တစ်ခါက ဤကမ္ဘာကြီးပျက်သည့်အခါတွင် သတွာအများဆုံး အာဘဿရာဗြဟ္မာ့ဘုံတွင် ဖြစ်ကြရသည်။
ထို့နောက် ဤလူ့ဘုံဖြစ်လာသည့်အခါတွင် ထိုဘုံမှစုတေကာ ဤလူ့ဘုံသို့ လာ၍ (ကိုယ်ရောင်ကိုယ်ဝါထိန်လင်းစွာဖြင့်) ဖြစ်လာကြသည်။
ထိုအချိန်တွင် ဤလူ့ဘုံသည် ရေပြင်အတိချည်းသာဖြစ်လျက် အမှောင်ကျရောက်လျက်ရှိသည်။ လ နေ နက္ခတ် တာရာ ညဥ့် နေ့ လဝက် တလ ဥတု နှစ် အပိုင်းအခြားများမရှိ မိန်းမယောင်္ကျားမရှိပဲ သတ္တဝါဟုသာ အမည်သညာတွင် လျက်ရှိသည်။
ထို့နောက် ရေပေါ်တွင် မြေအဆီအနှစ်ပေါ်တက်လာခဲ့သည်။ ထိုမြေဆီကို အရသာမက်မောသော သတ္တဝါ တစ်ကောင်မှ ယူငင်စားသောက်ရာမှစ၍ သတွာအားလုံးအတုလိုက်ကာ စားသောက်ခဲ့ကြသည်။
ထိုအခါထိုသတွာတို့တွင် လိုချင်မှု လောဘ(တဏှာ)ဖြစ်ပြီး ကိုယ်ရောင်ကိုယ်ဝါ ကွယ်ပျောက်ခဲ့ကြရပြီး အမှောင်ထုကျ ရောက်ပြီးနောက်တွင် နေ လ တို့ထင်ရှားဖြစ်ပေါ်ခဲ့ရသည်။
(မှတ်ချက်။ ။ ကြောက်သဖြင့်တောင့်တသောကြောင့် နေ လတို့ဖြစ်။ ဌ-၅၀)
မြေဆီကိုစားသောကြောင့် ခန္ဓာကိုယ်များ ကြမ်းတမ်းခြင်းဖြစ် လှပခြင်း ရုပ်ဆိုးခြင်းဖြစ်ကာ ငါကလှ၏ သူက မလှ အစရှိသည်ဖြင့် မာန်ခက်ထန်ကြရာ မြေဆီကွယ်၍ မြေလွှာဖြစ်ခဲ့ကာ ထိုမြေလွှာကိုသာ စားသောက်ခဲ့ရသည်။
ထိုသို့မာန်ခက်ထန်ကြခြင်းကြောင့်ပင် မြေလွှာကွယ်၍ အလွန်ချိုသော နွယ်ချိုဖြစ်ခြင်း၊ နွယ်ချိုကွယ်၍ ဖွဲနုမပါ သော ဆန်လုံးချည်းဖြစ်၍ မီးဖြင့်ချက်စရာမလိုသော သလေးထမင်းများဖြစ်ခြင်းသို့ လျောကျခဲ့သည်။
ထို့နောက် ထိုဆန်ကိုစားရာတွင် အလွန်ကြမ်းတမ်းလာ၍ ယောင်္ကျားမိန်းမ လိင်အင်္ဂါထင်ရှားဖြစ်ခဲ့ရသည်။
ယောင်္ကျားသည် မိန်းမကို၊ မိန်းမသည်ယောင်္ကျားကို တစိမ်းကြည့်ရာမှ ရာဂဖြစ်ပြီး မေထုန်မှီဝဲခဲ့ကြတော့သည်။
ကမ္ဘာဦးအစတွင် မေထုန်အကျင့်ကို မကောင်းကျင့်ဟုဆိုကာ ကျဉ်ဖယ်ရာမှ မေထုန်မှုပြုကြောင်းကို ဖုံးကွယ်ရန် အတွက် နေအိမ်ဆောက်ခဲ့ကြပြီးနောက် နံနက်စာ နေ့စာအတွက် သလေးဆန်ကို တရက်စာမှစ၍ ရှစ်ရက်စာအထိ သိုမှီးချိန်တွင် သလေးပင်သည် ပြန်မပေါက်တော့ပဲ ဖြတ်ရာအတိုင်းသာ တည်တော့သည်။
ထိုသို့ဖြစ်ချိန်တွင် စည်းဝေးမှုပြုပြီးသကာလ သလေးစပါးနယ်မြေပိုင်းခြားသတ်မှတ်ခဲ့ကြသည်။
အလိုလောဘကြီးသူတယောက်သည် သူတပါး အပိုင်းခြား သလေးစပါးကို ခိုးယူခဲ့သည်။ ထိုအခါ ပြစ်ဒဏ် ခတ်မှု ရိုက်နက်မှုတို့ ဖြစ်ခဲ့သည်။
