ကျွန်ုပ်ကလည်း သူ့ကို ဒကာကြီးခေါ်သလို သူကလည်း ကျွန်ုပ်ကို ဦးဇင်းလို့ပဲ ခေါ်ပါသည်။ အရာအရာ အရိုအသေမပေးခြင်းအပေါ်ကို နားလည်ပေးပါရန်လည်း သူက သူနဲ့တွေ့စဉ်ကတည်းက ပြောထားခဲ့သည်။ မှန်သည်လေ။ သူက ခရစ်ယန်ဘာသာဝင် ကိုယ်က ဗုဒ္ဓဘာသာဝင် ဖြစ်ကြသည်လေ။ နားလည်ပါတယ်လို့သာ ပြောပြထားလိုက်သည်။ သူ့အိမ်ကို ရောက်တိုင်း ဒကာကြီးလို့ ခေါ်ရင် လာပြီ ဦးဇင်း လာပြီလို့ ဆိုနေကြပေါ့။
သူနဲ့ ဆုံဆည်းခဲ့တာကတော့ လွန်ခဲ့တဲ့ ၂၀၀၇ တုန်းကပါ။
၁ - မစားကောင်းတဲ့ အသားကြီးဆယ်မျိုးဆိုတာ ရှိတယ်မဟုတ်လား။
၂ - ရှိတာပေါ့။ “လူ-ခွေး-မြင်း-ဆင်၊ သစ်- ကျားလျင်၊ ခြင်္သေ့- ၀ံ- အောင်း- မြွေ၊ ရိုး- ရေ- သား- သွေး၊ အမွေးတို့ပါ မသုံးရာ ဆယ်ဖြာ အမျိုးပေ”တဲ့။ လူသားက ဇာတ်တူသားဖြစ်လို့၊ မြင်းနဲ့ဆင်က ရှင်ဘုရင်တွေ အသုံးအဆောင် သတ္တ၀ါ (မင်းအင်္ဂါ)တွေ ဖြစ်လို့၊ ခွေးနဲ့ မြွေက ရွံစရာကောင်းလို့၊ ကျားသစ်- ကျား- ခြင်္သေ့- ၀ံ- အောင်း အကောင်တွေရဲ့ အသားတွေက စားရင် အန္တရာယ်ဖြစ်တတ်လို့ပေါ့။ ရဟန်းတွေဆိုတာက တောထဲမှာ တရားထိုင်နဲ့ တောထဲမှာနေရင် ကိုယ်က အဲဒါအကောင်တွေ အသားကို စားထားမိရင် သူတို့က အနံ့ရပြီး ရဟန်းတွေကို အန္တရာယ် ပြုနိုင်လို့ မစားရဖူးလို့ ပညတ်ခဲ့တယ်။ စားမိရင် အပြစ်ဖြစ်တယ်။ အာပတ်သင့်တယ်ပေါ့။ ရဟန်းတော်တွေ အတွက်ပါ။
၁ - တပည့်တော်က မြွေသားဆို သိပ်ကြိုက်တာ။ အဲဒါ အပြစ်များ ဖြစ်နေမလားလို့
၂ - အပြစ်ကတော့ မဖြစ်ပါဘူး။ မြွေဆိုတာ နဂါးမျိုးက ဆင်းသက်လာတာရယ် ရွံစရာကောင်းတာရယ်ကြောင့် မစားသင့်ဖူးလို့တော့ ဘုရားရှင်က မိန့်ထားပါတယ်။ အကုသိုလ်အနေနဲ့ မဟုတ်ပါဘူး။ လောကအနေအားဖြင့်ပါ။ မစားပဲ နေနိုင်ရင်တော့ အကောင်းဆုံးပေါ့။
၁ - တပည့်တော် အခု အဓိဋ္ဌာန်ဝင်နေတယ်
၂- ဟုတ်လား။ ဘယ်လို အဓိဋ္ဌာန်မျိုးလဲ
၁ - နေ့ ၁၂ နာရီထိုးရင် အမြဲဘုရား (God) ရှိခိုးတယ်။ ဆုတောင်းတယ်။
၂- ဒကာကြီးတို့ ဘာသာမှာလည်း အဲလို အဓိဋ္ဌာန်ဆိုတာရှိတယ်ပေါ့
၁- တင်ပါ့ ရှိတယ်။ တပည့်တော်ကတော့ ညနေ ခြောက်နာရီထိုးရင် အိမ်သားအကုန်လုံးစုပြီး ဘုရားဝတ်ပြုလုပ်လေ့ရှိတယ်။ အစစအရာရာ အဆင်ပြေတယ်ဘုရား။
၂- ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာလည်း အဲလိုပဲ ဘုရားရှိခိုးတယ်။ တခုထူးတာကတော့ ဦးဇင်းတို့ကတော့ ကိုယ်က ကုသိုလ်လုပ်ပြီးရင် ကိုယ်ရတဲ့ ကုသိုလ်ကို သူများတွေလည်း ရအောင် အမျှပေးဝေလေ့ရှိတယ်။ သူများတွေက ၀မ်းမြောက်ဝမ်းသာစွာနဲ့ သာဓုခေါ်ရင် သာဓုခေါ်တဲ့လူလည်း ကုသိုလ်ရတာပေါ့။
