ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

စွမ်းနိုင်သလောက် ဆောင်ခဲ့သူ ဆိုတာ မိမိညွှန်းဆိုချင်တာက ဖြူးဆရာတော်ကြီး ကိုပါ။ ယနေ့ The light of Dhamma တွင် အောက်ကအတိုင်း တွေ့မိတော့ အတော်ကို ၀မ်းနည်းသွားခဲ့ပါသည်။


နိုင်ငံကျော်ဓမ္မကထိက ဦးနရပတိ ဖြူးဆရာတော်ကြီးသည် အာရှတော်ဝင်ဆေးရုံကြီးတွင်၂၄.၁၁.၂၀၀၉ နံနက်(၇)နာရီအချိန် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါပြီ။ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ၃၀.၁၁.၂၀၀၉ ရက်နေ့မှာ မီးသဂြိုလ်မည်ဖြစ်ပါကြောင်း.....


ဆရာတော်ဟာ မိမိတို့ သာမဏေကျော်စာသင်တိုက်နှင့် ပဲခူးသူ ပဲခူးသားတို့ အပေါ် ကရုဏာတရား ကြီးမားတော်မူခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ သာမဏေကျော်အထူးတရားပွဲ ဟောတုန်းက ဆရာတော်ဒေါက်တာအရှင်ကောဝိဒ (မဇ္ဈိမဂုဏ်ရည်) ကျန်းမာရေး မကောင်းကြောင်း၊ အသက်ရှည်ဖို့ကို မနည်းကြိုးစားယူရမှာဖြစ်ကြောင်း၊ တရားပြန်ဟောနိုင်ဖို့ကတော့ မလွယ်တော့ကြောင်း သတင်းကြားခဲ့ရပြီး “ရှင်နည်းရာ အဂ္ဂလူထွက်” ဆိုပြီး မိန့်ခဲ့တာပေါ့။ မြန်မာနိုင်ငံမှာ တရားဟော အပြောကောင်းမွန်တဲ့ ဆရာတော်များက လက်ချိုးရေလို့ ရတဲ့အထဲမှာ အခုတပါးက ကျန်းမာရေး မကောင်းတော့ သာသနာတော်အတွက် စိတ်မကောင်းကြောင်း ရှင်သာမဏေနည်းပါတယ်ဆိုမှ ကိုရင်အဂ္ဂကလူထွက်ပြန်ပေါ့-ဆိုတဲ့ ဥပမာနဲ့ ဟော သွားခဲ့ပါတယ်။ ထိုစဉ်ကလည်း ကျောက်ကပ်ကို တူတော်မောင်က လှူဒါန်းထားလို့ အခုလို လာရောက်ဟောနိုင်တာ ဖြစ်ကြောင်း မိန့်ပါသေးတယ်။ ယခု ဆရာတော်ပျံလွန်တော်မူတယ်ကြားတော့ စိတ်မကောင်းပါ။ စိတ်မကောင်းခြင်း အကြောင်းတွေထဲမှာ ဆရာတော်ဟာ သာသနာတော်စိတ် အလွန်ပြင်းထန်ပြီး သာသနာကို ချစ်မြတ်နိုး စိတ်ထားရှိတာကြောင့်လည်း ပါပါတယ်။

ဆရာတော် တရားလာဟောရင် မိမိတို့ တကျောင်းတိုက်လုံး ဆရာတော်ကို ရှိခိုးရပါတယ်။ ဆရာတော် အမြဲပေးလေ့ရှိတဲ့ ဆုက “မိန်းမချောနဲ့ လွဲပြီး သာသနာတော်မှာ မြဲပါစေ” ပါပဲ။ တောင်တောင်အီအီ စိတ်ကူးယဉ်လေ့ရှိတဲ့ ရှင်သာမဏေနဲ့ ဦးဇင်းငယ်များ အတွက်တော့ ဆရာတော့်သြ၀ါဒက နားထင်ကို လက်သီးနဲ့ တအားပိတ်ထိုးလိုက်သလို ထိမိလွန်းပါတယ်။ ဆရာတော်ကို ကန်တော့မိတော့မှ ဒီဆုကြီးရသပေါ့လေ။ သို့ပေမယ့် ဒါဟာ ဆရာတော်ရဲ့ အဆုံးအမ ပရိယာယ်တခု ဆိုတာကိုတော့ အားလုံးသဘောပေါက်ကြပါတယ်။ ဆရာတော်က မိန်းမချောနဲ့ လွဲ- ဆိုတဲ့စကားက လူမထွက်ချင်အောင် ခြောက်လှန့်တဲ့ စကားဖြစ်ပြီး သာသနာတော်မှာ မြဲပါစေ- ဆိုတာကတော့ သာသနာတော်မှာ ပျော်ပျော်ရွှင်ရွှင်နေစေချင်အောင် မြှောက်ပင့်တဲ့ စကားဖြစ်နေလို့ပါ။ သာသနာတော်မှာ ရဟန်းသံဃာတွေ မြဲစေချင်တဲ့ ဆရာတော်ဆန္ဒက ဒီသြ၀ါဒနဲ့ သိသာလွန်းလှပါတယ်။ ဘုရားရှင်များ သတ္တ၀ါတွေကို ဆုံးမတော့လည်း ဒီလိုပါပဲ။ ခြောက်တန်ခြောက် မြှောက်တန်မြှောက်ပြီး ဟောကြားတော်မူကြတာပါပဲ။

