ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

မလေးရှားရောက်မှပဲ နိုင်ငံခြား ပီသတော့တယ် စသဖြင့် ကြားနေရတာ ကြာပါပြီ။ ပျော်မယ်လို့တွေးပေမယ့် တကယ်တမ်းကျတော့ လက်တွေ့မဖြစ်ခဲ့ပါဘူး။ မြန်မာတွေများများရှိတော့ စိတ်ထဲမှာ တမျိုးအားတက်မိတာတော့ ရှိပါတယ်။

သီရိလင်္ကာကနေ ဈေးပေါလေကြောင်းလိုင်း air asia နဲ့ ပြန်တက်လာတော့ ကိုယ့်စိတ်ထဲမှာ နောက်ဆုံးမြင်မိတဲ့ ပုံရိပ်က ဖြူဖြူဖွေးဖွေး စေတီလေးပဲ ဖြစ်နေခဲ့ပါတယ်။ တဖြေးဖြေးနဲ့ တောင်တန်းတွေ မြစ်ပင်လယ်တွေ ဖြတ်ပြီး ဆီအုန်းပင်တွေ အစီအရီ လမ်းတံတားတွေ ပေါများများနဲ့ မလေးရှားကို ရောက်လာပါတော့တယ်။ တိုးတက်လိုက်တဲ့ အဆောက်အဦးတွေ ကြားမှာ မြတ်ဘုရားစေတီ ရုပ်ပုံလွှာတို့ မမြင်မိပါပေ။

အသင့်လာကြိုသည့် ကားဖြင့် ကွင်းပြင်တွေကို ဖြတ်ကာ ဓမ္မ၀ိဟာရ မြန်မာဗုဒ္ဓဘာသာကျောင်း (မြို့လယ်ကျောင်း) ကို ရောက်တော့ ကျောင်းထိုင်ဆရာတော် အဂ္ဂါစာရမထေရ်မြတ်ကို ဖူးမျှော်ရင်း ကျောင်းတော်ရှိ သပ္ပါယ်လှသည့် ရုပ်ပွားတော်များကြောင့်သာ စိတ်ငြိမ်းချမ်းရပါတော့သည်။




ကွာလာလမ်ပူမြို့လယ် ဖြစ်ခြင်းနှင့် မြန်မာဆိုင်များ အနီးနားတွင် ရှိနေခြင်းတို့ကြောင့် မြန်မာများသည်လည်း လာလေမစဲ တသဲသဲပါပဲ။ အပူများနှင့်လာသူရှိသလို ကုသိုလ်ယူသူများလည်း ရှိပါတယ်။ ရဟန်းတော်အတွက် စားဝတ်နေရေး အစစအရာရာ အဆင်ပြေပေမယ့် ဆိုးဝါးတာက အော်ပရာစီပါ။ အော်ပရာစီဆိုတာ ရဲပင်ဖြစ်ပေမယ့် သူတို့လိုအပ်တဲ့အခါ ပက်စပို့စ်မှန်သူရော မှားသူရောပါ ဆွဲခေါ်ပိုင်ခွင့်ရှိလို့လည်း မလိုအပ်ရင် အပြင်မထွက်ရတာတော့ မဟန်လှဖူး ထင်မိတယ်။ ရှေးယခင်က ကျီးလန့်စာစား ဆိုကြပေမယ့် အခုများတော့ ရဲလန့်လမ်းသွား ဖြစ်ရပေပေါ့။


မလေးရှားစကား မပြောတတ်တော့ ငှါးလေသမျှ taxi များကလည်း ဈေးနှုန်းတွေက တင်လိုက်ကြသည်မှာ ၁၅ ရင်းဂစ်ခရီးကို ၄၀ တောင်းသည်အထိပင်။ မကြားစဖူး ကားစီးမည့် လူအရေအတွက်ဖြင့်ပင် တောင်းကြသေးတာ ကြုံရတယ်။

မြို့လယ်ကျောင်းမှာ နှစ်ရက်နေပြီး မြို့အပြင်ဘက် ပူချုန်း ၇ မိုင် ဓမ္မာရုံမှာ တည်းခိုနေထိုင်ဖို့ ပြောင်းရွှေ့ဖြစ်လိုက်တယ်။
မြို့အပြင် ဖြစ်တော့ ရှင်းရှင်းလင်းလင်းဖြစ်ပြီး နေထိုင်လို့ ကောင်းပါတယ်။ ကျောင်းအနားမှာ ညလုံးပေါက် ဖွင့်တဲ့ ကုလားဆိုင် သံချဲ့စက် နားညီးတာကလွဲလို့ပေါ့။

ပူချုန်း ၇ မိုင်ရှိ သိရီမင်္ဂလာဓမ္မာရုံတော်

ပူချုန်း ဓမ္မာရုံဆရာတော် ဘဒ္ဒန္တကောသလ္လ စိတ်သဘောထားပြည့်ဝခြင်းနှင့် မိမိတို့နှင့် ရှေးယခင်က ခင်မင်နေခြင်းတို့ကြောင့် သူ့ကျောင်းမှာပဲ စတည်းချနေတာ ခုဆိုရင် နှစ်ပတ်ကျော်တောင် ကြာရောပေါ့။

