ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

ပါဠိဆိုသည့်စကားလုံးဇစ်မြစ်ကို ရှာဖွေနေသည်မှာ ကြာမြင့်လှပါပြီ။ ဒေသတွေကွဲသလောက် အာသံလျာသံတွေ ပြောင်းလဲနေသည်ကိုလည်း တွေ့ရသည်။ မိမိက မြန်မာမို့ မြန်မာသံထွက်ပြီး ငါရွတ်ဆိုတာမှ အမှန်ဟုထင်သ လို အခြားလူမျိုးများကလည်း သူတို့ ရွတ်ဆိုသည်မှ အမှန်ဟု ပြောကြပြန်သည်။ ပါဠိဘာသာကို မြန်မာများ ရွတ်ဆိုသည်နှင့် အခြားလူမျိုးများ ရွတ်ဆိုသည်တွင် အဓိကအားဖြင့် နှစ်မျိုးကွဲသည်ကိုတော့ သတိထားမိသည်။ မြန်မာက ဇ - အခြားက ဂျ၊ မြန်မာက သ - အခြားက စ အားဖြင့် ကွဲပြားသည်ကို တွေ့ရသည်။

ဥပမာအားဖြင့် - “ဓမ္မံ သရဏံ ဂစ္ဆာမိ” ကိုရွတ်ဆိုသော် “ဓမ္မံ စရဏံ ဂစ်ချာမိ”ဟု ရွတ်ဆိုကြသည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီးလည်း မြန်မာပြည်မှာ ရှိစဉ်ကတည်းက ဆရာဝန်တယောက်နှင့် ဆွေးနွေးဖူးသည်။ ဘုရားကတော့ သရဏဂုံ ယူတဲ့နေရာမှာ အသံထွက်မှန်ဖို့ ဟောထားတာပါပဲ။ ကမ္ဘာ့ဝန်းကျင်အရ ဆိုရင်တော့ အဓိပ္ပါယ်မှန်ဖို့သာ အဓိကလို့ ထင်ကြောင်း ပြောခဲ့ဖူးသည်။ နိုင်ငံခြား တက္ကသိုလ်မှာ ပညာသင်ရတော့လည်း အင်္ဂလိပ်ဘာသာဆက်သွယ်ရေးနဲ့ “ဓါမံ စရဏံ ဂစ်ချာမိ” မဟာယာနဘာသာရပ်တွင် သင်ပြန်သည်။
တဖြေးဖြေးနဲ့ -
ဓမ္မံ သရဏံ ဂစ္ဆာမိ - လို့ရွတ်ခြင်းသည် မြန်မာသံဖြင့် ရွတ်ခြင်း ဖြစ်သည်။
ဓမ္မံ စရဏံ ဂစ်ချာမိ - လို့ ရွတ်ခြင်းသည် ဆင်ဟာလ (သို့မဟုတ်) အင်္ဂလိပ် ရိုမန်လို ရွတ်ခြင်းဖြစ်သည်။
ဓါမံ စရဏံ ဂစ်ချာမိ- လို့ ရွတ်ခြင်းသည် သက္ကတ(အိန္ဒိယ)သံ ဖြင့် ရွတ်ခြင်းဖြစ်သည် လို့ နားလည်လာသည်။
သို့သော် “ပါဠိဘာသာ” ဆိုတာကိုတော့ သိချင်နေသည်။ စူးစမ်းနေမိသည်။ မိမိလို လူများအတွက် ဗဟုသုတ ဖြစ်စေဖို့ အောက်က အချက်အလက်များက စိတ်ကျေနပ်မှုကို တမျိုးတဖုံပေးလိမ့်မည်လို့ မျှော်လင့်မိသည်။

ဆရာ မောင်အံ့ (မဟာဝိဇ္ဇာ) ရေးတဲ့ ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီးစာအုပ်ထဲမှာ-

