ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

၁၀၁၂ တဲ့
ကမ္ဘာပျက်မယ်တဲ့
ပဲ့တင်ထွက်နေတဲ့အသံတွေ
===================

အဲဒီနေ့မှာပေါ့ လက်တွေ ကျိန်းနေအောင် သရက်သီး လှီးရတာလေ။
မနေ့က နာဂစ်ကောင်းမှုနဲ့ တနှစ်စာ သွားကြိမ်းရတော့မည်။

မေ ၁ ရက်နေ့က ဖြစ်သည်။
မနက်ဖြန်ဆို လေပြင်းမုန်တိုင်း တိုက်မယ်တဲ့။ တနာရီ ဘယ်နှစ်မိုင်နှုန်းဆိုလား။
အသံတွေ တီးတိုးပြောနေကြသည်။ ဟုတ်သည့်တိုင် ဘာမဆို ကျယ်ကျယ်မပြောရဲတဲ့ ယနေ့ခေတ်။

မေ ၂ ရက်နေ့က ဖြစ်သည်။
တယ်လီဖုန်းသံက ၁၁ နာရီခန့်တွင် မည်လာသည်။ ရန်ကုန်ကတဲ့။ ကိုကိုးကျွန်းဘက်တွင် လေအရမ်းတိုက်နေသည်တဲ့။ ရန်ကုန်ကို နေ့ခင်းပိုင်းလောက် ၀င်လာမည်တဲ့။
ပဲခူးရော ဘယ်လို အခြေအနေရှိလဲ ဘာညာပေါ့။

ဘယ်သူမှ တိကျစွာ မပြောနိုင်
ဘာလုပ်သင့်သည်ကိုလည်း ဘယ်သူမှ မသိ

နေ့ ၂ နာရီခန့်တွင် စတင်ပြီး ကိုမုန်တိုင်းက မိတ်ဆက်တော့သည်။ တ၀ုန်းဝုန်း တဗြုန်းဗြုန်းနှင့်ပေါ့။
အရှေ့အရပ်က ၀င်လာလိုက်၊ မိုးမွှား မိုးပြင်းများကို အဆုပ်လိုက် ပစ်ထည့်လိုက်။
တောင်က ၀င်လာလိုက် မြောက်က၀င်လာလိုက်- ကြာတော့ မမှတ်နိုင်တော့ ရှိသမျှ အရပ်မျက်နှာက
ဝင်လာနေသည်ပင်ထင်တော့သည်။
သစ်ပင်တွေလည်း သူပိုင်ဆိုင်တဲ့ အရွက်တွေကို လေက ဆွဲဆွဲရမ်းရင်း အမြစ်တွေ ချောင်ထွက်ကုန်ပါပြီ။
အသီးတွေက တဖုန်းဖုန်းနဲ့ကြွေ- အကိုင်းတွေက တဖြောင်းဖြောင်းနဲ့ ကျိုး၊ အမိုးတွေက တဗြန်းဗြန်းနဲ့လှန်ပြီး
သူပြုသမျှ နုနေရသည့်ဘ၀ ရောက်နေရတော့သည်။

မေ ၃ ရက်နေ့ခင်းပိုင်းမှာတော့
ကမ္ဘာပျက်ကြီးထဲ ရောက်နေပါပြီ။ ရှင်းကြလင်းကြ ခုတ်ကြ ထွင်ကြရင်း ညကဘယ်သူဖြင့် ဘယ်လို- ဘယ်သူက ဘယ့်နှယ်ဖြင့် ဇာတ်လမ်းတွေ ပြောရင်း ရယ်မောမိကြသည်။
ဒုက္ခကို ရယ်ခြင်းများဖြင့် လှောင်ပြောင်နေမိကြပါတော့သည်။

မကြာပါ....
ဟိုဘက်ရပ်ကွက် ရေမြုပ်နေလို့တဲ့
ဟိုအိမ်တော့ လုံးဝ ပြိုသွားသည်တဲ့
ဟိုလူတွေ တန်းကျောင်းမှာ အကုန်စုထားရသည်တဲ့