၁- တပည့်တော်တို့ ခရစ်ယန်မှာ faith- hope- charity ယုံကြည်မှု - ဆုတောင်းမှု လှူဒါန်းမှု ဆိုပြီး သုံးမျိုး လုပ်လေ့ရှိတယ်ဘုရား
၂- အင်း... ဦးဇင်းတို့ ဘာသာမှာလဲ ယုံကြည်မှုကို အခြေခံပါတယ်။ ဆုတောင်းတာကတော့ လုပ်လေ့ရှိသူလုပ်ပြီး မလုပ်ပဲ နေတဲ့လူတွေလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကံ- ကံရဲ့ အကျိုးကို ယုံကြည်ပြီးသားဆိုတော့ ကိုယ်က ကောင်းတာလုပ်ထားရင် ကောင်းကျိုးဆိုတာက ဆုတောင်းစရာ မလိုပဲ သူ့အလိုလို ရရှိလာမှာပေါ့။ မကောင်းတာ လုပ်ခဲ့ရင်လည်း မကောင်းကျိုးက အလိုလို လာမှာပဲလေ။ ဒီလိုယုံကြည်တော့ ဘာမှ မလုပ်ပဲ ငုတ်တုတ်ထိုင်ဆုတောင်းနေရင်တော့ ဘာမှ ဖြစ်နိုင်မှာ မဟုတ်ဖူးပေါ့။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ ပြောရမလားပဲ။ ဆုတောင်းရင် နိဗ္ဗာန်မြန်မြန်ရောက်ရပါလို၏ လို့ဆုတောင်းပြီး ကိုယ့်အလှူ ဒါမှမဟုတ် ကုသိုလ်တခုခု ပြုတဲ့အခါ နိဗ္ဗာန်ကိုပဲ အာရုံပြုပြီး လုပ်လေ့ရှိပါတယ်။ အခြား အရာတွေ ဆုတောင်းပြီး ပြုရင် မစင်ကြယ်ဖူး။ ပန်းတိုင်မဟုတ်သေးဖူး။ နိဗ္ဗာန်ကို အာရုံပြု နိဗ္ဗာန်ရောက်ရပါလို၏ လို့ ဆုတောင်းမှ စင်ကြယ်တယ် ပန်းတိုင်အစစ်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ လှူဒါန်းတာကတော့ သူက အဓိက အခြေခံပဲ။ လုပ်ငန်းစဉ်က ဒါန-သီလ-ဘာဝနာ ကိုး။ ဒါနနဲ့တင် မရပ်ရဘူး။ ဒါနဆိုတာက လုပ်ရတာ လွယ်တယ်။ ဒါ့ကြောင့် သူ့ကို အရင်ဆုံးပြု- နည်းနည်း စိတ်ထက်သန်လာရင် သီလကို စောင့်ထိန်း။ ပြီးရင် ဘာဝနာ ပွား။ တရားအားထုတ်ပေါ့။ ဒါလည်း နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ရောက်အောင်လို့ပါပဲ။
၁- ဦးဇင်းတို့ ကျောင်း ကထိန်က ဘယ်ရက်တုန်း
၂- ပုံမှန် တန်ဆောင်မုန်း လဆန်း ၁၀ ရက်ပါပဲ
၁- ငယ်ငယ်တုန်းကဆို ကျောင်းသူကျောင်းသားတွေနဲ့ ကထိန်ပွဲတွေ ရောက်နေကြဘုရား။ ကထိန်ပွဲတွေက အတော်ပျော်ဖို့ကောင်းတယ်။ အတီးအမှုတ် အက အခုန်တွေနဲ့။ စားကြသောက်ကြရတာလဲ တရုန်းရုန်းနဲ့။ တပည့်တော်တော့ ပျော်တယ်ဘုရား။
၂- အင်း... ကောင်းပါတယ်။
၁- ဒီ ခရစ်ရုပ်တော်က မြန်မာပြည်တွင်လုပ်တာ။ အရမ်းသပ္ပါယ်တယ်။
၂- ဒါနဲ့ နေပါဦး။ ခရစ်တော်နဲ့ ထာဝရ ဘုရားနဲ့ဆို ဘုရားနှစ်ဆူ ဖြစ်နေရော့ မဟုတ်လား။ ဒကာကြီးက ခရစ်တော်ကို ကိုးကွယ်တော့ ထာဝရဘုရားကို မကိုးကွယ်ဖူးဆိုလိုတာလား
