ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

(က)
ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူသော ဘုရားရှင်ထံသို့ ဇာဏုေဿာဏိပုဏ္ဏားကြီး ရောက်ရှိလာသည်။ ပြီးတော့ တောကျောင်းမှာ နေထိုင်သော ရဟန်းသံဃာများအဖို့ သမာဓိမရှိလျင် မလွယ်ပါဟု လျောက်တင်သည်။ ဘုရားရှင်ကလည်း ထိုအကြောင်းကို လက်ခံတော်မူသည်။ ထို့နောက် အလောင်းတော်ဘ၀ကပင် “မစင်ကြယ်သည့် ကာယကံ၊ ၀စီကံ၊ မနောကံ ရှိသည့်ရဟန်းအတွက် မကောင်းတဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေ ဖြစ်စေတတ်ပါသည်”အစရှိသည်ဖြင့် ဆင်ခြင်စဉ်းစားမိကြောင်း ဘယဘေရ၀ကထာ ဟောကြားခဲ့သည်။ ထို့နောက် (အသမ္မောဟ၀ိဟာရ၊ ပုဗ္ဗဘာဂပဋိပဒါ၊ ပုဗ္ဗေနိဝါသကထာ၊ ဒိဗ္ဗစက္ခုကတာ၊ အာသ၀က္ခယကထာများ) ဟောကြားပြီးခဲ့သော်လည်း ဂေါတမဘုရားရှင်သည် သဗ္ဗညုတညာဏ် ရရှိခဲ့ပါလျက် အဘယ့်ကြောင့် တောကျောင်းမှာသလဲ ဆိုတဲ့အတွေးကို ဆက်တွေးရာ ထိုအတွေးကို ချေဖျက်ပြလိုခြင်းကြောင့် ဘုရားရှင်က တောကျောင်းမှာ နေထိုင်ခြင်းအကြောင်းနှစ်ပါးကို ဟောကြားတော်မူခဲ့သည်။

(၁) ပစ္စုပ္ပန်မှာ ချမ်းသာခြင်းဖြစ်စေသည်။
(လူသူကင်းတော့ နေထိုင်ရကောင်းပြီး အောက်ထစ်ဆုံး ကျင်ကြီးကျင်ငယ် စွန့်ရသည်တောင် ချမ်းသာခြင်း ဖြစ်စေသည်)

(၂) နောင်လာနောက်သား တပည့်များကို သနားတော်မူသည်။
(သဒ္ဓါတရားနဲ့ ရဟန်းဝတ်လာသည့် ရဟန်းတော်များက ဘုရားရှင်သည် တောကျောင်းနေခြင်းကို မစွန့်လွှတ်ခဲ့။ ငါတို့ကား အဘယ့်ကြောင့် မနေနိုင်ရပါမည်နည်း လို့ အောက်မေ့ကုန်လျက် တောမှာ နေထိုင်ကြသည်ရှိသော် လျင်မြန်စွာ ဒုက္ခအပေါင်းမှ လွတ်မြောက်ကြပေလိမ့်မည်)

=====================

(ခ)
တခါက သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးစဉ်က ဖြစ်ပေသည်။ စစ်ပွဲအောင်နိုင်ခဲ့သည့် ကောသလဘုရင်သည် ဘုရားရှင်ထံ ချဉ်းကပ်ဦးမျှော်ခဲ့ရာ ဘုရားရှင်က အဘယ့်ကြောင့်များ ဒီလောက်ကြီး ရိုသေတုပ်ကွ ဦးနှိမ်ချခြင်းများ ဖြစ်နေရပါသလဲလို့ မေးတော်မူတော့ အကြောင်း ဆယ်ချက်ကို ထုတ်လျောက်ခဲ့ပါသည်။ ထိုအထဲတွင် ဘုရားရှင်သည် တောကျောင်းတွင် ညဥ့်ပေါင်းများစွာ သီတင်းသုံးနေထိုင်ခြင်းကြောင့် ဖြစ်ပါသည်ဟု လျှောက်ထားခဲ့လေသည်။

