ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

မိမိတို့ဆီမှာတော့ စာဆိုတော်ပွဲက ဆောင်းရာသီရဲ့ နတ္တော်လ ညခင်းတွေမှာ ကျင်းပလေ့ရှိပါတယ်။ အခုဒီမှာတွေ့ရတာတော့ မနက်ခင်းမှာပါ။ ရှေ့ကလူကပြောတာကို ငုတ်တုတ်ကြီးတွေ အငြိမ်သား နားထောင်နေကြပေသည်။ မြန်ပြည် စာပေဟောပြောပွဲလိုတော့ တ၀ါးဝါး တဟားဟား ရယ်သံတွေ၊ လက်ခေါက်မှုတ်သံ၊ လက်ခုပ်တီးသံ သောသောညံနေတာတွေ မကြားရပေ။ ဟောပြောပွဲလာသူများ ကြည့်ရန် ပြပွဲလေးပါ ထည့်သွင်းထားသည်။ ကိုယ်က သူ့စကားနားမလည်တော့ စာပေဟောပြောပွဲမှာ ဘာတွေ ပြောနေသည်ကိုတော့ ပြန်မပြောပြတတ်ပါ။ မိမိတို့သင်ယူထားသည့် Art and architecture ဘာသာထဲက သိပြီးသားများဖြင့် စိတ်ကူး ဘာသာပြန်မှုကိုတော့ ရေးလိုက်ပါသည်။ ရှုတော်မူပါကုန်-

၁။ ကျောင်းကလေး မခမ်းနားပါဘူး။ ဒါပေမယ့် ပညာရေးတွေကို မူလတန်းကနေ ဘီအေ အမ်အေတန်းတွေထိ weekend တွေတောင် မနား အလှည့်ကျဖြင့် သင်ကြားနေတော့လည်း ကြီးကျယ်သည်ဟုတော့ ဆိုရပေမည်။

၂။ ပြခန်းများ၊ ဗီနိုင်း ဓာတ်ပုံများ ထောင်ပြီးပြသထားသည်။

၃။ ရှေးတုန်းက တည်ဆောက်ထားတဲ့ အဆောင်များ။ မြန်ပြည် မန္တလေးတောင်ခြေက သုဓမ္မာဇရပ်တန်းကို သတိရမိသည်။

၎။ ပေစာလုပ်ပုံ။ ပေရွက်ကိုခုတ်၊ ဆုတ်၊ ခွေ၊ ပြုတ်၊ လှန်း၊ ဖြောင့်၊ ရေး ဆေးသုတ်၊ ထုပ် ပေါ့။ ပြုတ်တုန်းကလည်း ဆေးထည့်ပြီး ပြုတ်ရသည်ဟုဆိုသည်။ ဒါမှ ပိုးမထိုး ခြမစားပဲ ရေရှည်ခံမှာ ဟုပြောသည်။

၅။ ရှေးတုန်းက ရေကန်များ။ ကြာပန်းပုံတို့ ဘာတို့ကို ကျောက်သားဖြင့် တန်ဆာဆင်ထားသည်။ ပုဂံနဲ့ ခေတ်ပြိုင်တုန်းက ဖြစ်သည်။ ယခုလည်း မြင်တွေ့နိုင်သည်။