အရင်တပတ် သောကြာက ကပ်ပုန်းအရပ်ရှိ ဒေါက်တာဣန္ဒကကျောင်း ရောက်ဖြစ်ကြပါတယ်။ ဆရာတော့် ကျောင်းသည်လည်း အလွန်နေရာကောင်းပြီး တကယ့်ဘုန်းကြီးကျောင်းနှင့် တူတာ ဖြစ်တော့မယ်။ တရုတ်လူမျိုးများ ဆောက်လုပ်ထားသည့် ကျောင်းဖြစ်ပြိး မြန်မာတို့ ၀င်ထွက်သွားလာရာ ကျောင်းဖြစ်ပါတယ်။ ကထိန်ရာသီဆို ပွဲတော် ပဒေသာပင်တွေ ရပ်ကွက်ထဲကနေ ကျောင်းအထိ ပင့်လာတဲ့ ဓာတ်ပုံတွေကို မြင်ရတော့ သူတပါးအရပ်ဒေသမှာ ဒီလို လုပ်နိုင်ဖို့ ခဲယဉ်းတာကို သိရပြီး ၀မ်းသာကြည်နူးမိပါတယ်။




အခမဲ့ ဖြန့်ချီသည့် စာအုပ်များ


ကပ်ပုန်းကျောင်းကနေ ဆယ်မိနစ်ခန့် သွားလိုက်ရင် ဘာတုကေ့ (Batu cave) ခေါ်တဲ့ နာမည်ကျော် ဟိန္ဒူတောင်ကြီးရှိပါတယ်။ လှေခါးထစ်ပေါင်း များစွာနဲ့ တောင်ပေါ်တက်သွားရင် ဟိန္ဒူကျောင်းဆောင်ငယ်တွေကိုတောင်အတွင်းမှာ တွေ့ရမှာပါ။ ထူးခြားတာက အဲဒီတောင်ထဲဝင်သွားတော့ ၀င်ဝင်ချင်းမှာ ရေမှုန်ရေမွှားတွေ ကျတာကို ကြုံရပြီး အတွင်းဆက်ဝင်သွားရင်တော့ တောင်က ထိပ်က ပေါက်နေပြီး အလင်းရောင်ဝင်ကာ ဟောင်းလောင်းကြီး ဖြစ်နေတာကို တွေ့ရမှာပါ။




နိုင်ငံတကာ သတင်းတွေမှာ လွတ်လပ်ခွင့်ဆိုတာကို အသံတွေ မကြာမကြာကြားနေရပြီး ခေတ်မီတိုးတက်တဲ့ မလေးရှားမှာ လွတ်လပ်ခွင့် အပြည့်ရှိလေမလား မရောက်ခင်က တွေးထင်ထားခဲ့တာပါ။ တကယ်တမ်းကျတော့ လုယူမယ့်လူကို ကြောက်ရတယ်။ ရဲတွေက ကားတွေ ထိုးကာ ဖမ်းတတ်တာက ပက်စပို့မရှိသူတွေတာ ဖြစ်ပြီး ခိုးဆိုးလုယက်သူတွေကိုတော့ လွတ်ထားသလိုပဲ။

မလေးရှားနိုင်ငံ ကိုးကွယ်ရာဘာသာက မွတ်ဆလင်ဘာသာ ဖြစ်တော့ မိမိတို့ ဗုဒ္ဓဘာသာတွေ အတွက် အခွင့်အရေး မရရုံတင်မကပါဘူး ဆုံးရှုံးနေသလိုပါပဲ။ လက်ရှိ မလေးရှားမှာ နေထိုင်ကြသည့် ဘုန်းတော်ကြီးများ လည်း နေထိုင်ခွင့် ရဖို့ မလွယ်လှသလို နေထိုင်ရသည့် အနေအထားကလည်း တည်ငြိမ်ခြင်းမရှိပါဘူး။ လိုအပ်သည့်အခါ ကျောင်းနေရာ ပြောင်းရခြင်း၊ နေရာ ရှောင်တိမ်းရခြင်း များနဲ့ ရင်ဆိုင်ရတတ်ကြပါတယ်။ အချို့ တရုတ်လူမျိုးများ ကိုးကွယ်ရာ ကျောင်းတိုက်များကတော့ အဆင်ပြေတတ်ကြပါတယ်။