“ပါဠိဘာသာ”
=========

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်အခါက မဂဓတိုင်း၊ ကောသလတိုင်းစသော မဇ္ဈိမဒေသတွင် ပြည်သူအများ ပြောဆိုသုံးစွဲနေကြသော ဘာသာစကားတစ်ခုရှိ၏။ ထိုဘာသာစကားကို မဂဓတိုင်းသူ တိုင်းသားတို့ သုံးစွဲသော ကြောင့် မာဂဓီဘာသာဟု ခေါ်၏။ မြတ်စွာဘုရားရှင်သည် ထိုမာဂဓီဘာသာဖြင့် တရားဟောတော်မူခဲ့၏။
မြတ်စွာဘုရားရှင်ဟောတော်မူသော စကားအစဉ် ဒေသနာတော်အစဉ်ကို ပါဠိဟု ခေါ်သည်။ (ပါဠိ- အစဉ်အတန်းဟု ဆိုလို၏)။ မြတ်စွာဘုရား၏ စကားတော် ဒေသနာတော်အစဉ်သည် မာဂဓီဘာသာဖြင့် တည်ရှိ ရကား ဘုရားဟောဒေသနာတော်ကို ပါဠိဟု ခေါ်ရာမှ အချိန်ကြာညောင်းသောအခါ မာဂဓီဘာသာကိုလည်း ပါဠိ ဘာသာဟု ခေါ်ကြလေသည်။ ထို့ကြောင့် ဘုရားရှင် နှုတ်တော်မှ ထွက်ပေါ်လာခဲ့သော ဘာသာစကားကို ပါဠိဘာသာဟု ခေါ်သည်။ ထိုဘုရားဟော ပါဠိဘာသာကို ထေရ၀ါဒဂိုဏ်းကြီးက ဤခေတ်တိုင်အောင် ဆက်လက်ထိန်းသိမ်းလာခဲ့ရာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က မူရင်းအတိုင်း ဆက်လက်တည်ရှိနေလေသည်။
ထိုပါဠိဘာသာစကားသည် သဘာဝအနက်အဓိပ္ပါယ်ကို ပြနိုင်၏။ အနက်အဓိပ္ပါယ်တိကျပြတ်သား၏။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ဖြစ်စေနိုင်၏။ ပဋိသမ္ဘိဒါဉာဏ်၏ အထောက်အပံ့ဖြစ်၏။ ပဋိသမ္ဘိဒါဉာဏ်ရသူအား ပါဠိဘာသာ ဂါထာတပုဒ်ရွတ်ပြက အနက်အဓိပ္ပါယ်ကို အကျယ်တ၀ံ့ ချက်ချင်းသိ၏။ တဆူတည်းသော ဆရာ၏ လက်အောက်၌ ၀ါဒတခုတည်းကိုသာ ဖေါ်ပြသော ဘာသာစကားဖြစ်၍ အနက်အဓိပ္ပါယ် ပုံသေကားချ ယတိ ပြတ် မှတ်သား၍ ရနိုင်၏။ ဥပမာအားဖြင့် ဝေဒနာ သညာ အနိစ္စ ဒုက္ခ စသော ပါဠိပုဒ်များကို မည်သည့်ခေတ် မည်သည့်ဒေသ မည်သည့်လူမျိုး မည်သည့် ပါဠိတော် အဋ္ဌကထာ ဋီကာများ၌ တွေ့ရစေကာမူ အနက်အဓိပ္ပါယ် တသမတ်တည်း တည်မြဲ၏။ လောင်းလဲခြင်း မရှိပေ။

“သက္ကတ ဘာသာကို တားမြစ်ခဲ့ခြင်း”
=====================

မြတ်စွာဘုရားသခင် သက်တော်ထင်ရှားရှိနေစဉ်က (ယမေဠနှင့် ကေကုဋ)မည်သော ဗြဟ္မဏမျိုးနွယ်ဖွား ရဟန်းနှစ်ပါးတို့သည် မြတ်စွာဘုရား၏ ဒေသနာတော်ကို သက္ကတဘာသာ သို့ ပြောင်းလဲထားရန် လျှောက်ထား ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ငါဘုရား၏ ဒေသနာတော်ကို သက္ကတဘာသာသို့ ပြောင်းလဲထားသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေ ဟု သိက္ခာပုဒ်ပညတ်ကာ တားမြစ်တော်မူခဲ့သည်။
သဗ္ဗတ္ထိဂိုဏ်း မဟာသံဃိကဂိုဏ်းတို့ကား ဗုဒ္ဓအမိန့်အာဏာတော်ကို ဖီဆန်လျက် အုပ်စိုးသူတို့၏ အကြိုက်ကိုလိုက်၍ ပါဠိတော်ကို သက္ကတဘာသာဖြင့် ရေးသားကြကုန်၏။ သက္ကတဘာသာသည် မြောက်ပိုင်း သာသနာကိုသာ လွှမ်းမိုးသည် မဟုတ်၊ တောင်ပိုင်း သာသနာတော်၌လည်း နောက်ပိုင်းကျသော ဋီကာများ အလက်ာကျမ်းများ ၀ံသကျမ်းများ၌ သက္ကတအသုံးအနှုန်းများ ရောနှောပါဝင်လာလေသည်။
နောက်ပိုင်းတွင် ထေရ၀ါဒရဟန်းအချို့သည် သက္ကတဘာသာ တတ်ကျွမ်းခြင်းကို ဂုဏ်ထူးတခုဟု ယူဆကာ သက္ကတပုဒ်များ အသုံးအနှုန်းများကို လက်စွမ်းပြ သုံးနှုန်းလာခဲ့ကြသည်။
ဝေဒခေတ်သုံး ဝေဒိကသက္ကတဘာသာကိုလည်းကောင်း၊ သုင်္ကခေတ်နောက်မှ ပေါ်သော န၀ီနသက္ကတဘာသာကိုလည်းကောင်း အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသ၊ အရှင်မဟာနာမ၊ ဋီကာဆရာကြီး အရှင်အာနန္ဒာ၊ အရှင်ဓမ္မပါလတို့က တားမြစ်ပယ်ခဲ့ကြလေပြီ။
မြန်မာနိုင်ငံ ပုဂံခေတ်၌ သဒ္ဒနီတိ ကျမ်းပြုဆရာကြီးကလည်း သက္ကတသဒ္ဒါနည်းသို့လိုက်၍ ဘုရား ဟောပါဠိကို မပြင်မိကြစေရန် သတိပေးတားမြစ်ခဲ့လေပြီ။ သို့ပါလျက် သက္ကတကို မူမှန်ထား၍ ဘုရားဟော ပါဠိတော်ကို ပြင်ဆင်ရန် ကြိုးစားနေကြသော ပုဂ္ဂိုလ်များကား ဤခေတ်တိုင်အောင် ရှိနေကြဆဲပင်ဖြစ်၏။

