ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

ဘုရားရှင်ဟောကြားသည့် တရားတော်သည်
(၁) မကောင်းမှုကို ရှောင်ပါ
(၂) ကောင်းမှုကို ဆောင်ပါ (ပြုပါ)
(၃) စိတ်ထားကောင်းကောင်းထားပါ။ (ဖြူစင်အောင်ထားပါ) ဖြစ်သည်။

ထိုတွင် ကုသိုလ်ကောင်းမှု ပြုပါနှင့် စပ်လျဉ်းလို့ အနည်းအကျဉ်း ပြောပြလိုပါသည်။
ဆရာသမားစဉ်ဆက် ပြောပြသည့် အဆိုဆုံးမ တခုမှာ “မိမိပြုသမျှ ကုသိုလ်စာရင်းကို စာအုပ်နဲ့ မှတ်ထားပါ” ဟု ဖြစ်သည်။
မိမိတို့လို ရဟန်းသံဃာဆိုတာ သီလ (ကိုယ်ကျင့်တရား)ကို ဦးစားပေး ထိန်းသိမ်းသည့် ပုဂ္ဂိုလ်များဖြစ်သည်။ သီလပျက်လျင် ရဟန်းတပါးလို့ မခေါ်နိုင်တော့သည်အထိ သီလက အရေးကြီးသည်။ ထို့ကြောင့် သီလသည် ရဟန်း သာမဏေတို့၏ အသက်ဖြစ်ပေသည်။
ဒါနပြုခြင်းဆိုတာကတော့ သူများလှူမှ ဘုန်းပေးကြရခြင်းကြောင့် နည်းပါးပေသည်။ သို့သော် ကိုယ်ပြုဖူးသည့် လှူတန်းမှုတခု ဥပမာ-သူတပါးကို ဖေါင်တိန်တချောင်း၊ ခဲဖျက်တခု၊ စာအုပ် တအုပ် လှူဒါန်းခဲ့ခြင်းကို မှတ်တမ်းစာအုပ်လေးနဲ့ မှတ်တမ်းတင်ထားပါ။ ရေးထားကြပါ။ အလျဉ်းသင့်တိုင်း ပြန်ကြည့်ပါ။ အပရစေတနာတွေပွားလို့ ပီတိတွေ တဖွားဖွားဖြစ်နေပါလိမ့်မည် ဟု မကြာမကြာ ဆုံးမလေ့ရှိကြပါသည်။

ကိုယ်တိုင်ကြုံဖူးသည်များကတော့ တောင်မြို့ ကျောင်းတိုက်ကြီးမှ ဆရာတော်တပါးကတော့ သူလှူသမျှ ကုသိုလ်တွေကို သူကိုယ်တိုင် မှတ်တမ်းတင်ပြီး သူကိုယ်တိုင်ကြည့်ရုံမက သူတပါးကိုပါ ပြသလေ့ရှိသည်။
ထို့အတူ မန္တလေးမှ သူဌေးတယောက်ကတော့ သူ့အလှူများကို မှတ်တမ်းတင်ထားသည်။ တနှစ်ပြည့်လျင် ဘယ်ကျောင်းမှာ ဘယ်လောက်ကုန်ကျသည်။ ဘာကုသိုလ်ပြုခဲ့သည်များကို စာရင်းအင်းနဲ့ ထုတ်ပြန်ပြသလေ့ ရှိသည်။ မြင်ကြားသူတိုင်းက မနာလိုမဖြစ်ကြပါ။ ၀မ်းမြောက်ကြသည်သာ ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တို့အတွက်တော့ နေ့စဉ်ဆွမ်းလောင်းရင်း ကုသိုလ်တွေဖြစ်နေသည်။ ကုသိုလ်ပြုကြရတာလည်း အဆန်းမဟုတ်လို့ ယူဆကြသည်။ မည်သည့်အလှူခံဖြစ်စေ ထည့်လိုက်ဖို့ လက်မနှေးကြပေ။ သို့သော် ကိုယ်ပြုတဲ့ ကုသိုလ်ကို ပြန်အမှတ်ရမိသူများကတော့ နည်းနေမလား လို့ ထင်မိပါသည်။ ပြန်လည်အောက်မေ့ သတိရ အမှတ်ရလိုသော် ဒါမှမဟုတ် ကိုယ့်ပီတိကို ကိုယ်ပြန်စားလိုသော် မှတ်စုစာအုပ်ကလေး သတ်သတ်ထားပြီး ဘယ်နေ့ ဘယ်ရက်က ဘယ်ကုသိုလ်မျိုး ပြုလုပ်ခဲ့သည်ကို မှတ်တမ်းတင်ထားကြပါ ရေးသားထားကြပါ ပြီးလျင် ပြန်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ -

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)