“လူ၌ကြီးဘိ သားအမိပင် မချိကယ်ရေး ကိုယ်လွတ်ပြေးသည့်
မီးဘေး ရေဘေး ပြည်ပျက်ဘေးလည်း ဆယ်ရေးတရေး ကယ်နိုင်သေး၏။
အိုဘေး နာဘေး သေခြင်းဘေးဟု ဤဘေးသုံးပါး လွန်ကြီးမားကား
မျက်စိအောက်တွင် ရင်ခွင်တင်လျက် သက်ငယ်ရေးပိုင် မကယ်နိုင်ခဲ့
လက်မှိုင်ချကာ နေရစွာရှင့်”
ကြောက်စရာကောင်းအောင် ဖြစ်ပျက်မှုတို့ကို ဘေးလို့ခေါ်ပါတယ်။
သာမာန်ပုထုဇဉ်လူသားတွေကတော့ မီးလောင်တာကိုလည်း ဘေးအန္တရယ်ကျရောက်တယ်။
ရေကြီးတာကိုလည်းပဲ ဘေးအန္တရာယ်ကျရောက်တယ်။
စစ်ဘေးစစ်ဒဏ် သူပုန်ဘေးသူပုန်ဒဏ်တွေကြောင့် ဟိုပြေးဒီလွှားနဲ့ တိုင်းပြည်ပျက်တာကိုလည်းပဲ ဘေးအန္တရာယ် ကျရောက်တယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် အဲဒီဘေးတွေကို တကယ့်တကယ် ဘေးတွေလို့ မခေါ်ဆိုနိုင်ပါဘူး။
ဘာ့ကြောင့်ပါလဲ။ အချင်းချင်း ကယ်တင်နိုင်သေးလို့ပါပဲ။
မိဘကလည်း ကိုယ်ကျိုးစွန့်ပြီးတော့ သားသမီးကို ကယ်မယ်ဆိုရင် ကယ်နိုင်ပါတယ်။
သားသမီးကလည်း မိဘကို မရမက အတင်းဝင်ကယ်မယ် ကယ်ဆယ်မယ်ဆိုရင်လည်း ဖြစ်နိုင်ခြေရှိပါတယ်။
ဆယ်ခါကယ်ရင် တခါကတော့ အောင်မြင်နိုင်ပါတယ်။
အရိယာသူတော်ကောင်းတွေကတော့ တကယ့်တကယ်ဘေးဆိုတာက အိုလာခြင်း ဖျားနာခြင်း သေဆုံးခြင်းတို့ကို ဘေးလို့ခေါ်ပါတယ်။
ဘာကြောင့်ပါလဲ
မိဘနဲ့ သားသမီး အချင်းချင်း ဘယ်လိုမှ မကယ်နိုင်လို့ပါပဲ
တဖြေးဖြေးအိုမင်းနေပြီဖြစ်တဲ့ မိဘကို သားသမီးက အစားဝင်ပြီးတော့ အိုပါရစေ- တောင့်တကြည့်ပါ။ အစားဝင်ကြည့်ပါ။ မရနိုင်ပါဘူး
ထိုနည်းတူစွာ အိုမင်းလာတဲ့ သားသမီးကို ကြည့်ပြီးတော့ မိဘက အိုမင်းနေပြီဖြစ်တဲ့ ငါတို့မှာသာ သားအတွက်ပါ ပိုပြီးတော့ အိုပါရစေ။ သားသမီးတွေ အိုမလာပါစေနဲ့ လို့ အစားဝင်ကြည့်ပါ တောင့်တကြည့်ပါ။
မရနိုင်ပါဘူး။
ထိုနည်းတူစွာ ဖျားနာနေတဲ့ နေရာမှာလည်း မိဘက သားသမိးအစား မ၀င်နိုင်သလို သားသမီးကလည်း မိဘအစား ၀င်ယူလို့ မရနိုင်ပါဘူး
ထိုနည်းတူစွာ သေဆုံးသွားတဲ့ မိဘနေရာကို သားသမိးက မိဘတို့ အသက်ရှည်စွာနေပါစေဦး
ကျွန်ုပ်တို့ အစားဝင်ပါမယ်လို့ ပြောဆိုလို့ တောင့်တလို့ မရသလို သေဆုံးသွားတဲ့ သားသမီးနေရာကိုလည်းပဲ မိဘက အစားဝင်လို့ မရနိုင်ပါဘူး။
ဒါ့ကြောင့် ဒီအိုတာ နာတာ သေတာတွေကို မိမိမျက်မှောက်မှာပဲ ဖြစ်နေတဲ့ မိဘကို သားသမီးက ဒီအတိုင်းပဲ ကြည့်နေရပါတယ်။
သားသမီးတွေကိုလည်း မိဘတွေက ဘာမှ မတတ်နိုင် လက်မှိုင်ချကာ ကြည့်နေရတာပါပဲ။
