ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

ပေါက်လွှတ်ပဲစားဆိုတာ ကြားဖူးကြပါသလား။
ဘယ်လိုကော အဓိပ္ပါယ်ဖွင့်ပါသလဲ။

လူ့လောကရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံတော့ မပြောတတ်ပါ။
ငယ်စဉ် ကိုယ်နေထိုင်ခဲ့တဲ့ ကျောင်းတိုက်ကြီးမှ ကိုယ့်အုပ်စုဆိုင်ရာ ဆရာတော်ကတော့ ပေါက်လွှတ်ပဲစားဖြင့် အမြဲဆုံးမသည်။ ဆရာတော်ကတော့ သတ္တိရှိသည်။ ရဲရင့်သည်။ ကိုယ့်အုပ်စုတွင်းတွင် မည်သူ ဘာလုပ်သည်ကို သိပါက ချက်ချင်းဆုံးမလေ့ရှိသည်။ ဆရာတော်သည် ပညာအရည်အချင်းအားဖြင့် (အတန်းအောင်မြင်မှု) မကြီးမားပါ။ သို့သော် စာပေကို အဆက်မပြတ်လေ့လာသည်။ စွမ်းနိုင်သမျှ စာချသည်။ ၀ိနည်းကတော့ အတော်လေးစားသည်။ မည်သူမျှ အထင်မသေးရဲပါ။ ကြောက်ပါသည်။ ရိုသေကြပါသည်။ ထိုဆရာတော်က ည ၉း၀၀ နာရီ တရားထိုင်တုံးခေါက်လို့ တရားထိုင်ချိန်ရောက်ရင် အထက်ပါ ပေါက်လွှတ်ပဲစား သြ၀ါဒကို မကြာမကြာ ပေးလေ့ရှိပါသည်။

ပေါက်=ဆိုသည်မှာ မိဘနှစ်ပါးက ပေါက်ဖွားလာသည်။
လွှတ်=ဆိုသည်မှာ စာသင်တိုက်ကို လွှတ်လိုက်သည်။
ပဲစား=ဆိုသည်မှာ ဒီရောက်တော့ ပဲစားနေသည်။ ကြီးပွားအောင် ဘာမှ မလုပ်ချင်။ အလကားလူပျင်းပဲ လုပ်ချင်နေသည်။ အသုံးမကျ စသည်ဖြစ်သည်။

စာသင်တိုက်ထုံးစံကတော့ ဘယ်တော့မှ အစားအသောက် မကောင်းပါ။ ပေါလည်း မပေါများပါ။ နာယကဆရာတော်များ၏ ကရုဏာကြောင့်သာ ပဲပြုတ်-ငန်ပြာရည်ကို နံနက် အာရုဏ်တိုင်း ဘုဉ်းပေးခွင့်ရပါသည်။ ဆိုတော့- စာသင်သား ဘ၀သည် ဆင်းရဲသည်။ ဘ၀ဆန်သည်၊ ကြမ်းတမ်းသည်ဟု ပြောရပါမည်။ ထိုအခြေအနေတွင် စာမကြိုးစားပဲ ဟိုဟိုဒီဒီ လျောက်သွားနေသူ၊ ပျင်းရိနေသူများသည် ပေါက်လွှတ်ပဲစား အစစ်များဖြစ်သည်။

ဆုံးမမှု၏ အကျိုးဆက်မှာ ဆုံးမသူကို မကြည်ဖြူသော်လည်း သူတော်ကောင်းဝန်းကျင်တွင် ရနံ့ကောင်းထွက်သည်။ မည်သူ့တပည့်တွေက တော်လိုက်တာ စသဖြင့်ဖြစ်သည်။ ယခုမူ ဆရာတော်သည် အသက်တော် ထောက်လာပေသည်။ အရာရာကို လိုက်ပြီး မဆုံးမတော့ဟု သိရသည်။ သို့သော် သူ့ရှေ့ အမြင်မတော်တာ တွေ့လျင်တော့ ဆုံးမမြဲပင်ဖြစ်ပေသည် ဟုသိရသည်။

(ဆရာတော်အား ဒီနေရာမှ ကန်တော့လိုက်ပါသည်)

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)