၁- မဟုတ်ဖူးဦးဇင်း။ တပည့်တော်တို့ ဘာသာမှာ ကိုယ်တော်တပါး ဘုရားသုံးဆူဆိုတာရှိတယ်။ ခရစ်တော်ဆိုတာက ထာဝရဘုရားကနေ လူတွေကို ကယ်တင်ဖို့ လူဖန်ဆင်းပြီး လွှတ်လိုက်တာ။
၂- ဖြစ်နိုင်ပါ့မလား
၁- ဘုရားရှင် ညာဏ်တော်ဆိုတော့ သာမန်လူ ဦးနှောက်နဲ့ တွေးဆလို့ မရနိုင်ဖူးဦးဇင်း
၂- အင်း ထားပါတော့။ တခုတော့ စိတ်ထဲ ဘ၀င်မကျဖူးဗျ။ ထာဝရဘုရားက တန်ခိုးရှိပါရက်သားနဲ့ ခရစ်တော်ကျတော့ လက်ဝါးကပ်တိုင်ပေါ်မှာ ကွယ်လွန်ရတယ် အဲဒါကိုတော့ မကြိုက်ဖူး။ သူက အပြည့်စုံဆုံး ဖန်ဆင်းပြီး လွှတ်ပေးသင့်တာပေါ့။
၁- ဒါကတော့ လူ့တွေရဲ့ အပြစ်ကို ခရစ်တော်ယေရှုက ခံယူသွားရတာပါ။
၂- မဟုတ်သေးဖူးဗျ။ သူက တရားတွေ လိုက်ဟောလို့ သူအဖမ်းခံရတာ မဟုတ်လား။ တခုတော့ တွေးနိုင်တာပေါ့။ သူက ငြိမ်းချမ်းရေးတရားတွေ လိုက်ဟောလို့ လူမုန်းလို့ လုပ်ခံရတယ်ဆိုရင်တော့ တမျိုးပေါ့။
၁- ဒါကလည်း ဘုရားရှင်မှပဲ သိနိုင်မှာပါ
၂- အော်...
အခုတော့ ဒကာကြီးနဲ့ မတွေ့သည်မှာ အတော်ကြာသွားပါပြီ။ သူသည် သူ့ယုံကြည်ရာကို ကိုးကွယ်သည်။ သို့သော် ဗုဒ္ဓဘာသာအကြောင်းကို အတော်များများ နားလည်သည်။ ဗုဒ္ဓဘာသာတွေရဲ့ ပွဲလန်းသဘင်တွေမှာ ပါဝင်ခဲ့သည်။ သို့သော်- သူ၏ ရည်မှန်းချက် ပန်းတိုင်မှာ အကုသိုလ်ဖြစ်လာလျင် ချက် (church) ကျောင်းသွားပြီး အပြစ်ကို ၀န်ခံမည်။ သူ့ဘုရားရှင်က သူ့အပြစ်ကို ခံယူမည်။ သူသည် သူ့ဘာသာတရားအရ ငရဲပြည် လူ့ပြည် နတ်ပြည် သုံးခုတွင် ဘုရားသခင် ကယ်မခြင်းဖြင့် နတ်ပြည် (heaven) ရောက်လိုသူ ဖြစ်သည်။
မိမိတို့သည်ကား သားပြုလုပ်သည့် အပြစ်ကို အဖေက ၀န်ခံလို့ မရ။ အဖေပြုလုပ်သည့် အပြစ်ကို သားက အစားဝင်ခံလို့ မရ။ ကိုယ်ပြုသည့်ကံ ကိုယ်သာ စံရမည်။ ကိုယ်ပြုသည့်ကံ ကိုယ်သာ ခံရမည်။ နိဗ္ဗာန် မရမချင်း သံသရာဆိုတဲ့ ဘုံဘ၀တွေကို ကျင်လည်ရဦးမည်။ ကုသိုလ်ကောင်းမှုတွေ စုဆောင်းရဦးမည်။ တရားအားထုတ်ရဦးမည်။ ထိုသို့ ကိုယ့်အားကိုယ်ကိုး ကုသိုလ်ပြုလုပ်ပြီး ကိုယ်တိုင် နိဗ္ဗာန်ဝင်နိုင်မည်ဖြစ်သည်။ သူတပါးသည် ကယ်တင်လို့ မရနိုင်။ သူတပါး၏ လမ်းညွှန်မှုသာ ရယူနိုင်သည် ဟု ခံယူထားသူဖြစ်ပေသည်။
သူ့ခံယူချက်နှင့်သူ၊ သူ့အကြောင်းပြချက်နှင့်သူ ဖြစ်ကြပေသည်။
