ဒီတရားတော်က ဗုဒ္ဓဘာသာဝင်တွေအတွက် အဖိုးထိုက်တန်ဆုံး တရားတော် တပုဒ်ဆိုရင် မမှားပေဖူး။
ဒီတရားတော်ကို မြတ်စွာဘုရားက ကာလာမလူမျိုးတွေကို ဟောခဲ့တာပါ။ တရားတော်နာမည်ကိုတော့ ကေသမုတ္တိသုတ်လို့ ခေါ်ပါတယ်။ ကေသမုတ္တဆိုတာက နိဂုံးကြီးပါ၊ နိဂုံးဆိုတာက ရွာအကြီးစား။ အဲဒီရွာမှာ ကာလာမခေါ်တဲ့ မင်းမျိုးမင်းနွယ်တွေ နေထိုင်ကြတယ်။ တနေ့ အဲဒီရွာကြီးကို ဘုရားကြွလာတော့ အရဟံ အစရှိတဲ့ ဂုဏ်သတင်းတွေ မွှေးပျံ့တဲ့ အရှင်ဂေါတမဆိုသူ ရောက်နေတယ်။ ငါတို့ သွားဖူးကြရအောင် ဆိုပြီး ဘုရားဆီ ရောက်လာကြရော။
ဘုရားဆီရောက်တော့ တချို့က ဘုရားရှိခိုးပြီး အဆင်ပြေရာနေရာမှာ ထိုင်ကြတယ်။ အချို့ကတော့ ဘုရားရှင်နဲ့ ၀မ်းမြောက်ဝမ်းသာ စကားပြောပြီးမှ အဆင်ပြေရာနေရာမှာ ထိုင်ကြတယ်။ အချို့ကတော့ ဘုရားဘက်ကို လှည့်ပြိး လက်အုပ်လေးချီပြီး ထိုင်ကြတယ်။ တချို့ကတော့ ကိုယ်က ဘယ်နာမည်ရှိပါတ ယ် ဘယ်မျိုးနွယ်ကပါ နဲ့ ကိုယ့်အကြောင်းကို လျောက်ပြီးမှ အဆင်ပြေရာနေရာမှာ ထိုင်ကြတယ်။ တချို့ကတော့ ဘာမှမပြောမဆို ငြိမ်ကုပ်ကုပ်လေး ထိုင်ကြတယ်။
(ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ဘုရားဖူးလာကြတဲ့လူတွေ ဘုရားနဲ့တွေ့ရင် ဘယ်လိုနေထိုင်ကြတယ် ဆိုတာ သိစေချင်လို့ မဖြုတ်ပဲ ထည့်ရေးလိုက်တာ။ တခါတခါ လူ့စိတ်က ဆန်းကျယ်လိုက်တာ။ ဟိုးအရင်တုန်းက လူတွေ ဘယ်လိုနေမလဲလို့ စူးစမ်းတတ်ချင်တာ။ ခုနေထိုင်ပုံကို ဖတ်ရတော့ ဟိုတုန်းက လူတွေ ဘယ်လိုနေထိုင်တယ်ဆိုတာ သိရောပေါ့။ ခုခေတ်လူတွေနဲ့ ဘာမှ မထူးပါဘူးလို့လည်း တွေးမိရောပေါ့)
ဘုရားဆီရောက်လာသူတွေက ဘုရားကို “မြတ်စွာဘုရား တချို့ ရဟန်းတွေ ပညာတတ်ပုဏ္ဏားတွေ တပည့်တော်တို့ နေရာကို လာကြပြီး သူတို့ အယူအဆကို ထုတ်ပြောကြပါတယ်ဘုရား။ သူတပါး အယူအဆကိုလည်း ငြင်းခုန်ကြ ရှုံ့ချကြ သက်သေသက္ကာယနဲ့တကွ ငြင်းခုန်ကြတယ်ဘုရား။ နားထောင်ရတဲ့ တပည့်တော်တို့အတွက်တော့ ဘယ်သူက အမှန်ပြောတာ၊ ဘယ်သူက လိမ်ပြောတာ ဆိုပြီး သံသယပွားရပါတယ်ဘုရား….။ လို့ လျောက်ကြရော….။ ဒီတော့ဘုရားက ဖြစ်မယ်ဆိုလည်း ဖြစ်နိုင်တာပေါ့လို့ မိန့်ပြီး ဒီသုတ်တော်ရဲ့ အဓိကအချက်ကို ဟောခဲ့ပါတယ်။
ကာလာမတို့ လာကြပါလေ…။
(၁) တဆင့်စကား ကြားပြီးတော့လည်း မယူလေနဲ့
