ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

တနေ့ ဘုရားရှင်ကိုယ်တော်မြတ် သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံကြွတော်မူစဉ် ဘုရားရှင်၏ ရုပ်ရည်ရူပကာယကို ၀က္ကလိအမည်ရှိ ပုဏ္ဏားတစ်ယောက်သည် ကြည့်ရှုမ၀ ဖြစ်နေသည်။ ထို့နောက် သူသည် မြတ်စွာဘုရားရှင်ကို အမြဲဖူးမြင်တွေ့နိုင်ဖို့ ရဟန်းဝတ်ခဲ့သည်။ ဘုရားရှင်ကို မြင်တွေ့နိုင်မည့် နေရာတွင် သူသည် အမြဲတနေ နေထိုင်လေ့ရှိပြီး တရားဘာဝနာကိုမူ အားထုတ်ခြင်း၊ စာပေသင်အံခြင်းများ ပြုလုပ်ခြင်း မရှိပေ။

သူ၏ ညာဏ်နုချိန်တွင် ဘုရားရှင်သည် မည်သည့် စကားကိုမျှ မိန့်ဆိုခြင်းမရှိခဲ့သော်လည်း ညာဏ်ရင့်သန်ချိန်တွင်တော့ ထိုအခြင်းအရာကို သိမြင်တော်မူသည့် ဘုရားရှင်က “၀က္ကလိ အပုတ်ကောင်ကို ကြည့်နေခြင်းခြင်းဖြင့် ဘာအကျိုးရှိမည်နည်း၊ အကြင်ပုဂ္ဂိုလ်တယောက်က တရားတော်ကို သိမြင်မယ်ဆိုရင် ငါဘုရားရှင်ကိုလည်း တွေ့မြင်ပြီး ဖြစ်ပါလိမ့်မည်။ ငါဘုရားရှင်ကို တွေ့မြင်လျင်လည်း တရားတော်ကို တွေ့မြင်ပါလိမ့်မည်”လို့ ဆုံးမပါသော်လည်း မနာယူပေ။ ထို့ကြောင့် ဘုရားရှင်သည် ဤရဟန်းတော့ သံဝေဂတရား မရလျင် တရားတော်ကို ထိုးထွင်းသိနိုင်မည်မဟုတ်ဆိုပြီး ၀ါဆိုဖို့ နီးလာသည့်အချိန်တွင် ရာဇဂြိုဟ်သို့ ကြွပြီး ၀ါဆိုဝါကပ်ရာနေ့တွင် “၀က္ကလိ ဖယ်ပါလေ၊ ၀က္ကလိ ဖယ်ပါလေ”ဟု ကြိမ်းမောင်းခဲ့လေသည်။ ထို့ကြောင့် ၀ါတွင်း သုံးလပတ်လုံး ဘုရားရှင်နားသို့ ၀က္ကလိသည် မနေရဲပေ။

ထို့နောက် အသက်ရှင်နေလို့ အကျိုးမထူးတော့ တောင်ပေါ်တက်ကာ ခုန်ချတော့မည်ကြံစည်ပြီး ဂိဇ္ဈကုဋ်တောင်ပေါ် တက်တော့သည်။ မြတ်စွာဘုရားရှင်က အခြင်းအရာကို သိတော်မူပြီး မဂ်ဖိုလ်တရားမှီတည်ရာပင် ပျက်စီးပေတော့မည် ဆိုကာ ရောင်ခြည်တော်လွှတ်ပြီး သူ့သောကကို ကယ်တင်ခဲ့ရတော့သည်။ ထို့နောက် တရားတော်ကို ဆက်လက်ဟောကြားတော်မူရာ ၀က္ကလိမထေရ်သည် တရားတော်အပေါ် ပီတိဖြစ်ပြီး ထိုပီတိကို ပယ်ခွါကာ ရဟန္တာအဖြစ်သို့ ကပ်ရောက်ခဲ့လေသည်။ (ဓမ္မပဒဋ္ဌကထာ၊ ၀က္ကလိထေရ၀တ္ထု)

အထက်ပါ ၀တ္ထုကို သုံးသပ်ကြည့်ပါက ပုဂ္ဂိုလ်စွဲထားခြင်းသည် မကောင်းသည့်ဘက်သို့ ကပ်ရောက်တတ်သည်ကို မြင်တွေ့ရပါလိမ့်မည်။

“သံဃာကို လေးစားသည့်ဘုရားရှင်”

