ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

ဒီနေ့တော့ ပါဠိတော်ထဲက ဆရာဇီဝကနဲ့ သွားတွေ့ဦးမယ်လို့ မှန်းထားတယ်။ ညကတည်းက စဉ်းစားနေတာ။ အတော်လေးစားဖို့ကောင်းတယ်။ အားကျဖို့လည်း ကောင်းတယ်။ သိကြမှာပါ ဇီဝကဆိုတဲ့ ဒေါက်တာကိုလေ။

အမှိုက်ပုံဘေးက ဇီဝက
================

ရာဇဂြိုဟ်ပြည် နိဂုံးသူဌေးတယောက်က ဝေသာလီပြည်သွားလိုက်တာ အမ္ဗပါလီ ပြည့်တန်ဆာမကို တွေ့ပြီး ဒါ့ကြောင့် ဝေသာလီဟာ စည်ကားတာပဲလို့တွေးခဲ့တယ်။ သူ့တိုင်းပြည် ပြန်ရောက်တော့ ဘုရင်ဗိမ္ဗိသာရ ကို အကျိုးအကြောင်းလျောက်ထားခဲ့တယ်။ ဘုရင်ကလည်း သဘောကျပြီး ပြည့်တန်ဆာမ တယောက် ထားဖို့ စီစဉ်ခဲ့တယ်။ ပြည့်တန်ဆာ ဖြစ်သွားသူက သာလ၀တီ အမည်ရှိတဲ့ အမျိုးသမီးကလေးပါပဲ။ လာသမျှလူကို အသုံးတော် ခံရင်း တနေ့ ကိုယ်ဝန်ရခဲ့တယ်။ တိတ်တဆိတ်ကလေးကို မွေးပြီး ကလေးကို အမှိုက်ပုံမှာ စွန့်ပစ်လိုက်တယ်။

အဘယ မင်းသားက စောစောစီးစီး မင်းခစားသွားတုန်း အဲဒီကလေးကို တွေ့တော့
“မောင်မင်းတို့ အသက်ရှင်သေးလား”
“ရှင်ပါသေးတယ် ဘုရား” ဆိုတာနဲ့ နန်းတော်ခေါ် မွေးစားပြီး အမည်ကို ဇီဝကလို့ ခေါ်လိုက်ကြတယ်။

ဘ၀ကို နားလည်တဲ့ ဇီဝက
==================

တဖြေးဖြေးကြီးလာတဲ့ ဇီဝကလေးက သူ့မိဘတွေက ဘယ်သူတွေလဲဆိုတဲ့ အမေးကို အဘယမင်းသားက မသိကြောင်း ကျိုးကြောင်းပြောပြလိုက်တယ်။ မင်းမျိုးမင်းနွယ်တွေနဲ့ နေတဲ့နေရာမှာ ပညာမတတ်ရင် မဖြစ်ဖူးဆိုပြီး အဘယမင်းသားကို မမေးမြန်းတော့ပဲ တက္ကသိုလ်ပြည်ကို ဆေးပညာသွားသင်ခဲ့တယ်။ သင်တဲ့နေရာမှာ တချို့က ပစ္စည်းဥစ္စာပေးပြီး သင်ယူကြပေမယ့် ဇီဝကကတော့ ဆရာ့ဝေယျာဝစ္စ (အိမ်မှုကိစ္စ)တွေကို လုပ်ရင်း သင်ခဲ့ရတယ်။

ဇီဝက ပညာသင်ယူပုံလေးက အတုယူဖို့ကောင်းပါတယ်။
(၁) များများသင်တယ်
(၂) မြန်မြန်သင်တယ်
(၃) သေချာလည်း မှတ်တယ်
(၄) မှတ်ပြီးသားလည်း မမေ့အောင် မှတ်တယ်

