ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

(သထုံမြို့ မှ ရွှေစာရံဘုရား)
ရေးမိရင်လည်း မြန်မာပြည်အကြောင်း- ပြောမိပြန်လည်း မြန်မာပြည်အကြောင်းပါပဲ။ လွမ်းတာကိုး...။ ငယ်ငယ်တုန်းက အညာမှာနေခဲ့ပြီး အသက်ရွယ်ကြီးလာတော့ အောက်ပြည်ကိုပြောင်း။ ဒီတော့လည်း အညာအကြောင်းတွေ ပြန်ပြောင်းပြောရတာ အာမညောင်းတမ်းပါပဲ။ 10.9.09 နေ့မှာ တက္ကသိုလ်က ပရော်ဖက်ဆာ သုမနပါလက လူတွေမှာ ခံစားတတ်တာရယ် - အသိဉာဏ်ရယ်ရှိတဲ့အကြောင်းကို အခြေခံပြီး ဗုဒ္ဓဘာသာ အနုပညာအယူအဆဘာသာမှာ သင်သွားတယ်။

ကရုဏာ မှသည် ခံစားတတ်ခြင်းသို့။ ထိုမှသည်- စိတ်လွတ်မြောက်ခြင်းသို့၊ ထိုမှသည် သမထသို့ပေါ့။
ပညာ မှသည် အသိဉာဏ် (နားလည်ခြင်း)သို့၊ ထိုမှသည် ပညာလွတ်မြောက်ခြင်းသို့၊ ထိုမှသည် ၀ိပဿနာသို့ပေါ့။

ဝိတက် ၀ိစာရ (ကြံစည်ခြင်း၊ စဉ်းစားသုံးသပ်ခြင်း)တို့က အသိဉာဏ်ကို ဖြစ်စေပြီး
ပီတိ သုခ (နှစ်သက်ခြင်း ချမ်းသာခြင်း)တို့ကတော့ ခံစားမှုကို ဖြစ်စေပါသည်တဲ့။
ဥပေက္ခာက ကတော့ လူတဦးတယောက်ကို အားတက်စေတတ်ပါသတဲ့။

ပဉ္စသိခနတ်သားက စောင်းတီးပြီး ရတနာသုံးပါးဂုဏ်ပါတဲ့ သီချင်းနဲ့ သူရိယ၀စ္ဆသာနတ်သမီးကို ပိုးပန်းခဲ့တာတွေဟာ အနုပညာတွေပါ။
ဗဟုဓိတရသုတ်မှာ ပုဏ္ဏားကြီးက နွားကပျောက်၊ သီးနှံက ပိုးထိုး၊ မိန်းကက ကန်လို့နှိုး၊ အိပ်ယာခင်းက ခြစား၊ လင်ကွားသမီးကခုနှစ်ယောက်နဲ့ ဒုက္ခရောက်နေပြီး ဘုရားရှင်ကတော့ ဒါတွေမရှိလို့ ချမ်းသာလိုက်တာလို့ ပြောဆိုပုံတွေက အနုပညာတွေပါ။
မဟာသမယသုတ်မှာ အလင်းရောင်တွေထိန်ဝင်းတဲ့ နတ်ဗြဟ္မာတွေကို ရဟန်းတွေမြင်နိုင်ဖို့ တရားအားထုတ်စေတာဟာ အနုပညာတွေပါ။ လို့ပြောပါတယ်။
အာဋာနိဋိယသုတ်တော်မှာ နတ်မင်းကြီးတွေက ဘီလူးရန်တွေကနေ ရဟန်းတော်တွေ ဘေးဒုက္ခမတွေ့စေဖို့ ပြောဆိုလျောက်ထားတာကို ပြန်သင်စေတာတွေဟာ အနုပညာတွေပါ။
နောက်ဆုံးတော့ ခံစားတတ်တာကိုက အနုပညာပီသလာပါသတဲ့။
ဒီတော့ ကိုယ်လည်း ကိုယ်နေခဲ့တဲ့နေရာကို သတိရတာ လွမ်းတာကလည်း အနုပညာလို့ (ကြံဖန်ပြီး) ပြောရတော့မှာပေါ့။

မြန်မာပြည်မှာတော့ မနက်မိုးသောက်တို့ ညနေ နေ၀င်ရီတရောတို့မှာ- ကြေးစည်သံလေး တဝေေ၀နဲ့ အမျှဝေသံလေးတွေ။ အရပ်ဆယ်မျက်နှာ မေတ္တာပို့သံလေးတွေ ကြားရတာ စိတ်ချမ်းသာလိုက်တာ။
အော်- ဘုန်းကြီးကျောင်းတွေက ည ခုနှစ်နာရီခန့်ဆိုရင် ကြေးမောင်းခေါက်သံ (ကြေးစည်ခေါက် မောင်းထု)တွေက ဟိုရိုးရာဓလေ့တွေပေါ့။ ငါတို့တော့ ဘုရားဝတ်ပြုတော့မယ်ဟေ့ မင့်တို့လည်း မေ့မနေကျနဲ့လို့ ပြောနေသလိုပါ။ ဘုရားစေတီတွေကလည်း ရွှေရောင်တ၀င်းဝင်း၊ ဘုရားဝန်းကလည်း သန့်ရှင်းလို့ ကြေးခေါင်းလောင်းဆိုရင်လည်း အသက်စေ့အောင်ထိုးကြတယ်။ မေးကြည့်တော့ ဘုရားရှင်ကို အသံနဲ့ ပူဇော်တာတဲ့။

သြော်--- လွမ်းစရာတွေပါ။ ဒီမှာတော့ ကြေးစည်မရှိ မောင်းသံ မကြားရ- ဒါပေမယ့် ခေါင်းလောင်းတော့ ဆွဲကြတယ်။ (တိုင်နှစ်တိုင်အမြင့်မှာ ခေါင်းလောင်းဆွဲထားပြီး အောက်ကနေ ကြိုးနဲ့ ဆွဲခြင်းဖြစ်ပါတယ်)။
နယ်ချဲ့တွေ အုပ်ချုပ်သွားပေမယ့် ရိုးရာမပျက်တဲ့ မြန်မာပြည်ဟာ တခါတခါတော့ အတော်လွမ်းစရာ ကောင်းတာပါ။