ထိုအကြောင်းကို အဋ္ဌကထာဆရာက ဖွင့်ဆိုသည်မှာ - ဘုရားရှင်သည်
(၁) မွေးဖွားစဉ်ကလည်း တောထဲမှာ မွေးဖွားခဲ့ပေသည်
(၂) သဗ္ဗညုတဘုရားအဖြစ်ကို ထိုးထွင်းသိမြင်တော်မူတော့လည်း တောထဲမှာပဲ ထိုးထွင်းသိမြင်ခဲ့ပေသည်
(၃) နတ်ဗိမာန်လို ဂန္ဓကုဋိမှာနေပြန်တော့လည်း တောမှာ နေပေသည် (တောကျောင်းမှာလို လူသူကင်းဆိတ်လျက် နေပေသည်) ဟု ဖွင့်ဆိုခဲ့လေသည်။


မနေ့ကတင်ထားလိုက်တဲ့ ဘုရားအလောင်းဖွားမြင်သည့်နေရာအထိမ်းအမှတ် အသောကကျောက်စာတိုင်နဲ့ ပတ်သက်ပြီး စဉ်းစားခန်းဝင်မိနေတယ်။ ဘုရားရှင် ခမည်းတော်က ကပိလ၀တ္ထုက၊ မယ်တော်က ဒေ၀ဒဟတိုင်းပြည်က ဖြစ်လို့ နှစ်ဖက် နန်းစည်းစိမ်ကြီးတွေ ခမ်းနားပါလျက် ဘုရားအလောင်းတော်ကိုတော့ တောမှာ ဖွားမြင်တယ်။ မယ်တော်က အခြားတိုင်းပြည်ကဆိုတော့ မိဘတွေဆီ အလည်သွားရင်း တောလမ်းမှာပဲ ဘုရားလောင်းကို ဖွားမြင်တာပေါ့။ ဒီတော့ ဖွားမြင်တော့ လုမ္ဗနီ အင်ကြင်းတော၊ သဗ္ဗညုဘုရားအဖြစ်ရောက်တော့ ဥရုဝေဠတော၊ ဂန္ဓကုဋီကျောင်းဖြစ်နေစေဦးတော့ သီတင်းသုံးနေထိုင်တော့လည်း တော၊ ပရိနိဗ္ဗာန်ပြုတော့လည်း ကုသိန္နာရုံ အင်ကြင်းတောမို့ တဘ၀လုံး တောချည်းပါပဲ။ ဒါ့ကြောင့် တောမှာ နေခြင်း သီတင်းသုံးခြင်းအလေ့ဟာ ဘုရားရှင်ရဲ့ ဂုဏ်တော်တပါးလို့ မှတ်ယူနိုင်ပါတယ်။ ဆူညံသံကင်းဆိတ်တောတခုရဲ့ ညောင်ပင်အောက်မှာ ဘုရားရှင် ထိုင်နေတော်မူပြီး ကရုဏာအပြည့်နဲ့ သတ္တ၀ါတွေကို တရားဟောကြားတော်မူနေပုံကို စိတ်ထဲက မှန်းဆအာရုံပြုလိုက်မိပါသည်။

ကျမ်းကိုးစာရင်း-
(က) မူလပဏ္ဏာသပါဠိ၊ ဘယဘေရ၀သုတ်၊ မူလပဏ္ဏာသအဋ္ဌကထာ အရည၀ါသကာရဏ ၀ဏ္ဏနာ
(ခ) အံ- ဒသကပါဠိ ဒုတိယကောသလသုတ်၊ အဋ္ဌကအဋ္ဌကထာ ၁၀။ ဒုတိယကောသလသုတ် ၀ဏ္ဏနာ

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)

ဆက်စပ် -
အမှိုက်က ရွှေဖြစ်သူ
New Stamp on Lumbini