(ဒီနေရာမှာ စကားလေး နည်းနည်း ညှပ်ပြောချင်ပါတယ်။ တောင်မြို့မဟာဂန္ဓာရုံ ဂန္ဓကုဋီဆရာတော်က စာသင်နည်းပေးတော့ “ဆယ်ထဲတွင်မြုတ် ရာတွင်နှုတ် နုတ်နုတ်မကျေနိုင် ထောင်ချနိုင်မှ အပိုင်ရ ဘ၀ဆုံးအောင်ပိုင်”တဲ့။ ဆိုလိုတာက စာတပုဒ်ကို ဆယ်ခေါက်မက၊ အကြိမ်တရာမက ကျက်လည်း ကျေနေအောင် မရပါဘူးတဲ့။ အကြိမ်တထောင်လောက် ကျက်ထားရင်တော့ တသက်လုံး အမှတ်ရနေပြီတာ မှတ်ပေရော့ လို့ ဆုံးမ ဖူးပါတယ်)

ဒီလို ကျက်မှတ်ပေမယ့် ၇-နှစ်တာ ပြည့်တယ် သင်လို့က မပြီးနိုင်သေူ။ ဘယ်အချိန်မှာ ပြီးမလဲဆိုတဲ့ အကြောင်း ဆရာ့ကိုမေးတော့ ဆရာက တူးရွင်းတချောင်းပေးပြီး တက္ကသိုလ်ရဲ့ အရပ်လေးမျက်နှာ တယူဇနာဆီ သွားပါ။ ဆေးမဖြစ်တဲ့ အပင်ကို ရှာယူခဲ့ပါ လို့ ပြောလိုက်တယ်။ ဇီဝကလည်း သွားရှာတာပါပဲ။ တပင်မှ ဆေးဘက်မ၀င်တာ မတွေ့ခဲ့ဖူး။ ဒီလိုနဲ့ ကျောင်းဆင်းနိုင်တဲ့ ကျောင်းသားဖြစ်သွားခဲ့တယ်။

ဘ၀လမ်းကြောင်းပေါ်ရောက် ဇီဝက
========================

ကျောင်းဆင်းတဲ့နေ့ ဆရာက ရိက္ခာထုတ်ကို သေးသေးပဲထုတ်ပေးလိုက်တယ်။ ကိုယ့်အားကို ကိုးတတ်ဖို့ပေါ့။ သာကေတမြို့ အရောက် ကုန်သွားလို့ လူနာလိုက်ရှာတာ ၇-နှစ်ကြာအောင် ခေါင်းကိုက်ပြီး ဆရာအားလုံး လက်လန်သွားတဲ့ သူဌေးကတော် တယောက်ကို လူနာအဖြစ် တွေ့တယ်။ အသက်က ငယ်ရွယ်သေးတော့ မနည်းပြောပြီး ကုသခွင့် တောင်းခဲ့ရတယ်။ တကြိမ်နှာနပ် ကုပေးလိုက်တာနဲ့ ရောဂါက ပျောက်သွားတော့ ၀ိုင်းဆုချလိုက်ကြတာ ၁၆ ထောင် (၁၆၀၀၀) အသပြာငွေတွေနဲ့ ခိုင်းစေဖို့ ကျွန်ယောက်ျား ကျွန်မိန်းမတွေ မြင်းရထားတွေ ရခဲ့တယ်။ ဒီအချိန်မှာ မွေးဇာတိကို ပြန်ပြီး ကျွေးမွေးစရိတ်အဖြစ် ခံယူဖို့ အဘယမင်းသားကို ပေးခဲ့တယ်။ ဒါပေမယ့် အဘယမင်းသားကတော့ လက်မခံခဲ့ပါဘူး။