တခါက ဘုရားရှင်သည် သူအား အ၀တ်ပိုင်းအစုံ ဆက်ကပ်လှူဒါန်းရန် ရောက်ရှိလာသည့် မိထွေးတော်ဂေါတမိကို “ဂေါတမီ သံဃာကိုသာ လှူဒါန်းပါ၊ သံဃာကို လှူဒါန်းလိုက်လျင် ငါဘုရားကိုလည်း ပူဇော်ရာရောက်ပါလိမ့်မည်။ သံဃာတော်များကိုလည်း ပူဇော်ရာရောက်ပါလိမ့်မည်” ဟု မိန့်တော်မူခဲ့သည်။ ထိုစကားရပ်သည် ဘုရားရှင်၏ သံဃာတော်အပေါ် လေးစားကြောင်း ပြသပါသည်။ (အံဌ- ၂၊ ၃- ဥရုဝေလ၀ဂ်၊ ၁- ပဌမဥရုဝေလသုတ်)

“ပုဂ္ဂိုလ်ကို ကြည်ညိုခြင်း အပြစ် (၅)မျိုး”

(၁) လူပုဂ္ဂိုလ်တယောက်က ရဟန်းပုဂ္ဂိုလ်တယောက်ကို ကြည်ညိုမိသည်။ ထိုရဟန်းသည် သံဃာကနေ နှစ်ထုတ်ထိုက်လောက်အောင် ကြီးလေးသည့် အပြစ် အာပတ်သင့်သည့်ပုဂ္ဂိုလ်ဖြစ်နေသည်။ ထိုအခါ သံဃာက နှင်ထုတ်လိုက်လေသည်။ ကြည်ညိုသူရဲ့ စိတ်မှာ “ငါချစ်ခင်ကြည်ညို မြတ်နိုးရသည့် ရဟန်းကို သံဃာတွေက နှင်ထုတ်လေသည်”ဟု အကြံဖြစ်ကာ ရဟန်းများအပေါ် ကြည်ညိုစိတ် မဖြစ်တော့။
ထိုသို့ ကြည်ညိုစိတ်မဖြစ်ခြင်းကြောင့် အခြားရဟန်းများကို မဆည်းကပ်တော့။
ရဟန်းသံဃာကို မဆည်းကပ်တော့လျင် သူတော်ကောင်းတရားကို မကြားနာရတော့။
သူတော်ကောင်းတရား မကြားနာရလျင် သူတော်ကောင်းတရားကနေ ဆုတ်ယုတ်သွားလေတော့သည်။

(၂) အထက်ပါ အတိုင်းပင် လူပုဂ္ဂိုလ်တဦး ကြည်ညိုနေသည့် ရဟန်းသည် အာပတ် အပြစ်သင့်နေခြင်းကြောင့် သံဃာတော်များထိုင်နေရာ၏ နေရာစွန်းတွင် ထိုင်ခိုင်းလိုက်သည့်အခါ ------

(၃) လူပုဂ္ဂိုလ်တဦး ကြည်ညိုနေသည့် ရဟန်းသည် ခရီးထွက်သွားသည့်အခါ------

(၄) လူပုဂ္ဂိုလ်တဦး ကြည်ညိုနေသည့် ရဟန်းသည် လူထွက်သွားသည့်အခါ------

(၅) လူပုဂ္ဂိုလ်တဦး ကြည်ညိုနေသည့် ရဟန်းသည် ပျံတော်မူ (သေဆုံး)သွားသည့်အခါ-----စသည်အားဖြင့် ငါးမျိုးဖြစ်သည်။ (အံ ပဉ္စကပါဠိ၊ ၁၀ ပုဂ္ဂလပသာဒသုတ်)

အထက်ပါ ဒေသနာတော်အရ ပုဂ္ဂိုလ်တဦးသာ ကြည်ညိုမိပြီး မိမိကြည်ညိုသည့် ပုဂ္ဂိုလ်တစုံတရာ နှိမ်ချဆက်ဆံခံရခြင်း ပြောင်းလဲသွားခြင်းတို့ကြောင့် ကြည်ညိုသူသည် ပုဂ္ဂိုလ်အပေါ်တင်မှီနေသည့် သဒ္ဓါတရားလွန်ကဲပြီး သံဃာ့ထံသို့ မပြောင်းနိုင်ပဲ မိမိရရှိနိုင်သည့် ကုသိုလ်တရားများ လျော့ကျသွားနိုင်ပါသည်။
ထို့ကြောင့် ပုဂ္ဂိုလ်စွဲများ ကင်းနိုင်လျင် ကောင်းပါသည်ဟု ဆိုချင်ပါသည်။ ပုဂ္ဂိုလ်စွဲများ ကင်းကြပါစေ-

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)