ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

တခါတုန်းက ဖြစ်သည်။
ဆရာတော် အရှင်ကုမာရ (ပဋ္ဌာန်းဆရာတော်) ကျောင်းတိုက်ကို အခြားရဟန်းတော်များနှင့် အတူ ကြွလာခိုက်လည်း ဖြစ်သည်။ ရက်အတိအကျကိုတော့ မမှတ်မိတော့။ ကျောင်းတိုက်ထုံးစံအတိုင်း အပြန်တွင် သံဃာများ စုပေါင်းပြီး ဆရာတော်များကို ကန်တော့ကြသည်။ ဆရာတော်များက ပြန်လည်ဆုပေးပြီး ဆုံးမစကားများ မြွက်ကြားရာ ဆရာတော် အရှင်ကုမာရက-
စာသင်တိုက်ဆိုတာ ညီညွတ်မှ ဖြစ်မယ့် အကြောင်း၊ ငါတယောက်တည်းပါ ဆိုပြီး မခိုကပ်ဖို့ အကြောင်း ပုံပြင်လေးနဲ့ ဆုံးမပါသည်။

တခါက ရွာတခါတွင် ရွာသူကြီး၏ အစီအမံဖြင့် ကောက်လှိုင်းသစ်ပွဲတော် ကျင်းပမည် ဖြစ်ကြောင်း ရွာသားများကို ကြေညာမောင်းခတ်သည်။ ဘယ်နေ့ ဘယ်ရက် ညနေခင်းလို့လည်း သတ်မှတ်သည်။ ရွာသားတဦးလျင် ခေါင်ရည် တအိုးစီကျ ယူဆောင်လာရမည်လို့လည်း အမိန့်ပါးသည်။ သို့နှင့် ပွဲတော်ချိန်ရောက်လာသည်။ ချထားသည့် စဥ့်အိုးကြီးထဲသို့ ယူလာသည့်ခေါင်ရည်များကို အသီးသီး လောင်းထည့်ကြသည်။ ထိုစဉ် ရွာသားတယောက်က တခြားလူတွေ အသီးသီး ခေါင်ရည်ယူလာကြတာပဲ ငါတယောက်တည်း အတွက်တော့ ပြဿနာမရှိပါဘူးဆိုပြီး ရေယူလာကာ လောင်းထည့်သည်။ များမကြားမီ ပွဲတော် ကျင်းပရင်း ခေါင်ရည် သောက်ဖို့ ပြင်ဆင်ကြသည်။ မြည်းစမ်းကြည့်တော့ ခေါင်ရည်က ရေအရသာ တခုသာထွက်သည်။ ဘာအရသာမှ ထွက်မလာ။ သူကြီးက စဉ်းစားသည်။ ဘာ့ကြောင့်လဲပေါ့။ သို့ဖြင့် မေးမြန်းရာ စူးစမ်းရာ အားလုံးသည် ခေါင်ရည်ကို မဆောင်ယူခဲ့ပဲ ရေကိုသာ ယူခဲ့ကြောင်းသိရသည်။ တယောက်ကလည်း ငါတယောက်တည်းနဲ့ ဘာမှ မဖြစ်လောက်ပါဘူး။ တယောက်ကလည်း ငါတယောက်တည်းနဲ့ ဘာမှ မဖြစ်လောက်ပါဘူးလို့ ဆိုပြီး ယူလာလိုက်ကြတာ မကောင်းတဲ့လူများတော့ ရေဖြစ်သွားတာကို တွေ့ရှိရသည် ဟုဆိုသည်။

ထိုသို့ ငါတယောက်တည်းနဲ့ ဘာမှ မဖြစ်လောက်ပါဘူးလို့ စိတ်ထား မထားရန် ဆုံးမသည်။ ထို့နောက် မဟာဂန္ဓာရုံဆရာတော်၏ လင်္ကာကို မိန့်ပြသည်။

“ငါ မပါ ဘယ်ဟာ မပြီး။ ငါချည်းတော့လည်း ဘယ်ဟာ မပြီး။
သူ မပါ ဘယ်ဟာ မပြီး။ သူချည်းတော့လည်း ဘယ်ဟာ မပြီး။
မင့် မပါ ဘယ်ဟာ မပြီး။ မင့်ချည်းတော့လည်း ဘယ်ဟာ မပြီး။
မင့် သူ ငါ ညီညာစုံမှ အလုံးစုံ အကုန်ပြီး ပေါင်းကြစုစည်း“

အောင်မြင်တဲ့ နေရာတခု၊ စိတ်ချမ်းသာစရာ ကောင်းတဲ့နေရာတခု ဖြစ်ဖို့ဆိုလျင်တော့ တွယ်ကပ်ဖို့ မှီတွဲနေဖို့ထက် အားလုံး စွမ်းနိုင်ရာ ထမ်းဆောင်မှ တိုးတက်မည်ဖြစ်ကြောင်း မိန့်ကြားသည်ကို အမှတ်ရနေမိပါသည်။

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)