ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

တဖြေးဖြေးနဲ့ ကျောင်းတက်လာလိုက်တာ လာမယ့် ၂၇ (အောက်တိုဘာ)ဆို ကျောင်းပိတ်တော့မည်။ ယနေ့သည်ကား မဟာယာန ပို့ချသည့် ဆရာ၏ နောက်ဆုံးဆွေးနွေးခြင်းလည်းဖြစ်သည်။ မနက်ဖြန်ဆို art and architecture နဲ့ abhidhamma၊ သဘက်ခါဆို research methodologyတွေ logical reasoningတွေ Pali sourceတွေ Pali nikayaတွေ၊ နောက်တရက်ဆို aesthetic concept တွေ ပြီးဆုံးပေတော့မည်။
၂၂ ရက်မနက်ခင်း ၈း၀၀ နာရီမှာ ဆရာတွေနဲ့ ကျောင်းသားတွေ စုပေါင်းဓာတ်ပုံရိုက် ခွဲခွါခြင်းအမှတ်တရ မုန့်တွေစားကြနဲ့ ဒီကျောင်း ဒီဆရာ ဒီကျောင်းသားတွေရဲ့ တပြိုင်နက်တွေ့ဆုံခြင်းတို့ နိဂုံးချုပ်ပေတော့မည်။
တနှစ်တာ ဖြတ်သန်းသည့် ကေလနိယကျောင်းသားဘ၀သည် မကြာမီပြီးဆုံးတော့မည်ဖြစ်ရာ ရှေးဖြစ် အဖြစ်အပျက်တို့သည်ကား =

ဇန်န၀ါရီလ ၂၂ ရက်ခန့်တွင် ကျောင်းစတင် အပ်နှံဖို့ လက်ခံပြီ။
ကျောင်းအပ်နှံရာတွင် အမ်အေတန်းအတွက် စာချတန်းအောင်လက်မှတ်ကို သာသနာရေး(ပြည်ပဌာန)မှ ဘာသာပြန်ပြီး (သို့မဟုတ်) နိုတြီပြုလုပ်ပြီး စာရွက်ကို မိတ္တူကူးပေးရမည်။
(အစိုးရစာချတန်းအပြင် အခြားစာချတန်းများလည်း လက်ခံသည်ဟုသိရသည်) စာချတန်းကို ဘီအေ ရပြီး အဆင့်နှင့် ကိုက်ညီသည်ဟု ဆိုသည်။
မူရင်းအောင်လက်မှတ်၊ passport စာအုပ်၊ ဓာတ်ပုံ နှစ်ပုံ ပေးပြီး အပ်နှံရမည်။
ပြီးလျင် ကျောင်းစရိတ် ကနဦး ဒေါ်လာ ၂၀၀ နှင့် စာကြည့်တိုက်အတွက် ရူပီး ၂၀၀၀ ပေးရမည်။

ဖေဖေါ်ဝါရီ ၂၄ မှသည် ဧပြီ ၇ ရက်နေ့ထိ = ပထမကျောင်းချိန်
(အမ်အေ ကျောင်းသားများအတွက် မတ်လ ၂၀ ရက်နေ့နောက်ဆုံးထားပြီး မိမိယူမည့် ဘာသာရပ်ကို ရေးချယ်ရမည်ဖြစ်သည်)
ယခုနှစ် ၂၀၀၉ တွင် ပြဌာန်းသည့် ဘာသာရပ်များသည် ယခင်နှစ်က ဘာသာရပ်ပုံစံများနှင့်ကွဲပြားသည်။ ယခင်နှစ်က ပြဌာန်းသည့် ဘာသာရပ်တွေထဲက ကိုယ်ကြိုက်တာ ယူခွင့်ရှိသည်။ ယခုနှစ်တွင် အောက်ပါအတိုင်း ပြဌာန်းထားသည်။

Compulsory
ME 01 - Buddhist Doctrines of the Pali Nikaya: Analysis and Interpretation
ME 39 - Source Studies, Research Methodology and Logical Reasoning

1st Category
ME 06- Origins of Mahayana and The Earliest Mahayana Sutras
Me 07- Nagarjuna's Philosophy as reflected in his Mulamadyamaka Karika
Me 08- The Philosophy of Vijnaptimatrata: A Study based on Vimsatika, Trimsika and the relevant commentaries
ME 12- An Introduction to Buddhist Sanskrit and the Buddhist Sanskrit Literature

2rd Category
ME 13- The Classical Sinhala Literature of Bhddhist Origin: Analysis and Evaluation
ME 15- The Pali Chronicles of Sri Lanka
ME 22- Buddhist Art and Architecture- 1 (Indian subcontinent)
ME 23- Buddhist Art and Architecture- 2 (Sri Lankara)

3rd Category
ME 02- Theravada Abhidhamma: Origins and Development
ME 09- The Buddhist Vinaya and the monastic organization
ME 26- Buddhist Psychotherapy
ME 27- Social Dimension of Buddhism
ME 35- Theravada Tradition: A Historical and Doctrinal Study