ကျွန်ုပ်တို့ မရယ်နိုင်တော့ပါ
ဘာလုပ်ပေးနိုင်ပါသလဲ
ဆန်အိတ်တ်တွေ ထုတ်ပါဟဲ့
ကျွတ်ကျွတ်အိတ်ထဲ တပြည်စီနဲ့ ငါးရာထည့်ပါ
အဲဒီ အလယ်တန်းကျောင်းလေးစီ သွားပြီး လူစီ ဝေလိုက်သည်။
အားလုံးသည် ကျေးဇူးတင်လှသော မျက်လုံးများဖြင့်......
ဘာစကားတွေ ပြောရမှန်း မသိ၊ ဘယ်လို နှစ်သိမ့်ပေးရမှန်း နားမလည်......
သူတို့ကလည်း ကိုယ့်ကို ဘယ်လို ပြန်ပြောရမှန်း မသိနဲ့ နည်းပါးလှသော ကိုယ့်စွမ်းနိုင်ရာလေးကို
ကူညီဖြစ်ခဲ့ကြသည်။ နည်းသော်လည်းပဲ လိုအပ်တဲ့ အချိန်မှာ ကူညီဖေးမဖေါ်ဖြစ်ခြင်းကို သူတို့ အသိအမှတ်ပြုကြသည်ကိုတော့ စိတ်ထဲမှာ အလိုလို သိနေမိပါသည်။

==========================

“လေတိုက်မယ်လဲ အသံကြားရော သစ်ပင်တွေကို အကိုင်းတွေ အကုန်ခုတ်လိုက်ပြီး ကတုံးပဲကျန်အောင် လုပ်လိုက်တယ်။ အဲဒီတော့ လေက ဆွဲစရာမရှိဖြစ်သွားပြီး အိမ်က သစ်ပင်ကတော့ ဘာမှ ဖြစ်မသွားဘူး”

“အေးကွ သူ့အိမ်က သစ်ပင်တွေ အောက်ဆိုတော့ သစ်ပင်က သစ်ကိုင်းလည်း ကျိုးရော အိမ်ပိသွားတာပေါ့၊ တော်သေးတာပေါ့၊ လူ ဘာမှ မဖြစ်လို့..”

ဒီလိုဆို သစ်ပင် ခုတ်သင့်တာပေါ့။ စောစောက ပြောရောပေါ့ဗျာ။ အခုတော့ အနှစ်နှစ်အလလ စိုက်ထားတဲ့ သစ်ပင်တွေ......။

===================

ဟိုမှာဘယ်လို ဒီမှာဘယ်လိုနဲ့ ဂျာနယ် ရေဒီယိုတွေက သတင်းတွေကြားရလေ စိတ်ထဲ မကောင်းလေပါပဲ။
ရွာလုံးကျွတ်တွေ။ နယ်လုံးကျွတ်တွေ......။
ဘာလုပ်နိုင်လဲ .....
ဘာမှ မလုပ်နိုင်ပါ.....

=====================

ဂျွန်လ.....
သွားလှူတာ အခက်အခဲတွေ အများကြီးရှိတယ်တဲ့။
လှူတော့ လှူချင်ပါတယ် ကိုယ်က လှူနိုင်တာကနည်းတော့ သွားစရိတ်နဲ့ မကာမိပါဘူး။
ခရီးက ဝေး၊ နယ်က မကျွမ်းကျင်တော့ မသွားရဲပါဘူး....
စကားသံတွေ အဆုံးမှာ......

ဆရာတော်က ကောင်းပါပြီ။ ဦးဆောင်ပေးပါ့မယ်။ လိုအပ်တဲ့နေရာတွေ ရောက်အောင်လဲ လှူပေးပါမယ်။
အလှူလည်းခံပေးပါမယ်။

=====================
ဟယ်လို.... လာယူပေးပါမယ်။ နေ့ ၁ နာရီ လောက်စောင့်ပါ။
ဟယ်လို..... ဘယ်အချိန်လာခဲ့ပါမယ်။ စောင့်နေပေးပါ။
ဖုန်းသံတွေနဲ့ အတူ လိုက်စု ရသည်။
ကျောင်းသို့လည်း လာလှူရသည်။
အထူးဂရုပြုမိသည်မှာ စောစောက ရေနစ်ခဲ့သည့် ရပ်ကွက်က ဒုက္ခသည်များသည်ပင်
သူတို့ရှိသည့် ကောင်းမွန်သည့် အ၀တ်များကိုပင် လာလှူကြသည်ကို တွေ့ရသည်။

