ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

“လူတယောက် ကိုယ့်မိတ်ဆွေဖြစ်လာဖို့အတွက် ခြေလှမ်းခုနှစ်လှမ်းလောက် လှမ်းဖူးရင်ကို ဖြစ်ပါပြီ။ ခြေလှမ်းပေါင်း ၁၂ လှမ်းလောက် အတူလှမ်းဖူးလိုက်မယ်ဆိုရင် ဆိုးတူကောင်းဖက် သူငယ်ချင်း ဖြစ်ပါပြီ။ တလ သို့မဟုတ် တလခွဲလောက် အတူတူနေဖူးလိုက်မယ်ဆိုရင် ဆွေမျိုးလိုတောင် ဖြစ်ပါပြီ။ တလခွဲထက် ပိုပြီး အတူနေဖူးလိုက်မယ်ဆိုရင် နှစ်ကိုယ့်တစိတ်သမားတောင် ဖြစ်ပါပြီ။ ကိုယ့်အကျိုး ကိုယ့်စီးပွားတခုထဲ ငဲ့ကွက်ကြည့်ပြီး အတူတကွ အချိန်ကြာကြာနေထိုင်ခဲ့ဖူးသူ ကာဠကဏ္ဏိကို ငါဘာ့ကြောင့် စွန့်လွှတ်ရမှာလဲ”

အထက်ပါ စကားလုံးများကတော့ အနာထပိဏ်ခေါ်တဲ့ ကျောင်းဒကာကြီးရဲ့ သူ့သူငယ်ချင်းအပေါ် ရပ်တည်ချက် သဘောထားလေးပါ။ ကိုယ်ကျိုးချည်းပဲကြည့်ပြီး သူငယ်ချင်းကို မစွန့်လွှတ်နိုင်ပါဖူးတဲ့လေ။ သူ့သူငယ်ချင်း ကာလကဏ္ဏိဆိုတာက သူနဲ့အတူ ငယ်ငယ်ကလေးဘ၀ကတည်းက မြေမှုန့်ကစားဖက်။ ကျောင်းစာသင်တော့လည်း ဆရာတူ သူငယ်ချင်းဖြစ်ခဲ့သည်။ အချိန်ကာလ ကြာမြင့်ပြီး အသက်တွေ ရလာချိန်တော့ ဘ၀အခြေအနေချင်း ခြားနားသွားသည်။ အနာထပိဏ်ကတော့ သူဌေးကြီးဖြစ်ပြီး ကာဠကဏ္ဏိကတော့ ဆင်းရဲသားဖြစ်သွားသည်။ ကိုယ့်အသက်မွေးဖို့ အလုပ်ရဖို့ သူငယ်ချင်းဖြစ်သူ အနာထပိဏ်ထံ ချည်းကပ်တော့ အနာထပိဏ်က ကျွေးမွေးစောင့်ရှောက်ထားသည်။ ကျေးဇူးသိတတ်သည့် ကာလကဏ္ဏိကလည်း ကိစ္စကြီးငယ်မှန်သမျှ ပြန်လည်လုပ်ပေးလေ့ရှိသည်။ သို့ပေသည့် သူ့နာမည်က ကာဠကဏ္ဏိဆိုတော့ ထိုင်ဖို့ပြောလည်း ကာလကဏ္ဏိ ထိုင်ထိုင်။ သွားဖို့ပြောတော့လည်း ကာလကဏ္ဏိ သွားသွား။ စားဖို့ပြောတော့လည်း ကာလကဏ္ဏိ စားစား …… ဆိုတော့ ခေါ်ရပြောရ ကြားရ ထောင်ရ သည်မှာ သူနာမည်ကြီးက မင်္ဂလာတရားနှင့် မပြည့်စုံ။

အနာထပိဏ်အိမ် ၀င်ထွက်လေ့ရှိသည့် သူဌေးမင်းများကတော့ နာမည်ခေါ်သံ ကြားရုံနှင့်ပင် လူမပြောနှင့် ဘိလူးပင် ထွက်ပြေးလောက်ပေသည်ဟု ဆိုသည်။ အိမ်မှာ မထားဖို့ တိုက်တွန်းသည်။ လူဆင်းရဲတယောက် နာမည်မလှသူတယောက် အိမ်မှာထားလို့ အကျိုးမရှိဟု ဆိုကြသည်။ သို့သော် အနာထပိဏ်သည်ကား နားကြားမချမ်းသာတာများ နာမည်မကောင်းတာများ တကယ့်လူကောင်းတွေက အရေးမထားပါ အဓိပ္ပါယ်မဲ့ နားကြားချမ်းသာ မင်္ဂလာကို မလိုချင်ပါ။ ထိုနာမည်မကောင်းတာလေးမျှနှင့်လည်း မိတ်ဆွေသူငယ်ချင်းကို နှင်မထုတ်ရက်ပါ ဟု သူ့အယူအဆ ချပြတတ်လေသည်။

