သီရိလင်္ကာကို စရောက်တော့ ပထမဆုံးခရီးထွက်ဖြစ်တာက ကန်ဒီမြို့ဆီကိုပါပဲ။
စွယ်တော်ဖွင့်ပွဲရှိတယ်ဆိုလို့ သွားကြတာ။ ကြုံတောင့်ကြုံခဲ အခွင့်အရေးလေ။ ဖွင့်ပြီး မဖူးမျှော်ရတာဆို ၅ နှစ်ခန့်တောင် ရှိပြီလို့ ဆိုကြတယ်။ တမီလ်းနဲ့ တိုက်တဲ့ စစ်ပွဲကလည်း မပြီးသေးတော့ ခပ်လန့်လန့်နဲ့ သွားခဲ့ရတာ။ ကိုလံဘိုနဲ့ ကန်ဒီမြို့ကို ကားနဲ့ ၄ နာရီလောက်မောင်းရပါတယ်။ ကိုယ်ထင်ထားတာက ကိုလံဘိုက ထွက်ရင် လယ်ကွင်းကြီး တောကြီးများ ဖြစ်သွားမလားပေါ့။ အလားလား- အထင်မှားသွားတယ်။ လမ်းတလျောက်မှာ ဆိုင်ကြီး ဆိုင်ငယ်တွေနဲ့၊ ဆီဖြည့်မလား၊ စားမလား၊ နားမလား......။ ဒီလိုနဲ့ ကန်ဒီမြို့ကိုရောက်တော့ နာမည်ကြီးစာအုပ်ဆိုင် BPS မှာ ခဏနား၊ တရုတ်ဆိုင်ဆိုလို့ ၀င်စားလိုက်တာ ကုလားထမင်းနဲ့ပဲ ညားခဲ့ပါတယ်။
စွယ်တော်ကို ကိုယ်တိုင် ဖူးခဲ့ရပေမယ့် ကျောင်းအတွင်းမှာ ဓာတ်ပုံရိုက်ခွင့် ပိတ်ပင်ထားလို့ အပြင်က လူအုပ်ပုံပဲ ရိုက်ခဲ့ရတော့တယ်။ နေ့ ၁၂ နာရီကနေ ညနေ ၅ နာရီထိ ဖူးခွင့်ရပါတယ်။ ဂိတ် ၃ ဂိတ်ထားပြီး ရဟန်းတော်များနဲ့ အထူးဧည့်သည်အတွက် တဂိတ်၊ ဒေသခံတွေအတွက် နှစ်ဂိတ် ဖွင့်ပေးထားပါတယ်။ လုံခြုံရေးကတော့ အလွန်တင်းကြပ်ပြီး ဟိုစမ်းဒီစမ်းက ခပ်များများပေါ့။
ဂိတ်ကိုကျော်ပြီး ကျောင်းထဲရောက်တော့ ပရိသတ်က အတန်း တစ်တန်းတည်း ဖြစ်သွားတယ်။ ဒီတော့ သွားရတော့တာပေါ့.... လိပ်ကလေးလို တရွေ့ရွေ့။ အချို့ဆို ဒီလိုဖူးခွင့်နေရာရဖို့ ညကတည်းက အိပ်စောင့်နေရတယ်လို့ပြောကြတယ်။ လာတာကလည်း ဟိုအဝေးကြီးကတဲ့။ ဟုတ်မှာပေါ့.... နိုင်ငံတ၀ိုက်က ဗုဒ္ဓဘာသာဝင်တွေလာကြမှာပေါ့။ မြန်မာပြည်ကတောင် ဘုရားဖူးဖွဲ့ နှစ်ဖွဲ့လာသေးတာပဲ။
စွယ်တော်မြတ်ကို ဖူးရတာ မိမိအမြင်ကတော့ သာမန်လူပုဂ္ဂိုလ်တွေသွားထက် အနည်းငယ်ကြီးပြီး ရှည်ပါတယ်။ အနည်းငယ် အ၀ါညို့ရောင်သန်းပါတယ် အရမ်းထင်ရှားလောက်အောင် ဖြူဖွေးပြီး မနေပါဘူး။ စွယ်တော်မြတ်ကို ကြာပန်းသဏ္ဌာန်အပွင့်ပေါ်မှာ တိုင်လေးနဲ့ ကွင်းလေးထဲ ထည့်ကာ အပေါ်က မှန်ကြုတ်နဲ့ အပူဇော်ခံထားရှိပါတယ်။