4th Category
ME 21- Buddhist Aesthetic concepts: Analysis and Evaluation
ME 33- Buddhist Economic Philosophy
ME 37- Buddhism and Environment

compulsory နှစ်ဘာသာ နဲ့ ကျန်လေးခုထဲက တခုရွေးတော့ ခြောက်ဘာသာပေါ့။
ကျောင်းစဖွင့်ကတည်းက ဘာသာရပ်တွေ ပြဌာန်းထားပြီး မိမိကြိုက်သည့် ဘာသာရပ်များကို လိုက်တက်ပြီး အသင်ပြ ကောင်းသည့်ဆရာ နှင့် မိမိစိတ်ဝင်စားရာ ဘာသာရပ်ကို ရွေးချယ်ပြီး ရီဂျစ်စတာ ဌာနမှ ဖေါင်တောင်းယူပြီး ဖြည့်ကာ ထိုဌာနမှာပင် တင်ရမည်ဖြစ်သည်။

ထို့နောက် ကျောင်း ပိတ်သည်။

ဧပရယ် ၂၁ ရက်မှသည် ဂျူလိုင် ၂၁ ရက်နေ့ထိ - ဒုတိယကျောင်းချိန်

ပထမကျောင်းချိန်တုန်းက ဆရာများက ပျက်လိုက် ကျောင်းသားများက မတက်လိုက်နှင့် အမြည်းသဘော ပို့ချသည့် ဘာသာရပ်များကို ဖိဖိစီးစီးသင်တော့သည့်အချိန်ဖြစ်သည်။

ထို့နောက် ကျောင်းပိတ်သည်။

သြဂုတ် ၁၁ ရက်မှသည် အောက်တိုဘာ ၂၇ ရက်နေ့ထိ - တတိယကျောင်းချိန်
နှစ်လကျော်ကျော် ဖိသင်ပြီး နောက်ဆုံးလတွင်မူ ဆွေးနွေးခြင်း၊ ကျူတိုရီရယ် ဖြေစေခြင်း၊ ခန့်မှန်းမေးခွန်းပေးခြင်းများ ပြုလုပ်ပေးသည်။

စာမေးပွဲ လျောက်လွှာ နောက်ဆုံးပိတ်ရက်က အောက်တိုဘာ ၃၁ ရက်။
ရေးပြီးအက်ဆေး (ကျမ်း) တင်ရမည့် နောက်ဆုံးရက်က ဒီဇင်ဘာ ၅ ရက်။
စာမေးပွဲကျင်းပမည့် ရက်က ဒီဇင်ဘာ ၇ ရက်မှ ၂၀ ရက်အထိ။

ယခု အောက်တိုဘာလနောက်ပိုင်း ကျောင်းပိတ်ခါနီးတွင် ဘာသာရပ်အလိုက် ဆရာများ၏ လက်မှတ်ကို မိမိကျောင်းသားကဒ်တွင် အထိုးခိုင်းရသည်။ ပြီးလျင် register ဌာနသွားပြပြီး စိစစ်မှုကို ခံယူရသည်။
မိမိ စာမေးပွဲဖြေရန် တင်ထားသည့် ဘာသာရပ်များ ဟုတ်-မဟုတ်ကိုလည်း register ဌာနတွင် ပြန်စစ်ရသည်။

စာနဲ့ မရေးပေမယ့် အောက်ပါ ပုံများနှင့် ပုံပေါ်မှ ရက်စွဲများက တက္ကသိုလ်၏ တနှစ်တာ ရှင်သန်ခြင်းကို ဆက်လက် ပြောပြပါလိမ့်မည်။

ယခင်နှစ်ကမှ မိန်းတက္ကသိုလ်ကနေ ခွဲထွက်ခဲ့သည့် ကျောင်းဆောင်

ငွေသွင်းချလန် (သို့) passport ပြပြီး subject စာအုပ်၊ term calendar ၊ subject time စာရွက်များကို ယူပါ။ Subject စာရွက်တွင် မိမိတက်ရောက်လိုသည့် medium (အင်္ဂလိပ်၊ ဆင်ဟာလ ကြိုက်ရာရွေး) နှင့် ဘာသာရပ်တို့ကို ရွေးချယ်ပြီး ဒုတိယကျောင်းတက်ချိန်တွင် register ဌာနတွင် ပြန်တင်ရမည်ဖြစ်သည်။

ဆရာများမှ မီးရှုးတိုင် ထွန်းညှိပြီး ကျောင်းဖွင့်လှစ်စဉ်

ဘွဲ့လွန် တက္ကသိုလ်ကျောင်းသားများ

art and architecture ကို ဆွေးနွေးပို့ချနေသည့် ဆရာမ

မဟာယာနဘာသာရပ်ကို ဆွေးနွေး ပို့ချနေသည့် ဆရာ

ဆရာသုမနပါလ မှ အဘိဓမ္မာ ဆွေးနွေး ပို့ချစဉ်

aesthetic concept ကို ၀င်ရောက်ပို့ ချနေသည့် ဆရာ (ထိုဆရာသည် vinaya and monastic organization နှင့် Buddhist economic တို့ကို ပို့ချသည်)

