေ ၀င်ထွက်နေတော့.... ဘုန်းကြီးလည်း ၀ယ်ခြမ်းချင်စရာလေး ဘာလေးရှိရင် သူတို့ကို ခိုင်းလို့ရတာပေါ့...
၁- မင့်စာအုပ်တွေကကွာ ပြန်မအပ်ကြဖူးကွ။ မင့်သိတဲ့အတိုင်းပဲ တို့ရွာမှာ ကျောင်းဂိုဏ်းကွဲကရှိတော့ ဟိုဘက် ဂိုဏ်းကလူတွေက ကျောင်းကို မလာကြဖူးကွ။ တို့ဂိုဏ်းက လူတွေက စာအုပ်ငှါးပြီးရင် သူတို့က ထပ်ငှါးဖတ်ရော
၂- ဘုန်းကြီးရာ မအပ်လည်း ပြဿနာမရှိပါဘူး။ တပည့်တော် ထပ်ပို့ပါ့မယ်...။ တပည့်တော် ဆန္ဒက လူတွေ စာဖတ်တယ်ဆိုရင် ကျေနပ်တယ်ဘုရား
၁- မင့်စာအုပ်တွေက စုတ်ကုန်ပြီဟေ့။ ငါက အဲဒါကို မကြိုက်တာ။ စာအုပ်ကို ရိုရိုသေသေမကိုင်ရင် အလွန်မုန်းတာ။ စာအုပ်တွေက တန်ကြေးရှိတယ်ကွ။ ညစ်ပတ်ပေတူးနေတာပဲ
၂- ဘုန်းကြီးရာ သူတို့က တောသူတောင်သားတွေပဲဘုရား။ ဒီလောက်တော့ ရှိမှာပေါ့။ ဒါပြဿနာမဟုတ်ပါဘူး။ စာအုပ်ထက် စာအုပ်ထဲက အသိဉာဏ်က ပိုတန်ဖိုးရှိပါတယ်။
၁- ငါ စိတ်ပျက်လာပြီကွာ။
၂- ဘာဖြစ်လို့လဲဘုရား
၁- အေး ဟိုကျောင်းဂိုဏ်းက ကလေးပေါ့။ ငါ့ရှေ့လာပြီး တင်ပလ္လင်ချိတ် ဒူးနဲ့ပြီး စာအုပ်လာဖတ်နေတာကွ
၂- ဟောဗျာ... ဘုန်းကြီးကလည်း ကလေးပဲ... ကောင်လေး ဟိုဘက်သွားဖတ် ဘာညာနဲ့ ပြောလိုက်ရင် ပြီးရောပေါ့။ သူများ ကျောင်းဂိုဏ်းက ကိုယ့်ဘက်လာ စာဖတ်တော့ ကိုယ့်ကျောင်းဂိုဏ်းဝင် ဖြစ်တာပေါ့။ မကောင်းဖူးလား။
၁- အေးကွာ။ ဟိုတနေ့က စာအုပ်လာမအပ်ကြတာနဲ့ ကလေးတွေ စာအုပ်တအိမ်တက်ဆင်း လိုက်စုရတယ်။ ဒီလူတွေနဲ့ စာအုပ်နဲ့ကို မတန်ဖူးကွ
၂- အဲလောက်တော့ ရှိမှာပေါ့ဘုရား။ သူတို့လည်း တောသူတောင်သားတွေဆိုတော့ ....