(၂) အစဉ်ဆက်ပြောလာတဲ့ စကားဆိုပြီးတော့လည်း မယူလေနဲ့
(၃) အဲသလိုတဲ့ လို့ဆိုလို့လည်း မယူလေနဲ့
(၄) ပိဋကတ်ကျမ်းလာ စကားရပ်များလို့ ဆိုတိုင်းလည်း မယူလေနဲ့
(၅) ယုတ္တိတန်လောက်တယ် ဆိုတိုင်းလည်း မယူလေနဲ့
(၆) နည်းလမ်းကျတယ် ဆိုတိုင်းလည်း မယူလေနဲ့
(၇) အခြင်းအရာတခုခုကို ကြံဆပြီးတိုင်းလည်း မယူလေနဲ့
(၈) တခုခုကို ကြံဆပြီး ကိုယ်လိုချင်တာနဲ့ ကိုက်ညီတယ် ဆိုတိုင်းလည်း မယူလေနဲ့
(၉) ဖြစ်နိုင်တယ် ဖြစ်ထိုက်တယ် ဆိုတိုင်းလည်း မယူလေနဲ့
(၁၀) လေးစားလောက်တဲ့ ရဟန်းရဲ့ စကားဆိုတိုင်းလည်း မယူလေနဲ့
ဆုံးဖြတ်ဖို့ ကြုံလာတဲ့ အချိန်မှာ ဒါတွေဟာ မကောင်းတာတွေပဲ ဒါတွေကတော့ လုပ်ရင် အပြစ်ဖြစ်နိုင်တယ်၊ ဒါတွေလုပ်ရင်တော့ ပညာတတ်တွေ အပြစ်ပြောနိုင်တယ်။ ဒါတွေကတော့ လုပ်မိရင်တော့ ဒုက္ခရောက်နိုင်တယ် လို့ ကိုယ်တိုင်သိရင် အဲဒါတွေကို ပယ်စွန့်လိုက်ပါ မလုပ်လိုက်ပါနဲ့။
ဒိနောက်မှာတော့ ဘုရားက ကာလာမတို့ကို မေးခွန်းထုတ်ကြည့်တယ်။ “လောဘ” လိုချင်တက်မက်ခြင်း ကိုယ့်အတွင်း သန္တာန်မှာ ဖြစ်လာရင် အကျိုးရှိနိုင်သလား အကျိုးမဲ့နိုင်သလား မေးတော်မူတယ်။ အကျိုးမဲ့ပဲ ဖြစ်နိုင်ပါတယ်ဘုရားလို့ ကာလာမတွေက ပြန်လျောက်တော့ ဘုရားရှင်က-
“အေး ကာလာမတို့ လိုချင်တက်မက်စိတ်တွေ ဖြစ်လာတဲ့ ယောင်္ကျား/မိန်းမ တယောက်ဟာ သူတပါး အသက်ကိုလည်း သတ်တတ်တယ်။ သူတပါး မပေးတာကိုလည်း ခိုးတတ်တယ်။ သူ့တပါး မိန်းမကိုလည်း စော်ကားတတ်တယ်။ သူတပါး အကျိုးယုတ်အောင် လိမ်ပြီးတော့လည်း ပြောတတ်တယ်။ သူကိုယ်တိုင် ဒီလို လုပ်ရုံတင်မကဖူး။ သူများကိုလည်း အဲလို လုပ်ချင်အောင် ခိုင်းတတ်တယ်။ အဲလိုတွေ ဖြစ်လာရင် နောက်ပိုင်း နေ့ရက်များစွာမှာ အကျိုးမဲ့တွေဖြစ်တော့မယ်။ ဆင်းရဲဒုက္ခရောက်တော့မယ် လို့ ဟောကြားတော်မူလိုက်တယ်။
ထိုလောဘ- လိုချင်မှု နည်းတူ။ ဒေါသ- စိတ်ဆိုး အမျက်ထွက်မှု။ မောဟ- တွေဝေမိုက်မှားမှုတွေ ဖြစ်လာရင်လည်း အကျိုးယုတ်တာတွေ ဖြစ်တော့မယ်လို့ ဟောတော်မူလိုက်တယ်။
အဲဒီလို ရှင်းလင်း ဟောကြားတော့ ကာလာမတွေ သဘောအကျကြီးကျပြီး မှန်ပါ့ဘုရား ဟုတ်ပါတယ်ဘုရားဆိုပြီး ထောက်ခံကြတယ်။
ဒီတခါ ဘုရားရှင်က ထပ်ပြီး မေးခွန်းထုတ်တော်မူတယ်။
