ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

SVS ကျောင်းကိုတက်တော့ အင်္ဂလိပ်ဆရာ Lawreance က လွန်ခဲ့သည့် အနှစ် ၂၀ မှသည် ယနေ့ထိ မိမိနိုင်ငံအခြေအနေ ပြောင်းလဲပုံကို ပြောပြပါ လို့ ဆိုတော့ စဉ်းစားခန်းဖွင့်ပြီး ပြောဖြစ်သည်။

လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေးစသဖြင့် ခေါင်းစဉ်တွေ ခွဲရင် ခွဲသလောက် ရှည်ထွက်သည်။ ထိုစဉ်က ပြောဖြစ်ခဲ့သည့် အကြောင်းအရာများထဲတွင် ဘာသာရေးနှင့် ဆက်နွယ်သည့် ယဉ်ကျေးမှုထဲက တချို့လည်းပါခဲ့သည်။

(ကိုယ်က တောသားဆိုတော့ တောအတွေးပေါ့)
(၁)
ယခင်က အိုးအိမ်တလုံးထဲတွင် မိသားစု တပြုံတခေါင်းတည်း နေကြသည်။ အချို့မိသားစုများကတော့ ခြံဝန်းတခုထဲမှာ စည်းမခြားပဲ အိမ်ကိုယ်စီနဲ့ နေကြသည်။
ယခုတော့ ကိုယ့်အိမ် ကိုယ့်ခြံစည်းရိုးနဲ့ ကိုယ့်အပိုင်းအခြားနဲ့ သီးသန့်နေကြသည်။
(ကောက်ချက်။ ။ သူများကို သိပ်မယုံကြည်တော့)

(၂)
ယခင်က ရွာထိပ်က ရေအိုးစင်တွင် ရေအပြည့် ခွက်အစုံ (ရောက်လာသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေလို့ စာတမ်းလေးနဲ့) ထားကြသည်။ လူတိုင်းကလည်း ယုံကြည်စိတ်ချစွာ သောက်သုံးကြသည်။
ယခုတော့ ကိုယ့်ရေသန့်ဘူးထဲက ရေမှ သန့်ရှင်းတော့သည်။
(ကောက်ချက်။ ။ သူများကို သိပ်မယုံကြည်တော့)

(၃)
ယခင်က နှာခေါင်းမှာ နှာပိတ် (mask) မတပ်ပဲ ခရီးထွက်နိုင်သည်။
ယခုအခါတွင်တော့ နှာပိတ်တွေလိုလာသည်။
(ကောက်ချက်။ ။ သူများကို သိပ်မယုံကြည်တော့)

လောကကြီး ဘာတွေ ဖြစ်ကုန်ပြီနည်း။
ပတ်ဝန်းကျင်ကိုလည်း မယုံကြည်ရ၊ တဦးကို တဦးလည်း မယုံကြည်ရတော့။
ဘာ့ကြောင့်မယုံကြည်ရပါလဲ။
သူတပါးကိုသာ ပြောနေလို့ မဖြစ် မိမိကိုယ်တိုင်ကရော သူတပါး ယုံကြည်ရတဲ့လူ ဖြစ်ပါသလား။
သူက ကိုယ့်ကို ဒုက္ခပေးလို့ ကိုယ်ကလည်း သူ့ကို ဒုက္ခပေးလို့ အချင်းချင်း ဒုက္ခပေးကြ နွံနစ်ရမယ့် အဖြစ်ကို ရောက်နေပြီလား။
ကိုယ်က သူ့ကို သုခပေးလို့ သူက ကိုယ့်ကို ချမ်းသာပေးလို့ ယုံကြည်စွာ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် အနေအထားတွေ လေလွင့်စပြုလာပြီလား။

