ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

Girl is changeable like mind
(စိတ်လိုပဲ မိန်းကလေးတွေက ပြောင်းလဲလွယ်သည် လို့ဘာသာပြန်မိသည်)

ဟေ့ ဓေနုက၊
အကျီ င်္က စာတန်းက ဆန်းပြားလိုက်လား
ဟဲ ဟဲ….. အဲလိုပဲ မိန်းကလေးတွေက။
ဟုတ်ပါပြီဗျာ… ဟုတ်ပါပြီ။

ဓေနုက ဆိုသည်က ကျောင်းတွင် ဆွမ်းချိုင့်ဆွဲနေသည့် ကျောင်းသားဖြစ်ပြီး စာတမ်းကတော့ သူ့ရှပ်အကျီ င်္ပေါ်က စာတမ်းဖြစ်သည်။ ဓေနုကက အင်္ဂလိပ်လို သိပ်မတတ်ပါ။ ကိုယ်လည်း အင်္ဂလိပ်ဆိုတာကြီးကို မကျွမ်းကျင်ပါ။ ဒီတော့ စကားလုံးများက ရှေ့မဆက်တော့။ ရပ်တန်းက ရပ်သွားပါပြီ။ မရပ်မတန့် ရှေ့ဆက် နေသည်ကတော့ အတွေးများပင်ဖြစ်တော့သည်။

မိန်းကလေးတွေကပဲ စိတ်တခုလို ပြောင်းလဲမြန်တာလား၊ စိတ်တွေကပဲ မိန်းကလေးတွေလို ပြောင်းလဲမြန် တာလားပေါ့။ အိုး…. မိန်းကလေးလည်း ပြောင်းလဲမြန်မှာပဲ စိတ်လည်း ပြောင်းလဲ မြန်တာပဲ။ နှစ်ခုလုံး ပြောင်းလဲ မြန်တယ်လို့ အတင်းဆုံးဖြတ်ချက် ချပစ်လိုက်သည်။

ဒီနေရာမှာ မိန်းကလေးဆိုတာထက် မိန်းကလေးတို့ရဲ့ ချစ်စိတ်ကို ရည်ညွှန်းသည်က များပေလိမ့်မည်။ ဒီတော့ အချစ်စိတ်တွေ အပြောင်းအလဲ မြန်သည်ဟု ဆိုရပေတော့မည် မဟုတ်လော။

“ချစ်ခြင်းဟူသော လူ့သဘောလည်း စိတ်ထဲတွင်သို ၀မ်းတွင်းမြိုလျက် ပိုသည်မရှိ ပြည့်နိုင်ဘိ၏” စာဆိုတွေရဲ့ စကားပါ။
တဦးအပေါ် တဦးက ချစ်ခြင်းသဘောတရားသည် ချစ်တတ်သူ၏ စိတ်ထဲတွင်ရှိနေပါလိမ့်မည်။ ထိုချစ်ခြင်းသဘောတရားသည်ကား အမြဲတမ်း လိုအပ်နေသည့် မရခင်လည်း လိုချင်၊ ရပြီးပြန်လည်း ထပ်လိုချင်နေသည့် အရာတခုသာ ဖြစ်ပေလိမ့်မည်။ ဒီတော့လည်း ပြောင်းလဲ သွားတတ်တဲ့ ချစ်ခြင်းသဘောတရားကို အပြစ်မြင်ရန် မဖြစ်နိုင်။ ကိုယ်ကချစ်လို့ ကိုယ့်ကို ပစ်သွားရင်တော့ ချစ်တတ်သူမှာ ပူဆွေးရမှာကတော့ ဓမ္မတာပဲဖြစ်ပေလိမ့်မည်။