၆။ အုန်းပင် အုန်းလက်ကတော့ အတော်နိုင်ပါ့။

၇။ ပရိုဂျက်တာဖြင့် ကောသလအိပ်မက် ၁၆ ချက်ကို ပြသသည့် အခန်း

၈။ ပန်းချီပြခန်းထဲမှ ဆွမ်းခံကြွနေသည့်ပုံ၊ ပြခန်းတာဝန်ခံကတော့ အဲဒါ ကျောင်းသူလေးဆွဲတဲ့ ပထမဆုရ ပန်းချီလို့ ဆိုပါတယ်။ ကိုလံဘိုမှာတော့ ဆွမ်းခံကြွတာကို မမြင်ဖူးလောက်အောင် ရှားပါးသည်။ တွေ့ပြန်လျင်လည်း သပိတ်များတွင် သပိတ်ဖုံးမပါပဲ သင်္ကန်းဖြင့် ဖုံးအုပ်ထားသည်ကိုသာ တွေ့မြင်ရသည်။ (ကျောင်းအများစုသည် ကျောင်းတက်သည့် ကိုရင်များ၊ စာချသည့် ဆရာများဖြစ်ပြီး ထိုဆရာ-ကျောင်းသားတို့သည် လူပုဂ္ဂိုလ်တက်သည့် ကျောင်းတွင် တက်ကြ သင်ကြခြင်းဖြစ်သည်။ ပညာရေးတွင် ခွဲခြားမှုမရှိ၊ ဘာသာရပ်သာ ကွဲပြားသည်။ နံနက် ၇း၀၀ နာရီကျောင်းတက်တော့ ဆွမ်းခံကြွချိန်မရှိ။ ထို့ကြောင့် ဒကာဒကာမများက ကျောင်းသို့ ဆွမ်းအုပ်ပို့ကြသည်။ မရှိလျင်တော့ ချက်ပေါ့။)

၉။ ဒီနေ့ ကြည့်မိသမျှထဲမှာ အကြိုက်ဆုံး ပန်းချီကားပါပဲ။ ရေးဆွဲသူကတော့ စာချဆရာတော် တပါးပဲ။ သူက စာကျက်နေတဲ့ ကိုရင်တပါးက သူ့စာအုပ်ကို ဘေးချပြီး ရွာသားတွေ ဆော့တာကို ကြည့်နေတာလို့ ပြောပါတယ်။ မိမိတို့ငယ်ငယ်တုန်းကလဲ အဲလိုပဲ ရွာသားတွေဆော့နေတာကို ငေးနေမိခဲ့တာ။ အခုတော့ရော..... မပြောင်းလဲပါဘူး။ ငေးနေရတုန်းပါပဲ။ ခံစားမှုလေးတွေ တိုက်ဆိုင်လို့ အကြိုက်ဆုံးဖြစ်သွားတာပါ။

၁၀။ ပန်းချီပြခန်း၊ ဗုဒ္ဓဘာသာရေး အရိပ်အငွေ့ကတော့ အများဆုံးလွှမ်းမိုးထားပါတယ်။

၁၁။ တောရိုင်းတိရစ္ဆာန် ထိမ်းသိမ်းရေးအဖွဲ့မှ ပြခန်းတခု၊ အဲလို ပြခန်းတွေ၊ စာအုပ် အရောင်းဆိုင်တွေ ပါပါသေးတယ်။

၁၂။ ဒါလည်း ပန်းချီပြခန်းပါပဲ။ ဒါပေမယ့် ရေးဆွဲထားတာက အုန်းပင်ပင်စည်ကို ပတ်ထားတဲ့ အုန်းဖတ်ပေါ်၊ ကွမ်းသီးဖတ်ပေါ်မှာ ဆွဲထားတာ။ ကြံတတ် ဖန်တတ်ပါပေတယ်။


၁၃။ Digital ခန်း၊ Digital ခေတ်ကို ရောက်လာပုံကို ရှေးဓာတ်ပြားတွေက အစပြသသည်။ ယခုပုံသည် တိုက်ရိုက် ရေဒီယိုလွှင့်နေပုံဖြစ်သည်။ FM လိုင်းယူကာ ငါးမီတာအတွင်း နားထောင်နိုင်ရန် တိုက်ရိုက်ထုတ်လွင့်နေသည်။ ရဟန်းတော်က ထိန်းချုပ်ပြီး လွှင့်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အခမ်းအနားများတွင် ရဟန်းတော်များ ကိုယ်တိုင် အသုံးပြု ထိန်းချုပ်လုပ်ဆောင်သည်ကိုပင် စာအုပ်လှူဒါန်းပွဲတွင် တွေ့ဖူးသည်။

ဒီမှာတော့ ဟောပြောပွဲအပြီး ကျောင်းအလိုက် အဖွဲ့အလိုက် ကကြဆိုကြနဲ့ပေါ့။ ကိုယ်နဲ့ မသင့်တော်တဲ့နေရာမို့ ဓာတ်ပုံပဲ ရိုက်ပြီး ပြန်ထွက်ခဲ့ရတယ်။

ဒီပြပွဲ ဦးဆောင်ကျင်းပသူများက ရဟန်းတော်များဖြစ်ခြင်းကိုတော့ ဂုဏ်ယူမိပါကြောင်း ----

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- ကိုလံဘို)