ဒါ့ကြောင့် သားသမီးနဲ့ မိဘ ၊ မိဘနဲ့ သားသမီး အချင်းချင်း မကယ်နိုင်တဲ့ဘေး အစစ်ဆိုတာက အိုဘေး နာဘေး သေခြင်း ဘေးတို့ပဲ ဖြစ်ပါတယ်။
သို့သော် အဲဒီ အိုဘေး နာဘေး သေခြင်းဘေးတို့ကနေ လွတ်မြောက်အောင် ကယ်တင်နိုင်တာကတော့ ကိုယ်ကိုတိုင်ပဲ ဖြစ်ပါတယ်။ ကိုယ်ကိုတိုင် ဘယ်လိုလုပ်ပြီးတော့ ကယ်နိုင်မလဲ။ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်သုံးပြီး ကယ်နိုင်ပါတယ်။ မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးရင် အဆုံးတနေ့မှာ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ပါလိမ့်မယ်။ နိဗ္ဗာန်ရောက်လျင် အိုခြင်း နာခြင်း သေဆုံးခြင်း မရှိတော့လို့ ဒီဘေးတွေကနေ လွတ်မြောက်သောအားဖြင့် ကယ်တင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ (အံ-တိက)
ဒီတရားလေး ရေးဖြစ်ခြင်းက မိမိတို့နဲ့ အရမ်းကို ခင်မင်တဲ့ ဒကာတယောက် မနေ့က အူမကင်ဆာရောဂါနဲ့ ဆုံးသွားပြီလို့ ကြားလိုက်ရလို့ပါ။ သူ့မိသားစုက ပစ္စည်းဥစ္စာပြည့်စုံတော့ အကောင်းဆုံးဆိုတဲ့ ဆေးရုံမှာ တက်ပြီး ကုသခဲ့ပေမယ့် လက်လျော့ ခဲ့ရကြောင်း၊ ဦးဇင်းတွေ ညနေတိုင်းသွားပြီး သူ့ကို အာရုံကောင်း ရောက်အောင် ပရိတ်ရွတ်ပေးရလေ့ရှိကြောင်း ကြားရပြီး အခု သတင်းက ထပ်ကြားရတာပါ။ ကိုယ်နဲ့ သိတဲ့ ခင်မင်တဲ့ လူတယောက် ဒီလို ဖြစ်တော့ ၀မ်းနည်းမိတာ အမှန်ပါပဲ။ ဒါပေမယ့် ဒါဟာ လောကရဲ့ ဓမ္မတာပါပဲလေ။ သူပြုခဲ့သမျှ သူ့ကုသိုလ်ကံတွေက နတ်ပြည် နတ်ရွာကို ပို့ဆောင်ပေးလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။
တခါတလေ ကြုံတွေ့ရ တိုက်ဆိုင်ရတဲ့ အခါ ဒီတရားလေးကို သတိရမိပြီး ကိုယ်ဘာလုပ်သင့်သလဲ ဆိုတာကို ခဏခဏ သတိပေးမိနေသလိုပါပဲ။ သတိဆိုတာကလည်း မေ့တတ်လွန်းလိုက်တာ။ အမြဲတစေ ဆင်ခြင်နေသင့်တဲ့ တရားဖြစ်ပေမယ့် ဟိုကိစ္စ ဒီဝိစ္စနဲ့ မေ့မေ့သွားတာပါပဲ။ သို့သော်လည်းပဲ ကြုံတွေ့လို့ သတိရမိတဲ့ အခါမှာတော့ တကယ်လို့ မိုက်နေတယ်ဆိုရင်တောင် ဆက်မမိုက်တော့ဖူးပေါ့။ ကဲ....ထားတော့။ အခု သီရိလင်္ကာမှာ ကိုယ်ကြုံခဲ့တဲ့ Funeral အသုဘ ဓာတ်ပုံလေးတွေ တင်လိုက်ပါတယ်။
၁- ကြွရောက်လာကြသည့် ဆရာတော် သံဃာတော်အရှင်မြတ်များ
၂- သေသူရည်မှတ် လှူဒါန်းအပ်သည့် မတက၀တ္ထခေါ် အ၀တ်ပိုင်း
၃- တရားတော်ကို နာယူခြင်း၊ သေဆုံးသူ၏ ဂုဏ်ပုဒ်များကို ထုတ်ဖေါ်ပြောကြားကြခြင်း
၎ - သေသူ ရည်စူး ပြုသည့်ဒါနကို ရေစက်ချစဉ်
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)