ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

ဘ၀သည် သင်ယူစရာများဖြင့် ပြည့်နက်နေသည် ဟု ဆိုရပေတော့မည်။ ငယ်စဉ်ကတည်းက သင်လာလိုက်တာ ယနေ့ထိ မကုန်နိုင်သေး။ ကွန်ပျူတာဆိုင်ရာတွေ ဘာသာစကားဆိုင်ရာတွေ လောကရေးရာတွေ…. တွေ….တွေ…တွေ……။

ဒီအကြောင်းနဲ့စပ်ရော သူငယ်ချင်းတပါး ပြောတာကို အမှတ်ရမိသည်။ သူငယ်ချင်းက ယောဆရာတော်ကျောင်းကနေ ထွက်ခွါဖို့ ဆရာတော်ကို ကန်တော့တော့ ဆရာတော်က
“ဘာ့ကြောင့် ထွက်ချင်ရပါသလဲ”
မေးသည်။

“အင်္ဂလိပ်စာ သင်ယူပြီး စာပေကို လေ့လာချင်လို့ပါဘုရား”
ဟု ဖြေ(လျှောက်)ရာ
ဆရာတော်က….
“အေးကွယ် မင်းတို့များ ပန်းတိမ်အတတ် တတ်နေတာတောင် စိန်သွေးတတ်ချင်သေးတယ်”
လို့ မိန့်တော်မူခဲ့သည်ဟုဆိုသည်။

သူငယ်ချင်းစကားကို ကြားရတော့ မိမိတို့လည်း ကိုယ့်ကိုကိုယ် ရှက်မိသည်။ မိမိတတ်သည့် ပါဠိဘာသာစကားကို ကောင်းကောင်း အသုံးမချချင်ပဲ အခြားဘာသာကိုမှ လေ့လာချင်မိနေသည်ကိုး။

သို့ပေသည့် ယနေ့ထက်တိုင် မပြင်နိုင်သေး။ မိုက်တွင်းနက်နေသေးသည်ဟု ဆိုရမလို ဖြစ်နေသည်။ တခုကောင်းသည်က မိမိတို့သင်သည့် အင်္ဂလိပ်ဘာသာသည် ဘုရားဟော ကျမ်းဂန်များကို ဘာသာပြန်ထားသည့် စာများဖြစ်နေခြင်းပင် ဖြစ်သည်။ ထို့ပြင် အခြားဗဟုဿုတရစကာ သက္ကတဘာသာ မှဆင်းသက်လာသည့် တွေးခေါ်ယူဆချက်များ၊ တိဘက်၊ ချိုင်းနားမှ ဆင်းသက်လာသည့် အယူအဆများ စာပေများကိုလည်း တက္ကသိုလ်ကျေးဇူးကြောင့် ဗဟုသုတ တိုးပွားရပေသည်ဟု တဖက်ယုတ် တဖက်တိုး တွေးတောမိသည်။

SVS school


ဒီတော့ အင်္ဂလိပ်ဆိုသည်မှာ မိမိတို့အတွက်တော့ အခုမှပက်ပင်းတိုးရသည့် ဘာသာစကား ဖြစ်ပေသည်။ ယခင်က မြန်မာစကားပြောရင်း အင်္ဂလိပ် လေ့လာခဲ့ရာမှ ယခုအခါ အင်္ဂလိပ်လိုပြော အင်္ဂလိပ်လိုရေး လုပ်ရတော့သည်။ ထို့ကြောင့် အင်္ဂလိပ်တောထဲ တိုးခဲ့ရတော့သည်။

“Hay Hay, don’t say your language’’

“Hay hay, don’t say religion”