ဒီအကြောင်းနဲ့ စပ်ပြီး မဟိန္ဒမထေရ် မိန့်စကားတခွန်းကိုလည်း အမှတ်ရမိတယ်။ သာသနာတော် အမြစ်တွယ်ချင်ရင် ဒီဒေသရှိ မိဘနှစ်ပါးက မွေးပြီး ဒီဒေသမှာပဲ ၀ိနည်းစသည်ကို သင်ယူသူ ပေါ်ပေါက်လာမှ သာသနာတော် အမြစ်တွယ်မယ်လို့ ဒေ၀ါနံပီယတိဿမင်းကို မိန့်ခဲ့တာကို သတိရမိတယ်။ ဒီဒေသ ဒီနိုင်ငံသားဖြစ်မှပဲ သူလိုချင်တဲ့ အခွင့်အရေးကို တောင်းဆိုနိုင်မယ်။ ဧည့်နိုင်ငံသားဖြစ်နေသမျှတော့ အခက်အခဲတွေနဲ့ အချိန်မရွေး ပြန်ပြေးရနိုင်လို့ ထိုစကားကို ယခုခေတ်အနေနဲ့ ယှဉ်ထိုးပြီး မှန်လိုက်လေခြင်းလို့ တွေးမိတယ်။

ဘာဖြစ်ဖြစ် မိမိစိတ်ထဲမှာတော့ ဗုဒ္ဓဘာသာလူမျိုးများ ရှိနေရာ မလေးရှားမြေမှာ ဗုဒ္ဒဘာသာရဟန်းတော်များ ရှိနေခြင်းသည် သာသနာတော် မတိုးတက်ဦးတော့ မဆုတ်ယုတ်ဖို့အတွက် ဖြစ်ပေသည် ဟု မှတ်ယူမိပါတယ်။ ထိုသို့ မှတ်ယူမိခြင်း အကြောင်းကလည်း ရှိပါတယ်။ မလေးရှားကနေ UN ၀င်ခွင့်ရသွားပြီ ဆိုရင် အများစုက ခရစ်ယန်ဘာသာဝင် အဖြစ် ပြောင်းလဲ သွားတတ်ကြသည်လို့ ကြားမိလို့ပါ။

မိမိယုံကြည်ရာကို ကိုးကွယ်ပိုင်ခွင့် ရှိသော်လည်းပဲ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးတပါးအနေဖြင့် မိမိတို့ဘာသာက နေ သူတပါးဘာသာကို ကူးသွားတာကို ကြားရတော့လည်း စိတ်ထဲ ရင်ထဲ တကယ်ပဲ မကောင်းပါပေ....။

ကိုယ့်စွမ်းနိုင်ရာ ကိုယ့်သာသနာကို ကိုယ်သာပြုမှ ဖြစ်ပါမယ်။ မြတ်ဘုရားသာသနာအတွက် တဖက် တလမ်းက တိုးတက်အောင် ဘာသာရေး ဆောင်းပါးလေးတွေကို ရေးချင်စိတ်က တဖွားဖွားပေမယ့် ကိုယ်တတ်ထားတဲ့ photoshop ဓာတ်ပုံပြုပြင်နည်း ပညာကို ကျောင်းမှာ လာလာနေတဲ့ ကလေးတွေကို သင်ပေးစေချင်တယ်လို့ ဆရာတော်က မိန့်တာနဲ့ စွမ်းနိုင်သလောက် နေ့စဉ် ညတိုင်းနဲ့ တနင်္ဂနွေနေ့မှာ ၁ နာရီကနေ ၅ နာရီထိ သင်ပေးနေရပါတယ်။ ဒကာနဲ့ ဘုန်းကြီးနဲ့ မကင်းနိုင်သလို ဒကာတွေ အတွက် ဘုန်းကြီးတပါးကနေ ခေတ်သုံး ပညာရပ်တရပ်ကို သင်ပေးလိုက်ရတာကိုလည်း ၀မ်းသာနေမိတယ်။ ဘာသာရေးနဲ့ တိုက်ရိုက်မပတ်သတ်လည်း ဘာသာရေးကို စိတ်ဝင်စားလာဖို့ ဘုန်းကြီးကျောင်းကို ၀င်ထွက်လိုစိတ်လေးတွေ ရှိလာဖို့လည်း ရည်ရွယ်မိပါတယ်။ အဲဒီအတွက် လိုအပ်သလို နေ့စဉ် စီစဉ်နေရလို့လည်း ဘလော့လေးမှာ ပုံမှန် ဆောင်းပါးလေးများ မတင်ဖြစ်သလို ဖြစ်နေတယ်....။

အခုဆိုရင်တော့ မလေးရှားမှာ အတာနှစ်ကူးအတွက် ပြင်ဆင်နေကြတာ တွေ့နေရပါပြီ။ မိမိတို့အိမ် မိမိတို့ စက်ရုံ အစရှိသဖြင့် ပရိတ်ရွတ်ဖတ်ဖို့ လာလာပင့်နေကြတာတွေ့ရတယ်။ တို့သာသနာကို လွတ်လပ်စွာ တည်ထောင်ခွင့်များ မလေးရှားမှာ ရနိုင်ရင် တနေ့ ဗုဒ္ဓသာသနာရောင် မလေးရှားမှာ ထွန်းပြောင်လာပေလိမ့်ဦးမယ်လို့ ထင်မြင်ယူဆနေမိပါတော့တယ်။