ကံကောင်းတဲ့ ဇီဝက
==============

တနေ့တော့ ရာဇဂြိုဟ်ဘုရင် ဗိမ္ဗိသာရမှာ ဘဂန္ဒိုရ်အနာ ပေါက်နေတာကို ဆေးလိမ်းပေးရုံနဲ့ ပျောက်အောင် ကုနိုင်ခဲ့တယ်။ ဒါနဲ့ ဘုရင်က အမျိုးသမီးငါးရာကို အဆင်တန်ဆာနဲ့တကွ ဆုချလိုက်တယ်။ ဒါပေမယ့် ဇီဝကက ကျေးဇူးတရားကိုသာ အသိအမှတ်ပြုပါ လက်မခံပါရစေနဲ့ လို့ဆိုတော့ ဒါဆိုရင် အမောင် ဇီဝက ငါဘုရင်မင်းမြတ်ရော၊ အမျိုးသမီးအိမ်တော်ရော၊ ဘုရားအမှူးထား သံဃာတော်များကိုရော ဆည်းကပ်လုပ်ကျွေးပါလေ- လို့ အမိန့်တော်နဲ့ ပြောခဲ့တယ်။

စကားပြောကျွမ်းတဲ့ ဇီဝက
=================

၇ - နှစ်တာ အချိန်ထိ ခေါင်းကိုက်နေတဲ့ ရာဇဂြိုဟ် သူဌေးကြီး ဆေးကုပေးတော့လည်း ပြောတဲ့ စကားလေးတွေက စိတ်ဝင်စားစရာပါ။

“ပျောက်အောင် ကုပေးနိုင်ရင် ဘာပေးမှာလဲ”
“ပစ္စည်းတွေ အားလုံးလည်း ပေးပါ့မယ်၊ သင်ကဆရာ ကျွန်ုပ်က ကျေးကျွန်လုပ်ပါ့မယ်”
“ဒါဆို သူဌေးကြီး တဘက်ဖက်ကို စောင်းပြီး ၇-နှစ် အိပ်နိုင်ပါ့မလား”
“အိပ်နိုင်ပါတယ်”
“အခြားတဖက်နဲ့ရော စောင်းပြီး ၇-နှစ် အိပ်နိုင်ပါ့မလား”
“အိပ်နိုင်ပါတယ်”
“ပက်လက်ရော ၇-နှစ် အိပ်နိုင်ပါ့မလား”
“အိပ်နိုင်ပါတယ်”
ဒီလို ပြောဆိုပြီး ဦးခွံကို ခွါကာ အတွင်း ပိုးနှစ်ကောင်ကို ထုတ်ပြီး ကုပါတော့တယ်။

၇- ရက်ရှိသေး နံပါးတဖက် ဒီလိုသာ စောင်းနေရရင်ဖြင့် မနေနိုင်တော့ပါ နဲ့ ညဉ်းတွားလို့ ဒုတိယ တဖက်နဲ့ ၇-ရက် ပက်လက်နဲ့ ၇-ရက် နေပြီး ကုပေးပါတယ်။ မူလက ၇-နှစ် ကတိပေးထားသူကို ၇-ရက်တည်းနဲ့ နေစေတာက ၃-ပတ်နဲ့ပျောက်မှာကိုတော့ သိပါရဲ့ အစကသာ အဲသလို မပြောခဲ့ရင် ၁-ရက်ကြာအောင်တောင် တစောင်းနေနိုင်မှာ မဟုတ်လို့လို့ အကျိုးအကြောင်းပြ ပေးပါတယ်။ လူသားတွေ ညာဏ်များတတ်တာကို ဆေးဆရာက အနိုင်ယူထားတာလေးက သဘောကျစရာလေးပေါ့။ ဒိနောက်တော့ သူဌေးက ကတိပေးထားတဲ့အတိုင်း ပစ္စည်းပေးပြီး ကျွန်ခံမယ်လုပ်တော့ မလုပ်ခိုင်းစေပဲ သူ့အတွက် တသိန်းနဲ့ ဘုရင်အတွက် တသိန်းသာ ပေးစေလိုက်ပါတော့တယ်။

