ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

“ဓမ္မဖြစ်ဖြစ် ဓနဖြစ်ဖြစ် ကိုယ်ပိုင်ဖြစ်မှ ကိုယ့်ဥစ္စာ”

လောကရေးရာ စကားနဲ့ ပြောရင် ဓမ္မ-တရားဆိုတာလည်း ကိုယ်တကယ်ကျင့်ဖြစ်မှ တကယ်တရားရဲ့ အနှစ်သာရကို ခံစားရမှ ကိုယ်ပိုင်ဥစ္စာဖြစ်တယ်။

ဥပမာ-
တရားရိပ်သာ တခုကို သွားပြီး တရားဝင်တယ်ဆိုပါစို့။
ဟိုမှာ တရားမ၀င်ခဲ့ပဲ စကားပြော လေပန်းပြီး ပြန်လာတယ်ဆိုရင် သူ့အတွက် ကိုယ်ပိုင်ဥစ္စာဖြစ်မသွားဖူး။
တရားပြတဲ့ ဟောတဲ့ ဆရာတော်ကတော့ တရားဟော တရားပြလုပ်မှာပဲ ကိုယ်က နာယူခဲ့မှု ကျင့်သုံးခဲ့မှု မရှိခဲ့ဖူးဆိုရင် ကိုယ့်အတွက် အဲဒီတရားတွေက ကိုယ်ပိုင်ဥစ္စာ မဖြစ်ဖူးပေါ့။

ဓန ဆိုတဲ့ ပစ္စည်းဥစ္စာများလည်း အလုပ်တော့ လုပ်ခဲ့ပါရဲ့ ကြီးပွားတိုးတက်မလာဘူး၊ ကိုယ့်အတွက် ဘာမှ မကျန်ခဲ့ဘူး ဆိုရင် ကိုယ်ပိုင်ဥစ္စာ မဖြစ်ပါဘူး။

ဦးဇင်းတို့ ဒေသကလူတွေ ကျောက်ထွက်တဲ့ ဖားကန့်ဘက်ကို အမြဲတစေ အလုပ်သွားလုပ်လေ့ရှိကြတယ်။
အချို့လူတွေကတော့ ချမ်းသာသွားပြီး အချို့လူတွေကတော့ ဒီအတိုင်းပဲ လက်ဗလာနဲ့ ပြန်လာကြတယ်။
ဖားကန့်က ကျောက်မထွက်တာ မဟုတ်ပါဘူး။ ကျောက်ထွက်တယ်။ ကိုယ့်အတွက်ကျန်အောင် ကိုယ်ပိုင်ဥစ္စာဖြစ်အောင် မလုပ်တတ်ခဲ့ကြတာ။

ဒါ့ကြောင့် ဓမ္မမှာပဲ ဖြစ်ဖြစ် ဓနမှာပဲဖြစ်ဖြစ် လုပ်ပြီဟေ့ ဆိုရင် ကိုယ့်အတွက်ကျန်အောင်လုပ်။ ကိုယ်ပိုင်ဖြစ်အောင်လုပ်ပေါ့။
ရည်မှန်းချက်ကိုက ကိုယ့်အတွက်ကျန်ရမယ် ကိုယ်ပိုင်ဖြစ်ရမယ်လို့ ထားပြီးလုပ်ရင် ဖြစ်ပါတယ်။
ကိုယ်လုပ်ခြင်းရဲ့ အဓိကရည်မှန်းချက် ပျောက်ပြီး ဘုန်းကြီးကျောင်းရောက်ရုံ ဘုန်းကြီးကျောင်းမှာ စကားပြောခဲ့ရုံတို့၊ အလုပ်စခန်းရောက်ပြီး နည်းနည်းလေးအဆင်ပြေတာနဲ့ သုံးဖြုန်းလိုက်ရုံ၊ နည်းနည်းလေး အစဉ်ချောတာနဲ့ ရေသာလိုက်နေရုံ လုပ်နေလို့ကတော့ ကိုယ်ပိုင်မပါ လက်ဗလာနဲ့ ဖြစ်သွားနိုင်ပါတယ်။

ဘယ်နေရာမဆို ကိုယ်ပိုင်ဥစ္စာဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါရစေ-

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)