အဲဒီ အချစ်တို့ ပြောင်းလဲသွားပုံလေး ပြောပြပါမည်။
ပုံစံတခုကနေ တခုကို ပြောင်းလဲသွားခြင်း အကြောင်းတရားတို့ ရှိပါသည်။ ထိုတွင် မုန်းလို့ ပြောင်းလဲသွားခြင်း၊ ထပ်မံချစ်စရာတွေ့လို့ ပြောင်းလဲ သွားခြင်းလို့ နှစ်မျိုးရှိပေသည်။ ဥပမာပြပါမည်။ ဘုရားရှင်သည် သူ၏ ၀မ်းကွဲညီတော် နန္ဒမင်းသားကို ဇနပဒကလျာဏီနှင့် ထိမ်းမြားလက်ထပ်ခါနီးတွင် ရဟန်းဝတ်ပေးခဲ့လေသည်။ နန်းတော်ကို ဆွမ်းစားကြွရင်း အပြန်တွင် သပိတ်တော်ကို ကျောင်းသို့ ထမ်းပို့စေခြင်းဖြင့် ကျောင်းခေါ်ပြီး ရဟန်းဝတ်ပေးခဲ့ခြင်းဖြစ်သည်။ နန်းတော်အထွက်ကတည်းက မောင်တော် မြန်မြန်ပြန်လာပါလို့ ဇနီးလောင်း ဇနပဒကလျာဏီက မှာလိုက်သည့် စကားကို ရဟန်းတော် နန္ဒနားထဲက မထွက်နိုင်ဖြစ်ပြီး ရဟန်းဘ၀တွင် မည်သို့မျှ မပျော်နိုင်ပါ။ ထိုအခါ ဘုရားရှင်သည် ရဟန်းတော် နန္ဒကို နတ်ပြည်ကို ခေါ်သွားသည်။ လမ်းတွင် သစ်ငုတ်ပေါ်ထိုင်နေသည့် မျောက်မအိုကြီးတစ်ကောင်ကို ပြသခဲ့သေးသည်။ နတ်သမီးလှလှပပတွေ ကိုမြင်တော့ ရဟန်းတော် နန္ဒစိတ်တွင် လူ့ပြည်က ဇနီးလောင်း ဇနပဒကလျာဏီသည် အရုပ်ဆိုးသွားသည်ဟု ထင်မြင်မိတော့သည်။ ယုတ်စွအဆုံး လမ်းမှာ တွေ့ခဲ့သည့် မျောက်အိုကြီးနှင့်ပင် တူနေသေးတော့သည်ဟု ထင်မြင်ယူဆမိတော့သည်။ ဇနပဒကလျာဏီအပေါ် စက်ဆုပ်သွားတော့သည်။ ထို့ကြောင့် ရဟန်းတော်နန္ဒ၏ ချစ်စိတ်တို့သည် ယခုအခါ နေရာပြောင်းသွားပါပြီ။ ဇနပဒကလျာဏီအပေါ်တွင် မဟုတ်တော့ပဲ နတ်သမီးများ အပေါ်ရောက်သွားပေပြီ။ ထိုအခါ ဘုရားရှင်က နတ်သမီးများကို လိုချင်လျင် တရားကျင့်ဖို့ နှင့် တရားထူးကို ရပါက နတ်သမီးများကို ရစေဖို့ တာဝန်ခံကြောင်း မိန့်ကြားခဲ့သည်။ ဒိနောက် ရဟန်းတော်နန္ဒ အထူးတလည် တရားအားထုတ်ရင်း ရဟန္တာဘ၀ ရောက်သွားခဲ့သည်။ ကိလေသာတို့ ကုန်ခမ်းပြီဖြစ်သဖြင့် မည်သည့်အရာကိုမှ မတက်မက်တော့။ ထို့ကြောင့် ဘုရားရှင်လည်း နတ်သမီးတွေကို ရစေဖို့ အားထုတ်ဖို့မလိုတော့ပေ။ ဒီနေရာတွင် ဆိုလိုသည်မှာ နန္ဒမင်းသား၏ ချစ်စိတ်တို့ ပြောင်းလဲပုံ ဖြစ်သည်။

ဘုရားရှင်လိုဆရာကောင်းနဲ့ တွေ့တော့ နန္ဒ၏ ပြောင်းလဲပုံသည် ဓမ္မပေါ်ရောက်ရှိကာ နိဗ္ဗာန်နန်း စံဝင်ခဲ့ရသည် အထိ အကျိုးဖြစ်ထွန်းခဲ့သည်။