အခြေခံ ဇာစ်မြစ်က ဘာပါလဲ။
ဒီအခါ စာပေထဲက ကမ္ဘာဦးဆီ အတွေးတို့ ပြန့်သွားသည်။
ဒီကမ္ဘာကြီး စတင်ဖြစ်လာတော့ ဗြဟ္မာလေးယောက် လူ့ပြည်ဆင်းရင်း လောဘတက်လို့ မြေဆီကနေ မြေကြီးဖြစ်သွားရသည်။ ထို့နောက် ထပ်၍ ထပ်၍ လောဘတက်လာလိုက်ကြတာ နောက်တော့ အဆင်သင့် အလုပ်မလုပ်ပဲ စားနိုင်တဲ့ အနေအထားကနေ စိုက်ပျိုးစားရတဲ့ အနေအထားထိရောက်လာသည်။ တနပ်စာအတွက် အပိုစုဆောင်းရင်း တနေစာ တရက်စာ တလစာ တနှစ်စာဖြင့် တိုးစုလာရင်း အခြေအနေကောင်းတို့ ကွယ်ပျောက်ခဲ့ရသည်။ အချင်းချင်းယုံကြည်မှုကင်းလာခြင်း လောဘတိုးလာခြင်းတို့ကြောင့် ဘ၀တလျောက်လုံး ဒုက္ခရောက်ကြရသည် ဟုဆိုသည်။ (ဇာတ်ကြောင်း အပြည့်အစုံ ဖတ်လိုပါက ဒီမှာ ယူဖတ်ပါရန်)

ယခု ကျွန်ုပ်တို့ မျက်မှောက်လောကသည် ရုပ်တိုးတက်မှုကို ဦးတည်နေသော အယူအဆများ ထွန်းကားနေသည်ဟု မြင်မိသည်။ ယခင်ကတော့ ၀ါဒတွေ ပြိုင်ကြရင်း စိတ်တိုးတက်မှုကို ရှာသည့်ခေတ်သည် တဖြေးဖြေး ကုန်လွန်လာနေသည်ဟု မြင်မိသည်။
ရုပ်တရား ဇိမ်ခံပစ္စည်းများ တိုးတက်လာမှ စိတ်ချမ်းသာမည် ထင်သည်။ တိုးတက်အောင် ရှာဖွေရင်း သန္တုဋ္ဌိ- တင်းတိမ်နိုင်မှု မရှိသဖြင့် ထပ်တိုးရှာရင်းဖြင့် ချမ်းသာကို ကောင်းကောင်းမခံစားရသလို ဖြစ်နေသည်။ (ပိုက်ဆံကို ခိုင်းဖို့ရှာရင်းက ပိုက်ဆံက ကိုယ့်ကို ပြန်ခိုင်းနေသည် နှင့်တူနေတော့သည်။ ပိုက်ဆံဆိုတာ သုံးတတ်လျင် ကျွန်၊ မသုံးတတ်လျင် သခင်ဟု ဆိုသည်။) မိမိကတော့ အဲသလို မြင်မိသည်။

ထို့ကြောင့် ရုပ်ဝတ္ထုနဲ့ စိတ်ဓာတ်တို့ ကောင်းမွန်ရန် ထိန်းညှိပေးဖို့လိုပေလိမ့်မည်။ အူမတောင့်မ သီလစောင့် -လို့ စကားပုံရှိသည်။ ရုပ်ဝတ္ထုမပြည့်စုံလျင်လည်း စိတ်ဓာတ်တို့ ပျက်ပြားနိုင်သည်။ (ဥပမာ- စားစရာမရှိလို့ ခိုးခြင်းမျိုး)
စိတ်ဓာတ်တို့ ယုတ်ညံ့လျင်လည်း ရုပ်ဝတ္ထုအပေါ် အထင်ကြီးနေမိသဖြင့် ပျက်စီးနိုင်သည်။ (ဥပမာ- မိမိလက်ရှိ အနေအထားဖြင့် အဆင်ပြေနေပါလျက် မလိုအပ်ပဲ အလွန်လောဘကြီးနေတာမျိုး)။
ထို့ကြောင့် အသိညာဏ်ထည့်ပြီး တခါတခါ ချင့်ချိန်ကြရန်လိုပေသည်။ တဖက်စောင်းနင်း မဖြစ်စေပဲ စိတ်ရော ရုပ်ရော အဆင်ပြေမှု ညီမျှစေချင်သည်။ သက်သောင့်သက်သာ နေထိုင်ပြီး ဘ၀ကို သာယာချမ်းမြေ့စွာ ဖြတ်သန်းနေသူများ ဖြစ်စေချင်လှပါသည်။

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ- ကိုလံဘို)