ပိုက်ဆံ မလိုဘူးတဲ့
သူတို့မှာ ပိုက်ဆံရှိတဲ့ သုံးစရာ ၀ယ်စရာဆိုင်မှ မရှိတာတဲ့
ဒါဆို ဆန်ဝယ် ရေ၀ယ်ပေါ့။
ပြီးတော့ တယောက်စီအတွက် ဆန် အကျီ အစသည်ဖြင့် အထုတ်တွေကို ရပ်ကွက်ထဲ ဈေးထဲက လူတွေက ထုတ်ကြပေါ့။....
တံတားအကျော်မှာ လူတွေ အများကြီးပဲ။ အဲဒီလူတွေက ဟိုလူလာရ ဒီလူလာရနဲ့ ပေါနေပြီ။ ရွာတွေ ဘက်ကို ရောက်အောင်သွားတဲ့။
ဒီလိုနဲ့ ဖျာပုံဘက်က ရွာတွေဘက်ကို သွားလှူဖြစ်လိုက်ကြသည်။
မနက်အစော ၂ နာရီခန့်ထ သွားရာ ဖျာပုံကို နေ့ခင်း ၁၁ နာရီဝန်းကျင်ရောက်သည်။
ချက်ချင်း စီမံထားသည့် မော်တော်များဖြင့် ရွာတွေ အသီးသီးကို ဖြန့်ဝေဖို့ ထွက်လိုက်ကြသည်။
အချို့အဖွဲ့တွေက ည ၁၀ နာရီမှ ပြန်ရောက်သည်။ ၁၁ နာရီပြန်ထွက် နေ့လည် ပြန်ရောက်။ ကားခသက်သာအောင်လို့ လုပ်မှ ပိုပြီးဈေးပေးနေရသည်။ စကားတွေ ပြောရသည်။ သဘောတရားကို နားမလည်တော့ ခံပေါ့။
ပင်ပန်းလိုက်သည့် ဖြစ်ခြင်း။ ခက်ခဲလိုက်သည့် လုပ်ရပ်။ မအိပ်မနား လုပ်ခဲ့ရသည်မှာ ပင်ပန်းလိုက်ခြင်း။
=======================

ဟိုက် အဲဒါဘာတွေလဲဟ
ဒီက သွားလှူတယ်ကြားလို့ လာလှူသွားကြတာလေ။
ပထမတခါ စိတ်ရော လူပါ ပင်ပန်းမှုတို့သည် အနိုင်ယူခြင်းခံလိုက်ရပါပြီ။
တဖက်က မြင်ခဲ့ရသည့် အားငယ်စရာ ဘ၀မျက်နှာများ....
တဖက်က မြင်ရသည့် အားကိုးသည့် အလှူရှင်မျက်နှာများ.....
ကိုင်းဒါဆိုလည်း ဒုတိယအကြိမ်ပေါ့.....

“မေ ၂ ရက် နေ့ည
ကမ္ဘာ ပျက်ခဲ့ရသည်
ကွဲသူ ကွဲ၊ မွဲသူ မွဲ
လဲသူလည်း လဲပေါ့။

ငါ့ကံကြမ္မာ ကံဇာတာကြောင့်
ငါသာ ရှင်သန်ရစ်သော်လည်း
ဘယ်မှာလဲ ငါ့မိဘ
ဘယ်မှာလဲ ငါ့ဆွေမျိုး
ဘယ်မှာလဲ ငါ့ကိုင်းရိုး
အရာရာဆုံးရှုံး
နိဂုံးမေးခွန်းမှာ
ပြန် တမ်းတရုံမှတပါး
အခြားမရှိ တဲ့။

သြော်...
လှိုင်းတချက် အပင့်
လွင့်ပါးတဲ့ဘ၀...
ငိုရမှာလား....
သို (သိပ်)ရမှာလား...
ဝေး၀ါးတုံးပါပဲ...။

အခုလိုအချိန်
အတိတ်ကို အစာခြေ
ပစ္စုပ္ပန်ကို ၀ါးမြို
အနာဂတ်ကို လှမ်းတက်ဖို့
ကမ်းလက်ဆင့်မယ်ဆိုရင်
သင်ဟာ...
မဟာကရုဏာသခင်
မေတ္တာရှင်ပါ...။

