ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

ပညာသင်သည့် နေရာတွင် တွန်းအား - ဆွဲအား လို့ နှစ်မျိုးရှိသည်။ တွန်းအားဆိုသည်မှာ တိုက်တွန်းသည့် အင်အားဖြစ်ပြီး ဆရာသမားများ မိဘများက ပြုလုပ်ပေးရသည်။ ဆွဲအားဆိုသည်မှာ ဆွဲငင်အား လိုချင်လာမှု ဖြစ်ပြီး ထိုအရာကို သင်ယူသူ (Learner) တွင် ရှိသွားခြင်းဖြစ်သည်။ ဆိုပါတော့ ကျောင်းသား တယောက် ကျောင်းတက်ဖြစ်အောင် မိဘများက ကျောင်းထားပေးရသည်။ ကျောင်းမသွားသွားအောင် တိုက်တွန်းပေးရသည်။ စာမသင် သင်ချင်အောင် လုပ်ပေးရသည်။ ထိုအရာသည် တွန်းအား။ ကျောင်းသားကိုယ်တိုင် ကျောင်းမှာ ပညာသင်ရသည်ကို ပျော်ရွှင်သွားသည်။ သူကိုယ်တိုင် လိုလိုချင်ချင် ကျောင်းတက်စာသင်တော့ခြင်းသည် ဆွဲအား။

မိမိတို့လည်း တောရပ်ရွာကနေ တောင်မြို့ မဟာဂန္ဓာရုံကို စာသင်ဖို့ ရောက်လာတော့ အစဦးဆုံး သင်ရသည်မှာ ကျောင်းစည်းကမ်း (၁၀)ချက် ဖြစ်သည်။ ထို့နောက်တွင် ဘုရားရှိခိုးများ၊ သင်္ကန်း ၀တ်ရုံပုံ နေထိုင်ပုံများ ဖြစ်သည်။ စာကို အနည်းအကျဉ်း စသင်ချိန်တွင် တောမှာ ပေတော့ ဆော့လာပြီး မြို့ရောက်လို့ အပျော်ကြီး ပျော်နေရာကနေ ပျင်းဓာတ်လေးများ ၀င်လာသည်။ ထိုအချိန်တွင် ဆရာသမားက

“စာမတတ်မူ အခေါက်ထူ ၊ လူထဲ ရှင်ထဲ အသုံးမကျ။
စာတတ်ပြန်လျင် စိတ်ကြီးဝင် ၊ လူမြင်တိုင်းက အော့ချင်ကြ။
ထို့ကြောင့် မောင်ရင် တတ်အောင်သင် ၊ စိတ်ကြီးမ၀င်ရ”

လို့ ဆုံးမသည်။ တွန်းအားပေးသည်။ စာမတတ်သူတယောက်ဟာ အစားအသောက်ပဲ စားပြီး ဗိုက်ခေါက်ကြီး ထူလာတာပဲ ရှိမယ်။ လူ့ဖက်တီးကြီး ဖြစ်လာတာပဲရှိမယ်။ လူတောမတိုးဘူး။ ကိုရင် ရဟန်းတွေက အဖတ်မလုပ်ဖူး။ ဒါ့ကြောင့် စာသင်ရမယ်။ စာတတ်မှ လူတောတိုးမယ် လူရာဝင်မယ်။ အေး...တနေ့ စာတတ်တဲ့ ပညာတတ်ကြီးဖြစ်လာပြီဆိုရင်လည်း စောင့်ကြွား စောင့်ကြွားနဲ့ မထောင်လွှားရဖူး။ စိတ်ကြီးမ၀င်ရဖူး။ အဲလိုလူမျိုးကို လူတိုင်းက ရွံမုန်းတယ်။ မြင်လိုက်ရင် အော့အန်ချင်စရာ လူဖြစ်သွားတယ်။ ဒါ့ကြောင့် ကိုရင်.... စာတတ်အောင် သင်ရမယ်။ စာတတ်တဲ့အခါမှာလည်း စိတ်ကြီးမ၀တ်ရဖူး။ မမောက်မာရဖူး” လို့ ဆုံးမသည်။

ထိုအဆုံးအမ တွန်းတင်အားကြောင့် တဖြေးဖြေး ကြီးပြင်းလာသည့်အခါ အလိုလိုစာသင်လိုစိတ် ပညာရှာလိုစိတ် ဆွဲငင်အားတို့ ၀င်ခဲ့သည်။ ထိုအခါ အောင်မြင်မှုတွေ အထိုက်အလျောက်ရခဲ့သည်။ အောင်မြင်သော်လည်းပဲ မာန်မာနမခက်ထန်။ အားလုံးနှင့် သင့်တင့်အောင် ဆက်ဆံတတ်လာသည်။ နေထိုင်တတ်လာသည်။ သြော်... ဆရာသမားများ၏ အဆုံးအမ တွန်းအားတို့သည် ကျေးဇူးကြီးမားပါပေစွ.....

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)