ဟိုး ဘုရားရှင်လက်ထက်တုန်းက ဖြစ်သည်။ အရှင်သာရိပုတ္တရာအလောင်းလျာ ဥပတိဿနှင့် အရှင်မောဂ္ဂလာန်အလောင်းလျာ ကောလိတတို့သည် ပရိဗိုဇ်အာရာမ်တွင် ပရိဗိုဇ်များအဖြစ် ၀င်ရောက်ကြသည်။ ထို့နောက် သူတို့ ရှာဖွေလိုသည့် တရားများကို ပရိဗိုဇ်ဆရာအထံတွင် မတွေ့ရှိ။ သို့ဖြင့် ထပ်မံလိုက်လံ ရှာဖွေကြသည်။ အရှင်သာရိပုတ္တရာ အလောင်းလျာက စတင်ပြီး အရှင်အဿဇိမထေရ်နှင့် တွေ့ကာ တရားနာယူပြီး သောတာပန်ဖြစ်ခဲ့သည်။ ထို့နောက် အရှင်သာရိပုတ္တရာ အလောင်းလျာထံကနေ အရှင်မောဂ္ဂလာန်အလောင်းလျာ က ထပ်မံ တရားနာယူခဲ့ရာ သူလည်း သောတာပန် ဖြစ်ခဲ့သည်။ သူတို့သည် ဘုရားရှင်ကို အကြွင်းမဲ့ ယုံကြည်သူများ ဖြစ်လာခဲ့ရာ ပရိဗိုဇ်ဘ၀ကို စွန့်ပြီး ရဟန်းဘ၀သို့ ကူးပြောင်းရန် ဘုရားရှင်ထံ သွားကြတော့မည်ဖြစ်သည်။ သို့သော် သူတို့ဆရာကြီးကို ဒီအတိုင်းမထားခဲ့ချင်။ မှားယွင်းသည့် လမ်းကြောင်းမှာ မနေခဲ့စေချင်။ မသေရာတရားကို ဟောပြနိုင်သည့် ဘုရားရှင် လောကတွင် ပေါ်ထွန်းနေခဲ့ပြီ။ သို့ဖြင့် အတူတကွ လိုက်ဖို့ရာ တိုက်တွန်းကြည့်သည်။ နားချကြသည့်။ ဆရာကြီး သဉ္ဖယ ပြောစကားသည် သူတို့အတွက် ပါးစပ်ပေါက် အဟောင်းသား ဖြစ်သွားချေသည်။ “ငါ့မှာ တပည့်တွေ အများကြီးရှိပါတယ်။ ဆရာတယောက်က သူတပါးဆီ တပည့်သွားခံရင် ကရားအိုးအဖြစ်ကနေ ခွက်ကလေး အဖြစ်ရောက်သွားမှာပေါ့။ လောကမှာ လူတော်ကနည်းပြီး လူညံ့က များပါတယ်။ တော်တဲ့လူတွေက တော်တဲ့ ဂေါတမဘုရားထံ သွားပါစေ။ လူညံ့တွေက ငါ့ဆီ လာကြပါလိမ့်မည်။ မင့်တို့သာ သွားကြပါဟု ဆိုသည်“။ သို့ဖြင့် သူတို့သည် ဆရာ့ကို ထားရစ်ခဲ့ကာ ဘုရားရှင်ထံ သွားခဲ့ကြတော့သည်။ ထိုအကြောင်းကို ဘုရားရှင်ထံ လျောက်ထားတော့ ဘုရားရှင်က အကာကို အနှစ် မထင်သင့်ပုံနဲ့ အနှစ်ကိုသာ အနှစ်လို့ ထင်သင့်ကြောင်း ဟောကြားခဲ့လေသည်။ (ဓမ္မပဒဋ္ဌကထာ၊ သာရိပုတ္တတ္ထေရ၀တ္ထု)
ကိုယ်ကတော့ ဒကာကြီးနှယ် ဗုဒ္ဓဘာသာအကြောင်း ဒီလောက် စိတ်ဝင်စား သိနေတာတောင် ဗုဒ္ဓဘာသာဝင် ဖြစ်မလာဖူးလို့ တွေးထင်မိသည်။ ထိုနည်းတူ ဒကာကြီးကလည်း “ဒီဦးဇင်းနှယ်... bible နဲ့ diploma in English ပြီးသွားတာတောင် Baptism လုပ်ပြီး ခရစ်ယန်ဘာသာဝင် ဖြစ်မလာဖူးလို့”များ တွေးထင်နေမလားပဲ။ အို.... ပိုနေမြဲ ကျားနေမြဲပေါ့....။ မောင်ပိုက မောင်ပိုနေရာမှာ ပြန်နေ။ ကျားကြီးက ကျားကြီးနေရာ ပြန်နေပေါ့...။။
(မည်သူတဦး တယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသော ဆန္ဒမရှိပါ)
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။