ကဗျာလေးတွေ စပ်မိသည်။ လက်ကမ်းလေးတွေ ဝေမိသည်။
ဒီတခါလည်း ၁၅ ရက်ခန့် အလှူခံပြီး သွားလှူရပါတော့မည်။
လပွတ္တာဘက်ကို သွားမည်။ အဲဒီဘက်က အတော်ဆိုးသည်ဟု ဆိုသည်။
ငွေသားကို အဓိကထားပေးမည်။
တာလပတ်က အတော်အသုံးဝင်သတဲ့။ မိုးရေခံပြီး ရေကန်လည်း လုပ်လို့ရသည်။ အိမ်မိုးမယ်ဆိုလည်း မိုးလို့ရသည်။ စပါးလှန်းမယ်ဆိုလည်း ရသည် ဟုဆိုသည်။
ဆန် ၀ယ်ရတာနဲ့ သယ်ရတာနဲ့ စရိတ်ကိုက မထောင်းသာ။
ငွေ.... အလိုရှိရာ သုံးနိုင်သည်။
ကားခ သက်သာစေရန် သဘောင်္ဖြင့် လပွတ္တာကို ပို့ရမည်။
သဘောင်္ထွက်မည့်ရက်ကို ည ၁၂ နာရီခန့်မှ သိသဖြင့် ချက်ချင်း ဒန်အိုးတွေ စီးရသည်
(ဒန်အိုးသည် ပေါ့သော်လည်း အတော်နေရာယူပါသည်)
လာလှူပြီးသား ဆန်အိတ်တွေကို စစ်၊ ရေသန့်ဗူးတွေ စစ်၊
လေးသည့်ပစ္စည်းများ ၀န်နေရာ ယူမည့် ပစ္စည်းများ စစ်ရသည်။ ကားပတ်ရှာရသည်။
မနက် စောစော မိုးရွာသည့် ကြားတွင် ပြေးပြီး သဘောင်္ပေါ်တင်ရသည်။
တခါမှ မလုပ်ဖူးသည့် အလုပ်တွေ လုပ်နေရသည်။ ကစဥ့်ကလျားဖြင့်ပင် ကိစ္စက ပြီးသွားသည်။

လပွတ္တာကို စောသွားသူက သွားပြီး အခြေအနေ သတင်းပေးသည်။ ရွာတွေ စီမံသည်။
သွားချိန်နီးမှ ဆန်အလှူရှင်က ပေါ်လာသည်။ သူက ငွေပဲပေးမည်။ ဆန်ကို ၀ယ်လှူချင်သည်ဆိုသည်။
မြောင်းမြဈေးနဲ့ ပဲခူးဈေး စုံစမ်းကြည့်သည်။ မြောင်းမြကတောင် ချိုနေသည်။
ဝမ်းသာစရာကောင်းလိုက်သည့်ဖြစ်ခြင်း။ စရိတ်သက်သာ ငွေကုန်သက်သာစွာ ရတော့မည်။
မြောင်းမြကို လှမ်းဆက်သွယ်ပြီး လပွတ္တာကျောင်းကို အရောက်ပို့ထားပြီး လပွတ္တာမှ ရှေ့ပြေးအဖွဲ့နှင့် ဆက်သွယ်ဖို့ ချိတ်ဆက်လိုက်ရသည်။

မိမိတို့က သွားရန် အသင့်။
သို့သော် တကယ်တမ်းသွားတော့ ဆိုးလိုက်တဲ့ လမ်းခရီး။
မှားလိုက်တဲ့ လမ်း။
ရောက်လိုက်တဲ့ ဒုက္ခ ပြောမပြချင်။
မြောင်းမြရှိ ရွှေဂဲတိုက်တွင် ပေါ့ရွှတ်ရွှတ် အာရုံမုန့်ဟင်းခါးစားကြသည်။
ငါးတွေက ဟိုစားဒီစားမို့ မထည့်တာဟု ဆိုသည်။ မြောင်းမြမုန့်ဟင်းခါး ဒီတခါတော့ နာမည်ပျက်သွားသည်။
နေ့ခင်း ၁၁ လပွတ္တာကျောင်းရောက်တော့ ခဏပဲနားပြီး ပစ္စည်းများကို မော်တော်တွေပေါ်ခွဲတင်ကြပြီး အသုတ်အလိုက် ရွာတွေဆီကို သွားပေါ့...
လမ်းမှာ မြင်သမျှကတော့ သံဝေဂချည်းပါပဲ။
အောက်ဆားငန်ရေ အပေါ်က နေအပူဖြင့် တလတာကြာမြင့်လည်း
သင်္ဂြိုဟ်မည့်လူ မရှိသည့်ဘ၀ပါတကား....။