အပြေးကောင်းလို့ အ၀တ်ကောင်းရတဲ့ ဇီဝက
===========================

ဥဇ္ဇေနီပြည်က စဏ္ဍပဇ္ဇောတ မင်းမှာ ပဏ္ဍုရောဂါ (အသားဖြူဖတ်ဖတ်ရောဂါ) ဖြစ်တော့ ဆရာဇီဝကကို ပင့်ပါတယ်။ သို့ပေမယ့် အဲဒီမင်းက ရောဂါမပျောက်ချင်ရင်နေ ထောပတ်ဆိုရင် လုံးဝမကြိုက်ပါဘူး။ မတည့်ပေမယ့်လည်း သူ့ရောဂါက ထောပတ်မပါပဲ မပျောက်နိုင်မှန်း ဆရာဇီဝကက သိပါတယ်။ ဒါနဲ့ ထောပတ်ကို ဖန်ရည်အရောင် ဖန်ရည်အနံ့ဖြစ်အောင် ချက်ပါတယ်။ သောက်စဉ်မှာ ပြဿနာမရှိပေမယ့် လေထိုး(ကြို့ထိုး) ချိန်မှာတော့ ထောပတ်မှန်း သိစေပါတယ် (ဇာတိပြပါတယ်)။ ဒီတော့ အလိုရှိတဲ့ အချိန်မှာ ၀င်နိုင်ထွက်နိုင်ဖို့ ဆင်စောင်းရယ် တံခါးဝတွေရယ်ကို ဆရာဇီဝကအတွက် သွားလိုရာကို သွားလိုတဲ့အချိန်မှာ သွားချင်တဲ့ ဆင်နဲ့ သွားနိုင်စေဖို့ အမိန့်ပေးစေလိုက်ပြီး ထောပတ်ကို ဖန်ရည်ဆိုပြီး လိမ်တိုက်ခဲ့တယ်။

တိုက်ပြီးတာနဲ့ ဘဒ္ဒ၀တီအမည်ရှိတဲ့ ဆင်မနဲ့ တခါတည်း ထွက်ပြေးခဲ့ရတယ်။ ဒါတောင် သူ့ကို ထောပတ်လိမ်တိုက်ရမလားဆိုပြီး ကာကကျွန်ကို နောက်ကနေ လိုက်ခေါ်ခိုင်းသေးတယ်။ ကာကရောက်လာတော့ ဆရာဇီဝကက ထမင်းစားနေတာပါ။ ခဏစောင့်ဖို့ ပြောပြီး အချိုတည်းချိန်မှာ ဖန်ခါးသီးကို စားပါတယ်။ ပြီးတော့ကာကကိုလည်း ဖန်ခါးသီး စားဖို့ ဧည့်ခံတော့ ကာကကလည်း ဆရာလည်း စားနေတာပါပဲ ဘာမှ မဖြစ်လောက်ပါဘူးဆိုပြီး စားလိုက်တာ တခါတည်း ၀မ်းလျောတော့တာပါပဲ။ လက်သဲကြားထဲ ဆေးထည့်ပြီး ကာက စားမယ့် ဖန်ခါးသီးမှာ လုပ်ပေးလိုက်တာကိုး။ ဒိနောက် ဆရာဇီဝကကတော့ ပြန်မလိုက်တော့ကြောင်း သူ့ကျေးဇူးကိုသာ သတိရစေဖို့အကြောင်းပဲ မှာလိုက်ပါတော့တယ်။

ဒိနောက် မကြာခင်မှာပဲ ပဇ္ဇောတမင်းမှာ အ၀တ်အားလုံးထက် ကောင်းတဲ့ သိဝိတိုင်းဖြစ် အ၀တ်ထည်ကို ရတာနဲ့ ဇီဝကဆီ ပို့လိုက်ပါတယ်။ ဇီဝကကတော့ ဒီအ၀တ်ဟာ ဘုရင် ဗိမ္ဗိသာရနဲ့ ဘုရားရှင်တို့သာ ထိုက်တန်တယ်လို့ မှတ်ယူထားလိုက်ပါတယ်။