နောက်တမျိုးမှာ အပြစ်မြင်လို့ ချစ်ခင်ခြင်းတွေ ပျောက်ဆုံးခြင်းဖြစ်သည်။
တခါက အလွန်လှပသည့် သီရိမာအမည်ရှိ ပြည့်တန်ဆာမကို ရဟန်းတော်တပါးသည် မစားနိုင် မသောက်နိုင်ဖြစ်လောက်အောင် စွဲလန်းနေလျက်ရှိသည်။ တနေ့ သီရိမာ ကွယ်လွန်တော့ သုဿာန်တွင် ခုနှစ်ရက် ထားစေပြီး ရဟန်းတော်များကို အသုဘ ရှုကြွစေသည်။ တနေ့တာ သီရိမာနှင့် ပျော်ရွှင်ရဖို့ အရေး အသပြာ ထောင်ပေါင်းများစွာ ပေးကမ်းခဲ့ရသော်လည်း ယခုအခါတွင် တစ်ထောင် တစ်ရာ တစ်ဆယ် နောက်ဆုံး အလကား ပေးသည်ပင် ယူမည့်သူ ပေါ်ထွက်မလာခဲ့။ အပုပ်ကောင်ကို မည်သူက ယူချင်လိမ့်မည်နည်း။ ထိုသို့ အသုဘအလောင်းကောင်ကို ရောင်းချပြခြင်းနှင့် တရားဓမ္မတို့ကို နာကြားရသည့်အခါ စွဲလန်းနေသည့် ရဟန်းလည်း တရားထူး ရရှိသွားခဲ့သည်။

ယခုအကြောင်းအရာသည်ကား ချစ်ခြင်းစိတ်သည် လှပလို့ ချစ်တာ၊ မြတ်နိုးစရာကောင်းလို့ ချစ်တာ တွယ်တာသည်ဖြစ်ပြီး ထိုလှပသည့်အရာတို့သည် ပင်ကိုယ်သဘာဝအရ ပုပ်သိုးတတ်သည့် အရာဖြစ်သည်။ ပကတိကို ရှုမြင်မိသည့်အခါ တက်မက်စိတ်မရှိတော့။ ထိုအခါ ချစ်စိတ်တို့ပြောင်းလဲ သွားခြင်းဖြစ်တော့သည်။

မျက်မှောက်လောကစကားအရ “ချစ်လို့ ဘုပျောက်တာ”ဟု လည်းရှိသည်။ လူတယောက်က အမျိုးသမီး တယောက်ကို ချစ်ကြိုက်နေရာ ထိုအမျိုးသမီး မျက်နှာတွင် ဘုလုံးပါသော်လည်း သူ့စိတ်တွင် ဘုလုံးပါသည်ဟု မထင်ပေ။ ထိုဘုလုံးသည် သူ့မျက်စိတွင် အပြစ်တခုအဖြစ် မမြင်မိပေ။ ထို့ကြောင့် ဘုပျောက်သည်ဟု ဆိုသည်။ ထိုနည်းတူစွာ သွားခေါသူဆိုလျင်လည်း သွားပေါ်လေးနဲ့လို့ တင်စားတတ်ကြသည်။ ချစ်စိတ်ဝင်လျင် အပြစ်မမြင်တော့သည့် သဘောဖြစ်ပေသည်။ သို့သော် ချစ်စိတ်တို့ ပျောက်သည့်အခါ အပြစ်ကို အပြစ်အတိုင်း မြင်ခွင့်ရပေသည်။

လောက သဘာဝအရ တဏှာခေါ် အချစ်ဆိုတာကို အပြစ်ပြောနေသည်မဟုတ်ပါ။ တဏှာခေါ် အချစ်တွေဟာ ပြောင်းလဲခြင်းသဘောတရားရှိသည်ကိုတော့ နားလည်စေလိုသည်။ ထိုသို့နားမလည်လျင် သဘောမပေါက် လျင် ဒုက္ခရောက်တတ်သည်။ ဒုက္ခရောက်ကြောင်းလည်း ကြားဖူးနားဝ ရှိကြသည်သာ။ ပြောင်းလဲခြင်းသဘော တရားကို သိပြီး အကောင်းဘက် ဓမ္မကို ပြောင်းချင်ပြောင်း၊ မပြောင်းနိုင်လျင်လည်း ကိုယ့်ကိုကိုယ်တော့ မနှိပ်စက်မိအောင် အလွန်အကျွန်သောက မရောက်အောင် နေနိုင်စေချင်သည်။ နေနိုင်ကြပါစေလို့လည်း ဆန္ဒပြုလိုက်ပါသည်။

ကျမ်းကိုး -
အလင်္ကာဘာသာဋီကာ နှင့် ဓမ္မပဒအဋ္ဌကထာ

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)