မေလ ၂၂ ရက်နေ့ကထွက်ခဲ့သည့် ၀၈ အောင်စာရင်း

စာကြိုးစားပါ၊ ကျောင်းမှန်မှန်တက်ကြပါ

မိမိတင်မည့် ကျမ်းခေါင်းစဉ်ကို ဆရာများနှင့်တွေ့ဆုံဆွေးနွေးရန် ကြော်ငြာစာ

စုပေါင်း ဓာတ်ပုံရိုက်ကြမယ် ဓာတ်ပုံရိုက်ရန်၊ ဆရာများကန်တော့ဖို့ပစ္စည်းဝယ်ရန်၊ အဲဒီနေ့ စားရန်အတွက် ရူပီး ၁၀၀၀ိ စီတော့ ထည့်ဝင်ရပါကြောင်း။

နှုတ်ဆက်ပွဲနေ့တွင်တော့ ဓာတ်ပုံရိုက် စကားပြော မုန့်စား ထမင်းထုတ်ယူပြီး ပြန်လာဖြစ်ခဲ့ပါကြောင်း။

ဆရာများ၊ (မဟာယာန ဆရာမပါ၊ အချို့ဆရာများသည် ဆင်ဟာလမီဒီယမ်မှ ဆရာများဖြစ်သည်)

သူ့သတ်မှတ်ချက်မှာ ဒီဇင်ဘာလထိဖြစ်သော်လည်း နိုဝင်ဘာ ၁၅ ရက်ခန့်တွင် မိမိတို့ရေးသားပြီးသား ကျမ်းစာများကို မှတ်ပုံတင်ဌာနသို့ သွားရောက်ပို့ဆောင်ကြတော့သည်။ အပ်နှံလျင် ထိုဌာနမှ သူတို့လက်ခံထားကြောင်း ဖြတ်ပိုင်းတခု ပြန်ပေးပါသည်။

စာမေးပွဲဖြေဖို့ တပတ်လောက်အလိုတွင် စာတိုက်မှ ပို့လိုက်သည့် စာများ စာဖြေအချိန်စာရင်းများဖြစ်သည်။ အစတွင် အကြမ်းဖျင်းအားဖြင့် မှတ်ပုံတင်ဌာနမှ ထွက်ထားရာ တနေ့တည်း မိမိတို့ ယူထားသည့်ဘာသာနှစ်ခု (မနက်-နေ့ခင်း)ဖြေဖို့ ဖြစ်နေခဲ့သည်။ အကျိုးဆောင်ရွက်ရန် စေတနာထက်သန်သည့် သံဃာများက တက္ကသိုလ်သို့ သွားရောက် ပြောဆိုသည့်အခါ အချိန်စာရင်း ပြောင်းလဲပေးခဲ့သည်။ မတောင်းဆိုခဲ့သည့် မိမိတို့နှင့် ဘာသာကွဲ ဆင်ဟာလ ဘုန်းကြီးများတော့ တရက်ထဲ နှစ်ဘာသာ ထပ်သည်တော့ ရှိနေမြဲရှိနေသည်။ ယခင်နှစ်က ကျရှုံးသူများကတော့ ယခင်နှစ်က ဘာသာရပ်များကို ပြန်ဖြေရမည်ဖြစ်သည်။ သူတို့လည်း မနက်-နေ့ - နောက်တရက် နံနက်အားဖြင့် အချိန် သုံးခုလုံးတိုက်နေသည်။








=======
၂၀၁၀ နှစ်ဦးပိုင်တွင် Visa ပြဿနာများ ဖြစ်လာသည်။ ထို့အတွက် Immigration မှ ထောက်ခံစာတောင်းသည်။ တက္ကသိုလ်ထောက်ခံစာနှင့် high education ဌာနမှ ထောက်ခံစာများဖြစ်သည်။ တက္ကသိုလ်က အောင်ဂေဇတ်စောင့်သူများ ဖြစ်ခြင်းကြောင့် သုံးလသာလျင် ထောက်ခံစာထုတ်ပေးသည်။ ထိုထောက်ခံစာပေါ်တွင် high education မှ တံဆိပ်တုံး ထုပေးသည်။ ထိုအခါ ဗီဇာသည် သုံးလသာ ရရှိတော့သည် ကို တွေ့မြင်ရသည်။
=========
ဇန်န၀ါရီကတည်းက အောင်ဂေဇတ်တွေ ဖေဖေါ်ဝါရီလ သို့မဟုတ် မတ်လတွင် ထွက်မည်ဟု ကြားရသည်။ ယခု ဖေဖေါ်ဝါရီလ ၂၀ တွင်မူ ယခင် ၂၀၀၈ ပညာရေးနှစ်က M.A အောင်မြင်ပြီးသူများ Certificate များကို ထုတ်ယူနိုင်ပြီဟု ထပ်ကြားရသည်။
===========

ဗဟုသုတ တိုးပွားကြပါစေ
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- ကိုလံဘို)