အဲဒီ လောဘ ဒေါသ မောဟ တွေဟာ ကောင်းမှုကုသိုလ်တွေလား မကောင်းမှုအကုသိုလ်တွေလား ဆိုတော့ အကုသိုလ်တွေပါ ဘုရားလို့ ပြန်လျောက်ကြတယ်။
နောက်တခါ ဘုရားရှင်က ဒါဆို အကုသိုလ်ဆိုတာ အပြစ်အနာအဆာ ရှိသလား အပြစ်အနာအဆာ ကင်းလွတ်သလား ဆိုတော့ အပြစ်အနာအဆာတွေနဲ့ ပါဘုရားလို့ လျောက်ကြတယ်။
ပညာတတ်တွေ အပြစ်တင် ကဲ့ရဲ့တတ်သလား။ ချီးကျူးတတ်သလား လို့ မေးတော့လည်း ကဲ့ရဲ့တတ်ကြပါတယ် လို့ ပြန်လျောက်ကြတယ်။
တကယ်လို့များ ကိုယ့်သန္တာန်မှာ ဖြစ်လာခဲ့ရင် အကျိုးမဲ့ ဆင်းရဲဒုက္ခတွေ ဖြစ်နိုင်သလား မဖြစ်နိုင်ဖူးလားလို့ မေးတော့ ဆင်းရဲသာ ဖြစ်နိုင်ပါတယ်ဘုရားလို့ လျောက်ကြတယ်။
ဒီလို အမေးအဖြေတွေလုပ်ပြီးနောက်ပိုင်းမှာ ဘုရားရှင်က ဒါ့ကြောင့် အထက်ပါ (၁၀)ချက်ကို မျက်ကန်းယုံ မလုပ်ပဲ ကိုယ့်ညာဏ်နဲ့ ချင့်ချိန်ပြီးမှ ယုံကြည်ဖို့ လက်ခံဖို့ ကာလာမတို့ကို တိုက်တွန်းစကား ဟောကြားခဲ့ပါတယ်။
ဒိနောက်မှာတော့ ဘုရားရှင်က လောဘရဲ့ ဆန့်ကျင်ဘက် အလောဘ- အလိုမကြီးခြင်း၊ ဒေါသရဲ့ ဆန့်ကျင်ဘက် အဒေါသ- ဒေါသမထွက်ခြင်း၊ မောဟရဲ့ ဆန့်ကျင်ဘက် အမောဟ- မတွေဝေခြင်းတို့ကို
(၁) အကျိုးရှိနိုင်သလား မရှိနိုင်ဖူးလား။
(၂) ကျင့်သုံးရင် နောက်တချိန်မှာ ဆင်းရဲဖြစ်စေနိုင်လား ချမ်းသာဖြစ်စေနိုင်လား
(၃) ကောင်းမှုကုသိုလ် ဖြစ်စေမလား၊ မကောင်းမှု အကုသိုလ် ဖြစ်စေမလား
(၄) အပြစ်ဖြစ်နိုင်မလား မဖြစ်နိုင်ဖူးလား
(၅) ပညာတတ်တွေ အပြစ်ဆိုနိုင်မလား ချီးကျူးနိုင်မလား
(၆) ကိုယ့်သန္တာန်မှာ ဖြစ်ခဲ့ရင် အကျိုးစီးပွား ဖြစ်နိုင်မလား မဖြစ်နိုင်ဖူးလား
လက်တွေ့ ကိုယ်ပိုင်ညာဏ်ဖြင့် စိစစ်နိုင်အောင် မေးတော်မူတော့ အားလုံး အကောင်းလက္ခဏာချည်း ဖြေတာကို ကြားရပြီး အထက်ပါ (၁၁)ချက်ကို မျက်ကန်းယုံ မလုပ်ပဲ ချင့်ယုံပြီး ကိုယ်ပိုင်ညာဏ်ဖြင့် စဉ်းစားဖို့ နဲ့ ကောင်းကျိုးချမ်းသာဖြစ်လာမယ် ဆိုရင် ကျင့်သုံးကြဖို့ အသိညာဏ်လမ်း ဖွင့်ပေးတော်မူခဲ့ပါတယ်။
ဒိနောက်မှာတော့ မြတ်စွာဘုရားက ကာလာမများကို မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာတရားလို့ ခေါ်တဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ အရပ်ဆယ်မျက်နှာကို ပို့သနေမယ် ဖြန့်ကျက်နေမယ်ဆိုရင် လက်ရှိဘ၀မှာပဲ သက်သာရာ လေးမျိုးရလိမ့်မယ် လို့ ဟောတော်မူတယ်။
အဲဒီ သက်သာရာ လေးမျိုးဆိုတာက -