ဖျာပုံသင်္ခန်းစာအရ ရွာနားမရောက်ခင်ကတည်းက လက်ကိုင်ဟွန်းတိုဖြင့် လှမ်းအသိပေးရသည်။ ဒါမှလည်း မိမိတို့ ဆိပ်ကမ်းအရောက် တန်းလှူ အချိန်မြန်မြန်ပြီး နောက်တရွာဆက် လုပ်နိုင်မှာဖြစ်သည်။
ရွာတိုင်းနီးပါး လှေဆိပ်ကလေးများရှိသည်။ ၀ါးလုံးဖြင့် သာသနာ့အလံထောင်ထားသည်က များသည်။
ရောက်မဆိုက် စကားပြောချင်သူက များနေသည်။ သူတို့အဖြစ်ကို တစိမ်းလူတွေကို ပြောပြလိုက်ရမှ သောကတပိုင်း ကျေပျက်မည်လား ထင်ရသည်။

စုရုံးရောက်ရောက်ချင်း ရွာသူကြီး ရွာသူကြီး ဘယ်မှာတုန်း...
စာရင်းပေးပါ စာရင်းအတိုင်း တဦးမကျန်ခေါ်ပေးလိုက်ရသည်။ အိမ်ထောင်စုနှင့်ပေါ့။ မရှိလဲ အိမ်နီးနားချင်းက ယူထားလိုက်ပါ။ ဘာလို့ မရှိတာလဲ။ သူ့ယာခင်းလေးမှာ ရေသွားဖေါက်နေလို့။ ကောင်းပါတယ် ကောင်းပါတယ်။
ရွာသူကြီးဆိုလို့ ရွာလည် မသွားပါနဲ့ဦး
အခုမှ အသစ်ခန့်ထားတဲ့ ရွာသူကြီးပါတဲ့

အဲဒီနေရာက အရင်က ရွာပေါ့။
ဟုတ်လို့လား...။
အချို့နေရာများက အိမ်ငုတ်ကလေးများ ကျန်နေပါသေးသည်။ အချို့နေရာများကား သင်္ကေတအဖြစ် အ၀တ်စုတ်ကလေးများ ကျန်နေပါသေးသည်။
သက်သာသည့် ရွာများကတော့ အုန်းပင် သစ်ပင်ရှိသည့် ရွာများဖြစ်သည်။
အုန်းပင်ဖက်နိုင်သူများက အသက်ရှင်ခွင့်ရသည်ဟုဆိုသည်။ အော်... ဒီဘက်ကျတော့ သစ်ပင်ကြောင့် ဒုက္ခက သက်သာခွင့်ရကြသည်။

ရွာတရွာမှာ ကြားခဲ့ရသည်။
မနက်မိုးလင်းတော့ အုန်းပင်ဖက်နေကြသူများထဲတွင် ဒကာမက အထက်(အမြင့်)က ဘုန်းကြီးကအောက်က
အသက်ထက် မြတ်နိုးစရာ ဘာမှ မရှိတော့ အ၀တ်ဆိုတာ ဗလာပေါ့။
ဟေ့ ဟေ့ ငါအရင်ဆင်းမယ် ဟု ဘုန်းတော်ကြီးက ပြောသည်။ ပြီးတော့ ငါ ရှေ့က အရင်သွားမယ်။ လမ်းမှာ ခေါင်းအုံးအစုတ်တွေ့တော့ ရော့ နင်က ဒါနဲ့ အုပ်ထားဆိုပြီး နေစရာ ရှာကြရသည်ဟု ဆိုသည်။
အော် ဘ၀ ဘ၀။

မျက်နှာထားများက ခပ်တင်းတင်းနဲ့ ငေးမှိုင်နေကြသည်က များသည်။
ငိုစရာတွေက များလွန်းတော့ ဘယ်သူ့ကို တမ်းတပြီး ငိုရမှန်းမသိ
မိဘမရှိသည့် ကလေးများနဲ့ ကလေးမဲ့သည့် မိဘများ အတူတူ အဆင်ပြေရာတွင် စုနေရသည်။
တော်ပါသေးရဲ့ တလ အကျော်မှာ ဓနိလေးတွေက ပြန်ပြီး အရွက်ဝေပေလို့ပေါ့။
ကယ်ဆယ်ရေးစခန်းလား.... သွားတဲ့လူလည်း သွားကြပါရဲ့။
ကိုယ့်လယ်ယာ ကိုင်းကျွန်းဆိုတာကြီးကို မပစ်ရက်တော့လည်း အနူးဆန်ခေါ်တဲ့ ဒီ ဆန်ကိုပဲ ဖြစ်သလို စားလိုက်ပါတယ်။ ရေလား ပထမတော့ အုန်းရေပေါ့။ နောက်တော့ မိုးရွာလာတော့ မိုးရေပေါ့။
ပတ်ဝန်းကျင်က ရေတွေက.... ဒါတွေလား.... ရေငန်တွေလေ... သောက်လို့မရဖူး...
သြော် ဟုတ်လား...... အခုတော့ အညာသား အတုံးအအ ဖြစ်နေခဲ့ပါပြီ။