ဆုတောင်းပြည့်တဲ့ ဇီဝက
=================

တခါတော့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်မှာ (သွေးလေစသော) ဒေါသပြောပါတယ်။ (အပူများတယ်လို့ ဆိုရမလားပဲ)။ ဆရာဇီဝကက ကြာလက်များကို နမ်းရှုစေခြင်းနဲ့ အကြိမ် ၃၀ ၀မ်းတော်လျောပြီး ပျောက်သွားစေခဲ့ပါတယ်။
ဒီလို ရောဂါပျောက်သွားတဲ့ ဘုရားရှင်ထံကို ဆရာဇီဝက ဆုတောင်းခဲ့တာက -
“မြတ်စွာဘုရားနဲ့ ရဟန်းသံဃာများဟာ အမြဲတမ်း ပံသုကူ (အမှိုက်ပုံများက ရသောအ၀တ်ကို ချုပ်ထားသည့် သင်္ကန်း)ကိုသာ ၀တ်ရုံကြပါ၏။ တပည့်တော်မှာ ယခု သိဝိတိုင်းဖြစ် အ၀တ်ကောင်းလေးတခု ရှိပါ၏။ ဘုရားရှင်ကိုယ်တော် မြတ် အလှူခံတော်မူပါ။ ရဟန်းတော်များလည်း လူဒါယကာများက လှူဒါန်းသည့် သင်္ကန်းကို အလှူခံဖို့ ခွင့်ပြုတော်မူပါ” လို့ ဆုတောင်းခဲ့ရာ ဘုရားရှင်ကလည်း ခွင့်ပြုခြင်းဖြင့် ဆုပေးခဲ့ပါတယ်။

သောတာပန် ဇီဝက
==============

အဲဒီအချိန်မှာ ဘုရားရှင်က ဇီဝက အ၀တ်အလှူနဲ့ ဆက်စပ်လို့ တရားဟောတော့ ဇီဝကလည်း သောတာပန်-အရိယာ ဖြစ်ခဲ့ပါတယ်။ ဇီဝကရဲ့ ဆုတောင်းမှုကြောင့် ရဟန်းတော်တွေ ပံသုကူသင်္ကန်းကို ၀တ်လိုသူက ၀တ်၊ ဒါယကာတွေ လှူတဲ့ သင်္ကန်းကို အလှူခံပြီး ၀တ်လိုသူက ၀တ်စေလို့ ခွင့်ပြုခဲ့လို့ လူအများလည်း ရဟန်းတော်များကို သင်္ကန်း လှူဒါန်းခွင့်ရခဲ့ကြပါတော့တယ်။

အမြတ်ဆုံး၊ ကျောင်းဒကာ ဇီဝက
====================

ဒါ့ကြောင့်လည်း တချိန်မှာ ဧတဒဂ်(အမြတ်ဆုံးရာထူး)တွေ ထုတ်ဖေါ်ပြောကြားတော့ ဘုရားရှင်က “ပုဂ္ဂိုလ်ကို ကြည်ညိုကြသူတွေထဲမှာ ဇီဝက-က အမြတ်ဆုံးလူ”လို့ ချီးမွမ်းခဲ့ပါတယ်။
သင်္ကန်းအတွက် အ၀တ်ပိုင်းလှူဒါန်းတော့ အလွန်ဝေးလွန်းတဲ့ ဝေဠုဝန်ကျောင်းထက် တနေ့ နှစ်ကြိမ်ဘုရားရှင်ကို ဆည်းကပ်ရာမှာ မြို့နဲ့ အနီးအရပ်မှာ ရှိတဲ့ သူ့ရဲ့ သရက် ဥယျာဉ်ကို ကျောင်းဆောင်တွေ အသီးသီးဆောက်ပြီး ကျောင်းတိုက်ကြီးတခု ဆောက်လုပ်လှူဒါန်းခဲ့တော့ သူဟာ ကျောင်းဒါယကာလည်း ဖြစ်ခဲ့ပါတယ်။