ဘေးမှာ ရဟန်းတော် ၇ ပါးခန်းက ခပ်ကျဲကျဲ ၀န်းရံထားပါတယ်။ ရဟန်းနှစ်ပါးကတော့ ပိန်းပန်းသဏ္ဌာန်လို အချောင်းလေးနဲ့ စွယ်တော်မှန်ကြုတ်ကို ခပ်ဖွဖွလေးထိပြီး ဘေးကနေ ပူဇော်နေပါတယ်။ မိမိတို့ကတော့ ၃ ပေ အကွာလောက်ကနေ လှမ်းပြီး ဖူးမြင်ရပါတယ်။
အချို့ရဟန်းတော်တွေကတော့ မိမိတို့ယူလာတဲ့ ကြာပန်းကို အပွင့်သာချွေပြီး ရှေ့မှာ ပူဇော်ရင်း ပုံလိုက်ကြပါတယ်။ အလှူငွေထည့်ဖို့ လင်ဗန်းကိုလည်း အလှူငွေတွေနဲ့ အတူတွေ့မြင်ရမှာပါ။ လုံခြုံရေး အစောင့်တွေကတော့ စွယ်တော်ရှေ့ရောက်လာတာနဲ့ အတင်းထွက်ခိုင်းနေတော့တာပါပဲ။ စွယ်တော်မြတ်ကို ဖူးရခဲတာမို့ အကြာကြီး ဖူးချင်ကြတာချည်းပါပဲ။ မိမိတို့ကတော့ ကံကောင်းခဲ့ပါသည်။ ရှေးရှေးနေ့တွေက သွားရောက်ခဲ့သူများက ပိုက်ဆံကို ထုတ်ပြထား။ ပိုက်ဆံအလှူငွေများများ ထည့်ထားသူဆိုရင် ကြာကြာဖူးခွင့်ရတယ် မဆွဲထုတ်ဖူး ဆိုတာနဲ့ အဲလို ဖူးခဲ့ရတာ။ ဘုရားဂုဏ်တော် ကိုးပါးလုံးရွတ်ဆို အာရုံပြုခွင့်ရတဲ့ အထိပဲဆိုပါတော့။ နောက် ဖူးခွင့်ကြုံလို့ ဖူးမယ်ဆိုရင်တော့ အဲဒီနည်းလေး မှတ်ထား။ ဒီတော့ သွားရောက်ခဲ့စဉ်က ပုံရိပ်တချို့ကို တင်လိုက်ပါတယ်။
တောတောင်ညို့ညို့နှင့် ကန်ဒီသို့ သွားရာလမ်း ရှုခင်း
လာပါ၊ လာဖူးလှည့်ပါ။ မြတ်ဘုရား၏ စွယ်တော်မြတ် လူအများ၏ အဖူးမျှော်ကို ခံယူနေပါပြီ- ဟု ကြေငြာထားသည့် ကြော်ငြာ (ကုလားဘုန်းကြီး ဘာသာပြန်ပေးသည်)
ကန်ဒီအတက်လမ်းက ကွေ့ကွေ့ကောက်ကောက်နဲ့ ဒီကျောက်လှိုဏ်လေးအောက်က ၀င်သွားရတာလည်း အရသာတမျိုးပါပဲ
စွယ်တော်ဖူးမယ့် လူတန်းရှည်
လူတန်းကြီးက မြို့ထဲထိ
စွယ်တော်ကျောင်းရှေ့က ရေကန်
အင်္ဂလိပ်ဘာသာပြန် ပိဋကတ်စာပေများကို ထုတ်ဝေပေးလေ့ရှိသည့် BPS
ဒီနေရာက ပြန်ထွက်လာရတဲ့ နေရာပါ