ဒါကတော့ အင်္ဂလိပ်ကျောင်းခေါ် SVS ကျောင်းက ဆရာ ခဏခဏ သတိပေးရတဲ့စကားတွေပါ။
သူ့ကျောင်းမှာ Elementary တန်း၊ Pre-intermediate တန်း၊ Intermediate တန်းဆိုပြီး သုံးတန်းခွဲသင်ပါတယ်။ သင်တန်းကျေးကတော့ တတန်းကို ရူပီး ၆၀၀၀ ပါ။ တောင်တန်းဒေသ တိုးတက်ရေးကျောင်းမို့သာ ဈေးချိုတာ။ တတန်းကို သုံးလခန့်တက်ရပြီး တနေ့ (၂) နာရီ သင်ပါတယ်။ ရေး ဖတ် ပြော နားထောင် လေးမျိုးလုံးပါအောင် ကျောင်းပျော် အောင် သင်ပါတယ်။ အခန်းတခန်း တတန်းအတွက် ကျောင်းသား ၂၄ ခန့်သာ လက်ခံပါတယ်။ စားပွဲခုံတလုံး ထိုင်ခုံလေးခု၊ တခန်းမှာ စားပွဲခုံ ခြောက်ခုံပေါ့၊ တစားပွဲထဲကို နိုင်ငံတူ ကျောင်းသားများ အတူမထိုင်ရပါဘူး။ Electronic အဘိဓာန်၊ ကိုယ့်ဘာသာနဲ့ ရေးထားတဲ့ အဘိဓာန်တွေ မသုံးရပါဘူး။ လိုအပ်ရင် ခုံပေါ်တင်ထားတဲ့ Cambridge ထုတ် Learner’s Dictionary ကို ကြည့်ခွင့်ရှိပါတယ်။ စကားပြောရင် ဖြစ်ဖြစ် စာရေးရင်ဖြစ်ဖြစ် တယောက်ချင်းကို သေချာလိုက်ကြည့်ပါတယ်။ ငေါက်ငန်းခြင်းကတော့ လုံးဝ လုံးဝ မရှိပါဘူး။ မရရင်တော့ ကျော်သွားတော့တာပေါ့။ မလိုက်နိုင်တော့တဲ့ ကျောင်းသားကတော့ ကျောင်းပျက် ကျောင်းပျက်သွားလိုက်တာ သင်တန်းပြီးဆုံးချိန်ဆိုရင်တော့ ၁၂ ဦးဝန်းကျင်ပဲ ကျန်တော့တာပေါ့။
တခါတရံ Debate ငြင်းခုံမှုလုပ်ရရင် ကိုယ့်အတွေးထားသလို ပြောရတော့တာပေါ့။ ကိုယ့်အမြင်က ဘာသာရေး အမြင်သာဖြစ်ပြီး လောကအမြင် တရားရေးရာ အမြင်တွေက ခပ်နည်းနည်း။ ထိုအခါ ကိုယ့်အယူအဆကို ထောက်ပြဖို့ လိုသည့်အခါ ကိုယ်တတ်တာ ထုတ်သုံးမိသည်။ ဟိုဘက်ကလည်း တခါ သူ့ဘာသာရေးကို ထုတ်သုံးသည်။ တဖြေးဖြေး ပွဲက နှစ်ဦးသာ မဟုတ်တော့။
ဒီအခါ ဆရာက…..
ဟေ့… ဟေ့…. ဘာသာရေးအကြောင်း မပြောရဖူး။

အခုတော့ ကျောင်းမှာ လူကြီး ခန္ဓာကိုယ်နဲ့ ကလေးဦးနှောက်နဲ့ ဖြစ်နေပါပြီ။ ကိုယ် မကျွမ်းကျင်တဲ့နယ်ကိုး။ ဆရာပြောတာ နားမလည်တော့ အနားကပ်နေသူ ကိုယ့်နိုင်ငံသားကို မေးရသည်။ မြန်မာလို့ပေါ့။
ဒီအခါ ဆရာက…..
ဟေ့.. ဟေ့…. ကိုယ့်ဘာသာစကားကို မပြောရဖူး။

ဒီလိုနဲ့ တိုးတက်ခဲ့သည်။ နားထောင်ရည်တွေ ၀ခဲ့သည်ပဲ ဆိုပါတော့။ ပြည့်စုံသည်ကတော့ မဟုတ်။ ကျောင်းစည်းကမ်းတွေကတော့ စာသင်ရင်း ထည့်ပြောသွားသည်။ ကလေးငယ်မပါတော့ အလိုလို သဘောပေါက်သွားသည်။ ထိုထဲတွင် မိမိအားကျမိသည်မှာ မိမိတို့ အစဉ်အလာနဲ့ မတူသည့် ဆရာကို ပြန်မေးနိုင်ရန် လမ်းဖွင့်ပေးခြင်း၊ ငေါက်ငန်းမှု မရှိခြင်း၊ တဦးချင်း ဂရုတစိုက်သင်ပေးခြင်း၊ ထိုသို့ သင်ပေးနိုင်ရန်လည်း ကျောင်းသားဦးရေကို ကန့်သတ်ထားခြင်းတို့ပင်ဖြစ်သည်။
ထို့ကြောင့်လည်း ဘိုစကားဖြင့် ဘိုလိုပြောလိုက်ပါသည်။ Thanks you ပေါ့ဗျာ။ (မြန်မာလိုကတော့ ပေါ့ပျက်ပျက်နိုင်လွန်းလှသည်ဟု ထင်သည်)



အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)