ထို၏ အကျိုးဆက်ကား ကောင်းမွန်ခဲ့လေသည်။ တနေ့ အနာထပိဏ်သူဌေး တောရွာတရွာကို ညအိပ်သွားတုန်း ကာလကဏ္ဏိက စိုးရိမ်စိတ်ဖြင့် ညမအိပ်ပဲ အိမ်စောင့်နေသည်။ အခြား ကျေးကျွန်များကား အိပ်လို့ကောင်းနေလိုက်ကြသည်။ ဖြစ်ချင်တော့ ထိုညတွင် သူခိုးများက အိမ်ဖေါက်ဖို့ ကြံကြသည်။ သူခိုးတွေ အိမ်အနားကပ်လာတာကို သိသည့် ကာလကဏ္ဏိက သူဌေးရှိလို့ ပွဲတော် ရှိသယောင် ဟေ့ ဟေ့ ထပါဟေ့ ခရုသင်းမှုတ်ပါဟေ့။ ဟေ့ ဟေ့ မုရိုးစည်တီးပါဟေ့ စသဖြင့် တရစပ် ပြောဆိုပြီး ပွဲတော်အတွက် ပြင်ဆင်သယောင် ပြုလုပ်ခဲ့ရာ သူခိုးများက သူဌေးရှိသည် အထင်ဖြင့် ထွက်ပြေးသွားကြရတော့သည်။

မနက်ပိုင်းတွင် သူခိုးတွေ ကျန်ရစ်ခဲ့သည့် လက်နှက် ဆောက်ပုတ်တွေ မြင်ပါမှ ညက အိမ်တွင် သူခိုးကပ်မှန်း အခြားသူများ သိကြရတော့သည်။ ထိုအချိန်ကျတော့မှလည်း မိတ်ဆွေကောင်း တယောက်ရဲ့ တန်ဖိုးကို အခြားသူများ နားလည် သွားခဲ့ကြသည်။ နာမည်မကောင်းသော်လည်း သူတပါး အကျိုးစီးပွား လိုလားသူ စိတ်ကောင်းရှိသူ မိတ်ဆွေတဦးကြောင့် သူခိုးတို့ အိမ်ဝင်စီးမယ့် အဖြစ်ကနေ ကင်းလွတ်ခဲ့ရကြောင်း သဘောပေါက်ခဲ့ကြတော့သည်။
အနာထပိဏ်သူဌေးကြီးကား သူ၏ ဆုံးဖြတ်ချက်တခုအတွက် ဂုဏ်ယူမဆုံးရှိခဲ့သည်။ ထို့အပြင် သူသည် ဘုရားရှင်ထံသို့ပါ ထိုအကြောင်းလျှောက်တင်ခဲ့လေသည်။ (ဇာတက ၁- ကာဠကဏ္ဏိဇာတ်)

ထို့ကြောင့် နိုင်ငံရပ်ခြားမှာပဲနေနေ ကိုယ့်ရပ်ဒေသမှာပဲနေနေ အလိုအပ်ဆုံးအရာတခုကို ပြပါဆိုရင် “မိတ်ဆွေကောင်း”ကိုပဲ လက်ညှိုးထိုးပြရပေလိမ့်မည်။ မိတ်ဆွေကောင်း ရှိလျင် အားလုံး အဆင်ပြေပါလိမ့်မည်။ အားလုံး မိတ်ဆွေကောင်းများနှင့် တွေ့ဆုံကြပါစေဟု ဆုတောင်းမိသလို မိတ်ဆွေကောင်းဖြစ်အောင်လည်း နေထိုင်တတ်သူများ ဖြစ်ကြပါစေ-



နိုင်ငံရပ်ခြားမှာပဲနေနေ ကိုယ့်ရပ်ဒေသမှာပဲနေနေ အလိုအပ်ဆုံးအရာတခုကို ပြပါဆိုရင် “မိတ်ဆွေကောင်း”ကိုပဲ လက်ညှိုးထိုးပြရပေလိမ့်မည်။