ထိုအခါတွင် ထိုသို့ခိုးယူခြင်း၊ တုတ်ကိုင်ခြင်း၊ လိမ်ပြောခြင်း ယုတ်မာသောတရားများထင်ရှားဖြစ်လာရာ ထိုမကောင်းမှုများကို တရားသဖြင့် ကဲ့ရဲ့ရန် ရှုံ့ချရန်အတွက် သလေးဆန်ပေးကာ ခေါင်းဆောင်တယောက်ကို ရွေးခဲ့ကြသည်။ ထိုသူကို “မဟာသမ္မတ”ဟုလည်းကောင်း “ခတ္တိယ”ဟုလည်းကောင်း “ရာဇာ”ဟုလည်းကောင်း ခေါ်ခဲ့သည့် မင်းမျိုး (ဘုရင်)
ထို့နောက် ထိုသို့ ခိုးယူခြင်းစသော ယုတ်မာသောတရားများကို မျှောပြစ်ရန်အတွက် တောအရပ်တွင် ဈာန်ဝင်စားနေထိုင်သူ “ဗြဟ္မဏ”၊ ဈာန်ဝင်စားနေသူ “ဈာယက”၊ မြို့နားတွင်နေပြီး ဈာန်မရရှိသူပဲ ဗေဒင်ကျမ်းကို ပို့ချသူ “အဈာယက”ဟု ခေါ်ခဲ့ကြသည့် ပုဏ္ဏားမျိုး (ပညာရှိ)
အချို့သူတို့ကား အိမ်ထောင်ပြု၍ လယ်လုပ်ခြင်း၊ နွားမွေးခြင်း၊ ကုန်သွယ်ခြင်းတို့ ပြုလုပ်လျက်ရှိသောကြောင့် “ဝေဿ” ဟု ခေါ်သည့် ကုန်သွယ်မျိုး (ကုန်သည်)
အချို့သူတို့ကား ကြမ်းတမ်း၊ သေးနုပ်သောအလုပ်ကို လုပ်ကြရသောကြောင့် “သုဒ္ဒ”ဟုခေါ်သည့် လူဆင်းရဲမျိုး (အလုပ်သမား)
ထို့နောက်တွင် မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သွယ်မျိုး၊ လူဆင်းရဲမျိုး တို့မှ မိမိတို့ကျင့်ဝတ်ကို ကဲ့ရဲ့လျက် လူ့ဘောင်မှထွက်ခွါပြီး ရဟန်းပြုခဲ့ရာ ရဟန်းမျိုး ဟု ဖြစ်ခဲ့သည်။
သို့သော် ထိုမင်း၊ ပုဏ္ဏား၊ ကုန်သည်၊ လူဆင်းရဲ၊ ရဟန်းမျိုးတို့သည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်ကို ကျင့်၍ အယူမကောင်းကာ မကောင်းမှုပြုကြလျင် သေလွန်သည့်နောက်တွင် ငရဲပြည်သို့ ကပ်ရောက်ကြရ၏။
ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်ကို ကျင့်၍ ကောင်းသော အယူရှိကြ၍ ကောင်းမှုကို ပြုကြလျင် သေလွန်သည့်နောက်တွင် နတ်ပြည်သို့ ကပ်ရောက်ကြရ၏။
ကာယသုစရိုက်/ဒုစရိုက်၊ ဝစီသုစရိုက်/ဒုစရိုက်၊ မနောသုစရိုက်/ဒုစရိုက်ကို ကျင့်၍ ကောင်း/မကောင်း အယူရှိကြ၍ ကောင်းမှု/မကောင်းမှုကို ပြုကြလျင် သေလွန်သည့်နောက်တွင် ချမ်းသာဆင်းရဲ နှစ်မျိုးကိုခံစားကြရ၏။
ထိုအမျိုးလေးပါးသည်ပင် ကိုယ်နှုတ်စိတ် စောင့်ထိန်း၍ ဗောဓိပက္ခိယတရားကို ပွားများပြီး မျက်မှောက်ဘဝ တွင်ပင် ကိလေသာကုန်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုရသည်။
ဒီတရားကိုပင် လူတန်းစားခွဲခြားမှု ပပျောက်ရေးကို ဘုရားဟောကြားခဲ့သည်ဟုဆိုသည်။ လောကရဲ့ တရားသူကြီးဆိုတာ ကိုယ်ပြုတဲ့ ကောင်းမှု မကောင်းမှုက ဆုံးဖြတ်ပေးတာလို့လည်း ဆိုကြပေသည်။
မှတ်ချက်။ ။ ဒီဃနိကာယ်၊ ပါထိက၀ဂ်၊ အဂ္ဂညသုတ် ထဲမှ စကားပိုဒ်အချို့ကို စကားပြေချောရန် ပြန်ရေးထားခြင်းဖြစ်ပါသည်။
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။