ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။



ခုချိန် မြန်မာပြည်မှာ ရေတွေ ရှားနေတဲ့ အကြောင်း ကြားသိရသဖြင့် စိတ်ထဲ မကောင်းလှပါ။ ခါတိုင်း ငါးရံ့မင်း ပရိတ်ရွတ်နေကြတိုင်း ရွတ်ဖတ်ပေမယ့် မိုးကား တစက်မှ မရွာဟု သိရပြန်သည်။ ကျောင်းတိုက်ရှိ သံဃာတော်များက ဦးဆောင်လို့ ရှင်ရေးကူညီမှု (သွေးလှူရှင်အသင်း)နှင့်-နာရေးကူညီမှု အသင်းမှ လူများက ကူညီလို့ ရပ်ကွက်ထဲက တတ်နိုင်တဲ့သူများက ထောက်ပံ့လို့ ရေလိုအပ်သူများကို လိုက်လံ ကူညီပေးနေကြသည်ဟုလည်း ကြားရသည်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဖြစ်လိုက် တဦးမေတ္တာ တဦးမှာ ဖြစ်လိုက်နှင့်ပေါ့။

မိမိတို့ နေထိုင်ရာ အောက်ပြည်အောက်ရွာ ပဲခူးဝန်းကျင်ရှိ ရွာများသည် အများစုအားဖြင့် လယ်လုပ်ကိုင်ကြသည်။ ပဲခူးမြို့ကနေ ထွက်လိုက်ပြီဆိုရင်ဖြင့် လယ်ကွင်းတွေက တမျှော်တခေါ်ပင်။ တရွာနဲ့ တရွာ သွားလျင် ဒီရေချောင်း လမ်းများအတိုင်း ကားများဖြင့် သွားရသည်။ မိုးတွင်းဆိုလျင်တော့ မော်တော်နဲ့ပေါ့။ နတ္တော် ပြာသို ရေကျကနေ နွေရာသီထိ ကားဖြင့် ထို ဒီရေချောင်းများအတိုင်း ဆားနယ်သဲလမ်းညီညီညာညာဖြင့် စိးရသည်။ ထိုရွာများကို ကျောင်းကနေ နှစ်စဉ် ဆန်လှူခံ ကြွရသည်။ ထိုအခါ သူတို့ ဓလေ့ထုံးစံများကို သိခွင့်ရသည်။ အဓိက- ရေ ဖြစ်သည်။ သူတို့ ရွာများတွင် ရေတွင်းတူးလို့မရ ဘုံဘိုင် ဆင်လို့မရပေ။ တူးလျင် ပင်လယ်နီးဒေသဖြစ်ခြင်းကြောင့် တူးတိုင်း ရေငန်ပဲ ထွက်သည်ဟု ဆိုသည်။ ထို့ကြောင့် ရွာတိုင်းတွင် ရေကန်ကြီးများဖြင့် မိုးရေကို လှောင်ထားကြရသည်။ ရွာဦးထိပ် ရေကန်ကို သောက်ရေကန်၊ ရွာလယ်ကန် ရွာတောင်ဘက်ကန်များကို ချိုးရေကန်စသဖြင့် ခွဲခြားထားကြရသည်။ တနှစ်ပတ်လုံး သူတို့ အသုံးပြုကြရသည်။ ယခုနှစ်လို သင်္ကြန်မိုးလည်း မရွာ၊ ခါတိုင်းရွာနေကြ ကဆုန်လပြည်နေ့ မိုးလည်း မသွန်းဖြိုးတော့ အဆင်မပြေ ဖြစ်ကြမည်ဆိုလျင်လည်း ဖြစ်စရာပင်။
အင်း.... ကုသိုလ်တွေကတော့ ယူတတ်ရင် ရပေသည်ဟုပင် ဆိုရမည်။ သနားတတ်လျင်လည်း ကရုဏာကုသိုလ် ဖြစ်ပေသည်ဟုပင် ဆိုရပေတော့မည်။

စွမ်းနိုင်သူများလည်း စွမ်းနိုင်သလောက် ပြုလုပ်နိုင်ကြပါစေဟုလည်း ဆုမွန်ပြုလိုက်ရပေသည်။
အထက်ပါ သတင်း ဖြတ်ပိုင်းကို ဒီနေရာက ယူထားပါတယ်