(၁) နောက်ထပ် တမလွန်ဘ၀ဆိုတာ ရှိမယ်ဆိုရင်။ (ဒါမှမဟုတ်) ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးရှိမယ် မကောင်းတာ လုပ်ရင် မကောင်းပြစ်ကြုံရမယ်ဆိုတာ ရှိမယ်ဆိုရင် ဒီဘ၀က သေဆုံးရင် နတ်ရွာစတဲ့ ကောင်းတဲ့ ဘုံဘ၀ကို ရောက်မယ်။
(၂) တကယ်လို့ နောက်ဘ၀မရှိဖူး၊ ကောင်းကျိုးဆိုးပြစ် မရှိဖူး ဆိုရင်လည်း အခုလက်ရှိဘ၀မှာပဲ ရန်သူမရှိ စိုးရိမ်စရာမရှိ ကြောင့်ကြနေဖို့မလိုပဲ အေးဆေးချမ်းချမ်းသာသာပဲ နေနိုင်မယ်။
(၃) တကယ်လို့များ မကောင်းမှု လုပ်ဖူးတယ်ဆိုရင် ဒါဟာ မကောင်းတာလုပ်တာပဲပေါ့။ အဲလိုများ စဉ်းစားစရာ ဖြစ်လာရင် ကိုယ်မှ မကောင်းတာ မလုပ်ခဲ့တာပဲ။ မကောင်းတာ မလုပ်ခဲ့ဖူးဆိုရင် မကောင်းကျိုးက ဘာဖြစ်လို့ ရောက်ရမလဲ။
(၄) တကယ်လို့များ မကောင်းမှု လုပ်ပေမယ့် လုပ်တယ် မမည်ဖူးဆိုရင်လည်း ငါက မကောင်းမှုမလုပ်ခဲ့ဖူး ကောင်းမှုပဲ လုပ်ခဲ့တယ်ဆိုပြီး နှစ်ခုလုံးကနေ လွတ်ပါတယ်။ ကိုယ့်ကိုကိုယ် သန့်ရှင်းပါတယ်။
ဒီလို သက်သာရာရမယ့် အေးဆေးနေနိုင်မယ့် တရားလေးမျိုးဟာ မေတ္တာတရား လက်ကိုင်ထားခြင်း၊ ကရုဏာတရား ဖြစ်ပွားခြင်း၊ မုဒိတာ ပွားများခြင်း၊ ဥပေက္ခာ ကျင့်သုံးခြင်း ပြုလုပ်သူအတွက် ရရှိမယ့် အကျိုးတရားများ ဖြစ်ပေတယ်။
မြတ်ဘုရားက ရှင်းပြတော့ ကာလာမတွေ ဒီတရားတော်ကို အတော်သဘောကျ သွားကြတယ်။ နောက်ဆုံး ဘုရားတပည့်တွေဖြစ်လို့ သရဏဂုံတွေ ဆောက်တည်လို့ ဥပါသကာတွေ ဖြစ်ကုန်ရော….။
ဒီသုတ်တော်ကို (၃)ပိုင်းခွဲပြီး မှတ်ထားရင် လွယ်ပါတယ်။
(၁) မယူသင့်တာ၊ ချင့်ချိန်ယူသင့်တာ (၁၁)မျိုးရယ်
(၂) ညာဏ်နဲ့ ဝေဘန်ဆန်းစစ်ပုံ ဆန်းစစ်နည်းရယ်
(၃) ဗြဟ္မစိုရ်တရား လေးပါး ပွားများရင် မျက်မှောက်ဘ၀မှာ သက်သာရာ လေးမျိုးရယ် လို့ မှတ်ထားရင် လွယ်ပါတယ်။
မိမိတို့ စာသင်တုန်းကတော့ ပထမ ၁၁ မျိုးကို မှတ်ရလွယ်တဲ့ ပါဠိပျက်ဆောင်ပုဒ်လေးရှိပါတယ်။
အနုဿဝ ပရမ္ပရာ ၊ ဣတိကိရ ပိဋကပါ
တက္က နယ အာကာရပါ၊ ဒိဌိနိဇ္ဈ ဘဗ္ဗရူပါ
သမဏော နော ဂရုပါ။
ု
ဒီသုတ်လေး ရေးဖြစ်စေခဲ့သူ ကိုဇေကို ကျေးဇူးတင်ပါတယ်။
ကျမ်းစာ ရှာချင်ရင်တော့ အင်္ဂုတ္တရပါဠိ တိကနိပါတ် မဟာဝဂ် ကေသမုတ္တိသုတ် မှာတွေ့ နိုင်ပါတယ်။
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။