ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

စကားပြောကျယ် - အရယ် ကျယ်နှင့်
ခေါ်ကျယ် ခြေကျယ် - အသန်းကျယ်
ကျယ်ငါးပါးကို ပယ်ရမည်။
စာအံကျယ်တာကိုလည်း ပယ်ရမည်။

တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှာနေစဉ်က ဂန္ဓကုဋိဆရာတော်က မကြာမကြာ သြ၀ါဒပေးလေ့ရှိတဲ့ လင်္ကာလေးပါ။
(၁) စကားပြောတဲ့ နေရာမှာလည်း အကျယ်ကြီး မပြောရဘူး၊ နှစ်ယောက်ပြောရင် နှစ်ယောက်ကြားရုံ သုံးလေးယောက်ပြောရင် သုံးလေးယောက်ကြားရုံပဲ ပြောရတယ်။
(၂) ရယ်မောစရာကြုံရင်လည်း ဟီးဟီး ဟားဟားနဲ့ လက်လွတ်စပယ် အကျယ်ကြီး မရယ်ရဖူး။ သွားပေါ်ရုံ ပြုံးကာမတ္တနဲ့ အဆင်သင့်ရုံသာ ရယ်ရတယ်။
(၃) တဦးနဲ့ တဦး တယောက်နဲ့တယောက် လှမ်းခေါ်တဲ့နေရာမှာလည်း အရမ်းကာရော ကျယ်လောင်စွာ မခေါ်ရဖူး။ သူတခေါ် ကြားရုံသာ ခေါ်ရတယ်။
(၄) ကျောင်းတွေပေါ် လျောက်သွားတဲ့အခါတို့ စင်္ကြန်ကြွ လမ်းလျောက်တဲ့အခါတို့မှာ တဒုန်းဒုန်းနဲ့ မည်အောင် ခြေကို တအားဆောင့် မနင်းရဖူး။ ဖြေးညှင်းစွာပဲ နင်းရတယ်။
(၅) အိပ်ချင် ငိုက်မြည်းတဲ့လို့ သန်းတဲ့အခါ ၀ါး .... ဆိုပြီး အကျယ်ကြီး မသန်းရဖူး။ လက်ကလေးနဲ့ ပါးစပ်ကို အသာကလေးအုပ်ပြီးတော့သာ သန်းရတယ်။
(၆) ဖြည့်စွက်ချက်အနေနဲ့ စာကျက်ရင်တောင် အကျယ်ကြီး အော်မကျက်ရဖူး။ ကိုယ်တကိုယ်ကြားရုံပဲ သမာဓိလေးနဲ့ ကျက်ရတယ်။

အဆိုအဆုံးမ ဆိုတာကို မျက်မှောက်ခေတ်ပုဂ္ဂိုလ်တွေက သိပ်လက်မခံချင်ကြတာများပါတယ်။ ဒီတော့ ရိုင်းစိုင်းသူတွေ ဖြစ်လာရော။ ဆုံးမတရားဆိုတာကတော့ လူကြီးသူမတွေက ကောင်းစေချင်လို့ ပြောကြတာဖြစ်တယ်။ တချို့အဆုံးအမတွေဆို ဘုရားဟောတွေ အတိုင်းပါပဲ။ တကယ်လို့သာ ဒီအဆုံးအမလေးတွေ လိုက်နာကြည့်ပါ။ လူယဉ်ကျေးတယောက်ဖြစ်လာမှာပေါ့။ အနည်းဆုံးတော့ ပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့လူ မဖြစ်ဖူးလေ။ လူရိုင်းစိုင်းဆိုတာက သဘာဝအတိုင်းကို ဖြစ်လေ့ရှိပြီး လူယဉ်ကျေးတယောက် ဖြစ်ဖို့ရာကတော့ ထိန်းညှိယူရတယ်။ ပဲ့ပြင်ယူမှ ရပါတယ်။ ဒါ့ကြောင့် အဆုံးအမများဟာ လောကမှာ အရှိသင့်ဆုံးလို့ ထင်မြင်မိပါတယ်။