စွယ်တော်ကို နောက်တခါဝင် ဖူးချင်ပါသေးလည်း အဖွဲ့လိုက် ဆိုတော့ အဆင်မပြေခဲ့ပါ။ ဒီလိုနဲ့ ကန်ဒီမြို့လုံး အပေါ်စီးကခြုံမြင်ရတဲ့ တောင်ကုန်းဆီ ကားနဲ့တက်ဖြစ်ခဲ့သည်။ တောင်ကုန်းအမြင့်ဆီသို့ သုံးဘီးကားတွေတက်တာ တွေ့ရတော့ ဒို့ဆီက သုံးဘီးဖြင့် တံတားဂုံးဆို တအားကြုံးတက်ရတာမြင်ယောင်မိပါတယ်။
တောင်ပေါ်ကနေမြင်ရတဲ့ ရှုခင်းပါ
ကန်ဒီမြို့ဟာ ဘေးပတ်ပတ်လည်က တောင်တွေရံထားပြီး အလယ်ခေါင်ချိုင့် မြေပြန့်လေးမှာ မြို့တည်ထားပါတယ်။ မြို့အလယ်မှာ မြစ်တစင်းစီးဆင်းနေပြီး ကြည့်ရတာ တမျိုးလှနေပါတယ်။
အချိန်က ကျန်သေးတယ်။ ရောက်တုန်းရောက်ခိုက် ပန်းခြံသွားကြမယ်ဆိုပြီး ချီတက်ကြပါတယ်။
ပန်းခြံ ခြံစည်းရိုး
ဝင်ဝင်ချင်း မြင်ရတဲ့ မြင်ကွင်း
ညောင်မွှာပင်၊ အခြားဖက်အပင်နဲ့ ထောက်ပြီး ကိုင်းချင်းဆက်သွားပြီး တပင်ရဲ့ကိုင်းကို တပင်က ထမ်းထားသလိုပါပဲ။ လူငယ်မောင်နှံတွေ အမှတ်တရ ထိုင်နေကြရာပေါ့။
ဒီအပင်ကတော့ မောင့်ဘတန်စိုက်တဲ့သစ်ပင်ပါတဲ့။ အောက်က စာတန်းလေးနဲ့
ကုလအတွင်းရေးမှူးချုပ် ဦးသန့်စိုက်ခဲ့တဲ့ အပင် ရှိပါသေးသတဲ့။ လိုက်ရှာတာပါပဲ။ မတွေ့ခဲ့ဘူး။ ဒီအပင်ပဲတွေ့ခဲ့တော့ ဒါပဲ ရိုက်ခဲ့တာပေါ့။
ဒါက အင်ကြင်းဖြူ၊ အနီရောင်သန်း အင်ကြင်းကိုပဲ မြင်ဖူးတဲ့ မိမိအတွက်ကတော့ အထူးအဆန်းပေါ့
ဒီနေရာက အလှဆုံးနေရာပါ။ ရာသီဥတု ဖျက်သွားတယ်
ဒါက သစ်ခွ ဥယျာဉ်။
အခြား နိုင်ငံခြားသားတွေဆိုရင်တော့ လိုက်ရှင်းပြပါတယ်။ နိုင်ငံခြားသားကြီးက ပန်းကို နမ်းလိုက် နောက်တပင် ပြောင်းလိုက်နဲ့ လုပ်နေတာပေါ့။ ကိုယ်ကတော့ မတတ်နိုင်တာရော မသက်ဆိုင်တာရောနဲ့ လှည့်ပတ်ကြည့်ပြီး ပြန်ပြေးခဲ့ပါတယ်။ ပန်းခြံကြီးကတော့ အကျယ်ကြီးပါပဲ။ ကိုယ်က ပိုလျံတဲ့အချိန်လေး ၀င်လေ့လာလိုက်တာဆိုတော့ ခပ်သုတ်သုတ်ပဲ ခြေဦးတည့်ရာ ကြည့်ပြီး ပြန်လာခဲ့တာ ပန်းခြံရဲ့ လေးပုံ တပုံလောက်ပဲ ရောက်ခဲ့ပါတယ်။ ပုံတွေကတော့ အများသား။ ကောင်းမယ်ထင်တာလေးပဲ ရွေးပြီး တင်လိုက်ပါတယ်။
ဗဟုသုတ တိုးပွားကြပါစေ-
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။