၁- အေးကွ။ ------ ဒကာမကြီးက ပြောတယ်တဲ့ကွ။ စာအုပ်တွေ ရောက်လာမှ ကလေးတွေ စာအုပ်နဲ့ အချိန်ကုန်နေတယ်။ အလုပ်မလုပ်ကြဖူးတဲ့ကွ။
၂- ယုံမနေနဲ့ ဘုန်းကြီး။ သူတို့လား ကလေးကို အလုပ်မခိုင်းပဲနေကြမှာ။ ကိုယ့်ရပ်ဓလေ့ကိုက လေးတန်းအောင်ရင် သေစာရှင်စာ ရေးတတ်ဖတ်တတ်ပြီဆိုပြီး ကျောင်းထုတ်နေကြဥစ္စာ။
အထက်ပါ စကားလုံးများသည် problem များ ဖြစ်နေခြင်းကို ကိုယ်က သဘောမပေါက်ပါ။ အော်... ကိုယ်က စာအုပ်ဝယ်သည် စုသည် ပို့သည်။ ကိုယ်ဖြစ်ချင်တာက စာဖတ်ဖို့။ စာဖတ်သူရှိဖို့ ဖြစ်သည်။ ခုလည်း စာဖတ်နေကြသည်ပဲ။ ခုဆို ကလေးတွေကို ဟိုဇာတ်တော်ကြောင်း သွားမပြောနဲ့ သိပြီးသား ဖတ်ပြီးသားဖြစ်နေသည်။ ဟိုတရား သွားမဟောလေနဲ့ သိပြီးသားဖြစ်နေသည်။ ဒါက ကိုယ့်ပီတီဖြစ်မှု ကိုယ်တွေးမိသည့် အတွေးဖြစ်သည်။ လက်ရှိရင်ဆိုင်နေရသည်က ကျောင်းထိုင် ဆရာတော် ဖြစ်သည်။ သူသည်လည်း သူ့ဆန္ဒနဲ့သူ ရှိနေပါလိမ့်မည်။ ဒီလိုနဲ့ ကျုန်ုပ်၏ စာကြည့်တိုက်ပဲ ဆိုဆို စာအုပ်စင်ပဲ ပြောပြော အုပ်ရေ ၁၀၀၀ ခန့်သာ ရှိသည့် ပညာဒါနကလေး သာသနာပြုလုပ်ရပ်ကလေးသည် အဆုံးသတ်ဖို့ တနေ့ ရောက်လာခဲ့ပါတော့သည်။
၁- မင့်စာအုပ်တွေ စိတ်ပျက်စရာပါကွာ။ အိပ်ချိန်မနေရ ဘာမနေရနဲ့။
၂- ဒါဆိုလည်း ဘုန်းကြီး သဘောဆန္ဒအတိုင်းပါပဲဘုရား။ တပည့်တော်လည်း နောင်မှာ စာအုပ်တွေ မပို့တော့ပါဘူးလို့ ကတိပေးပါတယ်ဘုရား။ ယခုလက်ရှိ စာအုပ်တွေလည်း ဘုန်းကြီး ငှါးလိုက ငှါးပါ။ မငှါးလိုပါက မငှါးပါနဲ့ဘုရား။ ဘုန်းကြီး အဆင်ပြေသလိုပါ လုပ်ပါတော့ဘုရား....
အခုတော့ အရာရာ အားလုံး နိဂုံးချုပ်သွားသည်မှာ နှစ်နှစ်ခန့်ပင် ကြာခဲ့ပါပြီ။ တခါတခါ ဒီအကြောင်းအရာကို ပြန်ပြန်တွေးသည်။ ကိုယ့်ကိုကိုယ်လည်း ကျရှုံးခဲ့သည်လို့ပဲ ခံယူမိသည်။ ဒီတွင် ငါဘာတွေ မှားခဲ့လဲ တွေးဖြစ်သည်။ (၁) ကိုယ်ပိုင် စာကြည့်တိုက် မလုပ်နိုင်ပဲ လုပ်ခဲ့ခြင်းသည် ပထမ အမှားဖြစ်လိမ့်မည်။ (၂) ကိုယ်ပိုင် မလုပ်နိုင်သေးလို့ အခုလို သူတပါးဆီ ကပ်ပြီး လုပ်တဲ့အခါကျတော့လည်း စိတ်မရှည်ခဲ့ခြင်းသည် ဒုတိယ အမှားဖြစ်လိမ့်မည်။ ထို့အတူ စိတ်ဇွဲသန်သန်နဲ့ နောက်မဆုတ်တမ်း မလုပ်ခဲ့ခြင်းလည်းပါမည်။ ဆရာဘုန်းကြီး ပြောခဲ့သည်ကို သည်းမခံနိုင်တော့ခဲ့ခြင်းလည်းပါမည်- ဟု ကောက်ချက်ဆွဲမိသည်။ ထို့ကြောင့် အမှန်ကို ၀ံခံရသော် ကျုပ်သည် လူညံ့တယောက်မျှသာ ဖြစ်ချေသည်။ ကျုန်ုပ်၏ အမှားကို သင်္ခန်းစာ ယူစေလိုသည့် ဆန္ဒဖြင့်သာ ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းပြလိုက်ရခြင်းမျှသာ ဖြစ်ချေသည်။
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။