ဆရာတော်ရဲ့ တရားပွဲကို ပဲခူးသူ ပဲခူးသားတွေ သိပ်ကြိုက်ကြတာပေါ့။ ဆရာတော်က တရားဟောရင် နှစ်နာရီခွဲ သုံးနာရီခန့်ဟောပေမယ့် နာကြားရတာ မငြီးငွေ့ပါဘူး။ တ၀ါးဝါး တဟားဟားနဲ့ ရယ်လိုက် သံဝေဂ ညာဏ်လေးတွေဖြစ်သွားလိုက် ကျင့်သုံးလိုက်နာထိုက်တာလေးတွေ ဖြစ်သွားလိုက်နဲ့ တရားနာသူများရဲ့ အသိညာဏ်ထဲကို ဓမ္မတွေ စိမ့်ဝင်သွားအောင် ပရိယာယ် အမျိုးမျိုးနဲ့ သွတ်သွင်းတတ်တာလည်း ဆရာတော်ရဲ့ ပြောင်မြောက်တဲ့ ဂုဏ်ရည်ပါပဲ။

မိမိတို့ သာမဏေကျော်-ရှင်ရေးကူညီမှု အသင်းကို လူသိများအောင် ကုသိုလ်ရှင်တွေ တိုးပွားလာအောင် မိတ်ဆက်ပေးခဲ့တာလည်း ဆရာတော်ပါပဲ။ ထို့အတွက်လည်း ဆရာတော်ကျေးဇူးကို အမှတ်ရနေမိပါတယ်။

အခုတော့ ဆရာတော်ဟာ ရထားတဲ့ တဘ၀တာ လူ့ခန္ဓာဝန်ကို အဆုံးသတ်သွားပါပြီ။ သို့ပေမယ့် ဆရာတော်ရဲ့ ဓမ္မတွေကတော့ ဆရာတော့် ကိုယ်စား လောကကြီးကို အကျိုးပြုနေကြဦးမည်သာ။ ထို့ကြောင့် ဆရာတော်ကို စွမ်းဆောင်သလောက် ဆောင်ခဲ့သူ လို့ ပြောလိုပြီး ဓမ္မအမွေ ချန်ရစ်ခဲ့သူ အဖြစ်လည်း အသိအမှတ်ပြုပါတယ်။


“အနိစ္စာ ၀တ သင်္ခါရာ ၊ ဥပ္ပါဒ ၀ယ ဓမ္မိနော ။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ ၊ တေသံ ၀ူပသမော သုခေါ ။”

“ရုပ်တရား နာမ်တရားတို့သည် ဖြစ်ပြီးလျင် ပျက်ခြင်းသဘော ရှိပါပေစွတကား......။
ဖြစ်ပြီးလျင် ချုပ်ကြရကုန်စွတကား......။
ရုပ်နာမ်နှစ်ပါး ချုပ်ငြိမ်းရာ နိဗ္ဗာန်သည်သာ ချမ်းသာစစ် ချမ်းသာမှန် ဖြစ်ပါပေစွတကား....(ဓမ္မပဒဋ္ဌကထာ)”


လို့ သံဝေဂ စကားနဲ့ နိဂုံးချုပ်ရင်း ဆရာတော်ဂုဏ်ကို ရည်မျှော်ကာ ရှိခိုးကန်တော့လိုက်ပါ၏။

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)