ညနေ နေစောင်းလာပါပြီ
မော်တော်သမားက နောက်တရွာ သွားချင်ရင် အဲဒီရွာမှာ အိပ်ရင်တော့ လိုက်ပို့မယ်
မအိပ်ရင်တော့ မပို့နိုင်လို့ပြောပါပြီ
မိုးမှောင်မှောင်မှာ ရွေးမြစ်ကို မဖြတ်ရဲလို့ဆိုသည်။
ကိုင်းဒါဆို ဒီရွာမှာပဲ ကျန်တာတွေ အကုန်လုံး လှူခဲ့တာပေါ့။
စေတနာရှင်များလည်း ကျေနပ်မှာပါ။

ဒီလိုနဲ့ လှိုင်းကြီးတဲ့ ပြန်မလော့မြစ်တို့ ရွေးမြစ်တို့ကို ဖြတ်ကျော်ပြီး ၇ နာရီခန့်မှာ လပွတ္တာကို ရောက်ခဲ့သည်။
အပြန်မှာတော့ ဘယ်လိုမှကို ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ ကားပေါ်မှာ အိပ်လိုက်ရပါတော့သည်။
==============

ပြန်ရောက်ပါပြီ နေ့ ၁ နာရီခန့်ကျောင်းကို

ခါတိုင်းလိုပါပဲ အထုတ်အပိုးအပုံတွေကတော့ မိမိတို့ကို စောင့်ကြိုလျက် ---
ဒီတခါတော့ တရားပွဲလုပ်ပြီး လှူဖို့ စီမံမည်ဟု ဆရာတော်က မိန့်သည်
အစစ အရာရာ ဖြစ်မြောက်အောင်တော့ အစပိုင်းမှာ စီမံပေးနိုင်ခဲ့ပါသည်။
နောက်ပိုင်းတွင်တော့ မိမိကိစ္စတခုကြောင့် ပါဝင်ခွင့်မရတော့ပါပေ။
သူတို့သည် သူတပါးအတွက် တတိယအကြိမ် သွားရောက်လှူဒါန်းခဲ့ကြောင်း ၀မ်းမြောက်စွာ
ကြားသိရပါသည်။ သာဓု သာဓုပါလေ......။

=====================

၂၀၁၂ တွင် ကမ္ဘာပျက်မည်ဆိုတာထက်
ပျက်စီးသွားတဲ့ ဧရာဝတီမြေကမ္ဘာကိုတောင်
ပြင်လို့ မပြီးသေးနိုင်တာ
ယနေ့တိုင် ကြားနေရသည် မဟုတ်လော....

(စာကြွင်း။ ။ နာဂစ်ကူညီရေးတွင် သာမဏေကျော်ဆရာတော်နှင့် စေတနာရှင်များအဖွဲ့တွင် စိတ်အားထက်သန်စွာ ပါဝင်ခဲ့သူများကူညီခဲ့သူများကို အထူးကျေးဇူးတင်ပါကြောင်း၊ အမည်များ မထည့်သွင်းခြင်းကို နားလည်ပေးစေခြင်ပါကြောင်း၊ အတွေ့အကြုံအနည်းအကျဉ်းကိုသာ ဖေါ်ပြလည်း တစုံတရာ ဖြစ်လာခဲ့လျင် အသိပေးကြစေဖို့ ကာကွယ်တတ်ဖို့ ပြင်ဆင်တတ်ဖို့ လိုအပ်ချက်ကလေးများကို တွေ့နိုင်ပါကြောင်း)

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)

လှူဒါန်းခဲ့မှု ဗွီဒီယို ကို ဒီမှာ ကြည့်နိုင်ပါသည်။