မိတ်ဆွေကောင်း ဇီဝက
================

ဗိမ္ဗိသာရမင်းကြီး ကွယ်လွန်ပြီး သားတော်အဇာတသတ်မင်းဖြစ်ပြီး တခုသော တန်ဆောင်မုန်းလပြည့်နေ့မှာ ၀န်ကြီး အစည်းအဝေးပြုလုပ်ကြတယ်။ ဘုရင်က အခုလို သာယာတဲ့ညမှာ ဘယ်လို ရဟန်း ပုဏ္ဏားတွေ ဆည်းကပ်ရလျင် ကောင်းလေမလဲ လို့ မေးမြန်းတော့ အမတ်အသီးသီးက သူတို့တိတ္ထိဆရာတွေထံ ဆည်းကပ်ဖို့ လျောက်တင်ကြပါတယ်။ ဆရာဇီဝကကတော့ ငြိမ်နေလို့ ဘုရင်မင်းက မေးမြန်းတော့မှ ဘုရားရှင်ရဲ့ ဂုဏ်ပုဒ်တွေကို ထုတ်ဖေါ်ပြပြီး ဘုရားရှင်ထံ ဆည်းကပ်သင့်ကြောင်း အကြံညာဏ်ပေးခဲ့ပါတယ်။ ဒီအခါမှာ အဇာတသတ်ဘုရင်ကို မိမိသရက်ဥယျာဉ်မှာ သီတင်းသုံးနေကြတဲ့ ဘုရားရှင်နဲ့ ရဟန်းတော်တွေထံကို ခေါ်သွားခဲ့တယ်။ ဘုရားရှင်ရှေ့မှောက်ရောက်ပြီး ရဟန်းတပါးဖြစ်ခြင်းရဲ့ အကျိုးတရားတွေကို ကိုယ်တိုင်သိမြင်နိုင်တဲ့ သာမညဖလသုတ်တော်ကို နာယူပြီး အဇာတသတ်ဟာလည်း လူတော်လူကောင်းတယောက် ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ မြတ်ဘုရားတပည့် ဆရာဇီဝကရဲ့ မိတ်ဆွေကောင်းပီသမှုကို ပြသမှုပါပဲ။

ဒါတွေကတော့ ဆရာဇီဝကရဲ့ အကြောင်းအရာလေးပါ။ (၀ိ-မဟာဝါ ဇီဝက၀တ္ထု၊ အံ-ဧကက၊ ဒီ-သာမညဖလသုတ်ပါဠိ-အဋ္ဌကထာ ကို ချုံ့ရေးထားခြင်းဖြစ်ပါသည်)
ဆရာဇီဝကဟာ ဘ၀ကို နားလည်ပြီး ကြီးစားခဲ့တယ်။ ဆေးပညာတခုတင် မဟုတ်ပဲ စကားပြောရာမှာလည်း ဘယ်လို ပြောရမလဲဆိုတာ သိခဲ့တယ်။ နေရာတိုင်းမှာ ပညာကို ပါးနပ်စွာ အသုံးချတတ်လို့ အသက်ဘေးကနေလည်း လွတ်ခဲ့တယ်။ စည်းစိမ်ဥစ္စာလည်း ပေါများခဲ့တယ်။ ကျွမ်းကျင်စွာ ဆုတောင်းတတ်လို့ သာသနာတော်မှာလည်း အမြတ်ဆုံးဂုဏ်ထူး တခုရခဲ့တယ်။ ပါးနပ်စွာ လျောက်တတ်မှုကြောင့်လည်း မိတ်ဆွေကောင်း တယောက်ဖြစ်ခဲ့တယ်။ ခေတ်ချင်း ခြားနားနေလည်း ဆရာဇီဝကရဲ့ ဘ၀ကောက်ကြောင်း ကတော့ အတုယူသင့်တာတော့ အမှန်ပါ။

ဘ၀ဆိုတာ လှေခါးထစ်များလို့ ညွှန်းဆိုမယ်ဆိုရင် ဇွဲမာန်တွေဟာ ခြေလှမ်းတွေ ဖြစ်နေပါလိမ့်မယ်။
စိတ်ဇွဲသန်သန်နဲ့ အရာရာကိုကျော်ဖြတ်မယ်ဆိုရင် မနက်ဖြန်တိုင်းကတော့ လှနေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)