ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

“မမေ့ပါနဲ့ လင်္ကာမြေ” ပေါ့လေ။
ဆုံဆည်းခဲ့ခြင်းသည် ခွဲခွါခဲ့ခြင်းအတွက် အစဦးနိဒါန်းပင် ဖြစ်လေရော့သလား....။ သို့မဟုတ် ခွဲခွါခြင်းသည်ကပဲ ဆုံဆည်းခြင်းအတွက် နိဒါန်းဖြစ်လေရော့သလား မဆိုတတ်တော့ပါ။
တနေရာကို ခွဲခွါလိုက်ပြန်တော့လည်း မဆုံးနိုင်သေးတဲ့ လမ်းခရီးမှာ နောက်ထပ် အသစ်အသစ်တွေအတွက် အဦးအစ ဖြစ်နေပြန်ရောပဲ။
အခုလဲ ကြည့်လေ လင်္ကာမြေကို ခွဲခွါရတော့ပေမည်။ ခွါရခါနီးမှ သံယောဇဉ်တွေ တင်းကြပ်လွန်းလာလိုက်တာ တခါတခါ မောဟိုက်သွားရသည်အထိ။
မိမိနှင့် ဆက်စပ်ရာ သူငယ်ချင်းများကို နှုတ်ဆက်မိသည်။
“I am so sad" တွေက တသီတတန်းပင်။ သူတို့ နည်းတူ ကိုယ်လည်း ၀မ်းနည်းမိပါသည်။
ခုမှပဲ အခြေမကျတကျ လင်္ကာမြေအပေါ် အော်.... ငါ သံယောဇဉ်တွေ တွယ်မိနေပါပြီလား....လို့ သိလိုက်ရပါပြီ။
ခုညလည်း ကျောင်းနေဆရာတော်များကို နှုတ်ဆက် ကန်တော့မိသည်။
Don't forget Sri Lanka တဲ့လေ။ လင်္ကာမြေကို မေ့မသွားပါနဲ့တဲ့။
လင်္ကာမြေသည် ဖေါ်ရွှေမှုများနှင့် ပြည့်နက်လှပါ့လား လို့ ၀မ်းနည်းစိတ်တစက်နဲ့ တွေးမိပါသည်။
နှုတ်ဆက်မိသူ အားလုံးပင် ဘယ်တော့ ပြန်လာမှာလဲလို့ မေးကြသည်ချည်းပင်။
သေချာပါသည်....။ ပြန်မလာဖြစ်တော့ပါ....။
အစ တဦးနှစ်ဦးတော့ မလာဖြစ်တော့ပါဘူး.... လို့ ဖြေပေးမိသည်။ အလွန်စိတ်ဝမ်းနည်းသွားကြသည်ကို တွေ့လိုက်ရပါသည်....။ နောက်တော့လည်း ဒီအဖြေက မကောင်းပါဘူးလေ.... ဆိုပြီး... ပြန်လာမှာပေါ့.... စာမေးပွဲ အောင်လက်မှတ်ယူရင် ပြန်လာမှာပေါ့.... လို့ ဖြေမိသည်။ လာခါနီးရင် ဖုန်းဆက်ဦးလို့ မှာပြန်သည်။
ဆက်ပါ့မယ်။ ဒါပေမယ့် လာပါ့မယ်လို့ ကတိပေးတာတော့ မဟုတ်ဖူးနော်....။ လာဖြစ်နိုင်တယ်ဟု သာ ဆိုမိသည်။
တကယ်ပါလေ..... လင်္ကာမြေလေးသည် ဖေါ်ရွှေမှုများ စူးစမ်းမှုများနှင့် ပြည့်နက်ခဲ့သည်။ ဘယ်နေရာတွေ သွားတိုင်းသွားတိုင်း မင့်က ဂျပန်လားလို့ မေးခံရသည်ချည်းပင်။ ငါက မြန်မာပါ ဆိုတော့ နားမလည်ကြ။ ဗမာဆိုလည်း မသိပြန်။ ဗုရုမာ ဆိုမှ နားလည်ကြပြန်သည်။ (တချို့က ဗြဟ္မာဟု ဆိုကြပါသည်)။ ဗုရုမာ.... ဗုရုမာ.... နောက်ဘယ်သူတွေ့တွေ့ ဘယ်သူမေးမေး ဗုရုမာလို့သာ ဖြေလိုက်သည်။ အားလုံး အိုကေရော....
သံသယများက တချက်တချက် ထိုးနှက်တတ်သည်မှာ ကိုယ်ကပဲ သေချာ လက်ခံတတ်လို့လား မသိပါ။ ဘယ်မှာများ ဗုရုမာ အထောက်အထား တွေ့နိုင်မလဲ.....။ စူးစမ်းမိပါသည်။ တနှစ်လွန်မှ ပြန်ခါနီးမှပဲ တွေ့ရသည်။ ဘယ်နေရာလဲဆိုတော့ တိရစ္ဆာန် ဥယျာဉ်မှာပါ....။ (နောက်နေ့မှ ပုံတင်ပေးပါမည်)
မြန်မာ့တိုက်ကြက် အမျိုးအစားကို ပြသသည့် အခန်းတွင် တွေ့ခဲ့ရခြင်းဖြစ်ပါသည်။
သြော် .... ဗုရုမာ ဗုရုမာ....

ဗုရုမာလို့ ခေါ်တတ်တဲ့ လင်္ကာမြေလေးကို မမေ့ပါဘူးလေ။ လင်္ကာမြေပေါ်မှာနေ အုန်းရည်တွေသောက်ပြီး ဘ၀တက္ကသိုလ်ရော ပညာရေးတက္ကသိုလ်ပါ တက်ပြီး ဒွတ်ဒက် ရွှတ်ရှက်နဲ့ ပြောခွင့်တွေ ပေးခဲ့သူများ။
လူတလုံး သူတလုံးဖြစ်ခွင့်ရအောင် ပညာရေ သောက်ခွင့်ပေးခဲ့မှုများ။ မျှော်လင့်ချက်မဲ့စွာဖြင့် လက်ခံကူညီခဲ့သူများ၊ ခွဲခွါခါနီးလေ ဘယ်နေရာကို လိုက်ပို့ပေးမယ် စသဖြင့် လွမ်းတတ်အောင် ဖန်တတ်သူများကို ဘယ်လိုလုပ် မေ့နိုင်မှာလဲလေ။
I never forget Sri Lanka. It will live in my mind eternally.