“သက္ကတဘာသာအပေါ်၌ ကမ္ဘာကျော် သာသနာပြု လယ်တီဆရာတော်ဘုရားကြီးက ဤသို့ သုံးသပ် မှတ်ချက်ချခဲ့၏။”

သက္ကတသည် ဗြဟ္မဏ ပုဏ္ဏားတို့၏ စာပေဖြစ်၏။ အတ္တ၀ါဒ ထာဝရတန်ခိုးရှင် ဖန်ဆင်းရှင်ဗြဟ္မာဝါဒများကို ရေးသားထား၏။ ငါသည် ဘ၀သံသရာတလျောက်လုံး အတ္တ၀ါဒ ထာဝရဗြဟ္မာဝါဒများကို သင်ယူနာကြားလျက် သံသရာ ကျင်လည်ခဲ့ရလှလေပြီ။ ယခုဘ၀ ကံကောင်းထောက်မ၍ ဗုဒ္ဓသာသနာတော်နှင့် ကြုံတွေ့ခိုက် အနတ္တတရားတော်ကို ကြိုးစားလေ့လာ ကျင့်ကြံအားထုတ်မှ တော်ပေမည်။ ဟု ဝေဖန်သုံးသပ် ဆုံးဖြတ်၍ သက္ကတစာပေကို သင်ယူခြင်း မပြုခဲ့ချေ။
========


Prof.A.P Buddhadatta ရေးတဲ့ The New Pali Course စာအုပ် နိဒါန်းမှာတော့-
ခေတ်သစ်မှာ ပါဠိဘာသာကို အနောက်တိုင်းရော အရှေ့တိုင်းတက္ကသိုလ်တွေမှာပါ သင်ယူနေကြပါပြီ။မျက်မှောက်ခေတ်ကျောင်းသားတိုင်းက လွန်ခဲ့တဲ့ ၂၅ ရာစုလောက်က လူသားဘုရားက ဘယ်လိုဟောခဲ့တယ်ဆိုတာကို ရှာဖွေဖို့- နောက်သမိုင်းကြောင်းနဲ့ ပါဠိထဲမှာ ရှိနေတဲ့ ဝေါဟာရနဲ့ဆိုင်ရာ ရတနာတွေကို ရှာဖွေဖို့ မူရင်းပါဠိစာလုံးကို ဖတ်ချင်နေကြပါတယ်တဲ့---။

“http://en.wikipedia.org/wiki/Pali ထဲက ပါဠိရေးနည်း”
====================================

အသောကမင်းတရားလက်ထက်က ကျောက်တိုင်တွေမှာ ပါဠိဘာသာနဲ့ဆင်တူတဲ့ ဗြဟ္မဏဘာသာတွေနဲ့ အမိန့်ပြန်တမ်းတွေ ရေးခဲ့တယ်။ သမိုင်းအဆိုအရကတော့ နှုတ်အားဖြင့် (ပါးစပ်)ဆောင်ထားတဲ့ အစဉ်အဆက်ကနေ ပထမဆုံးပါဠိဘာသာကို သီရိလင်္ကာမှာ ရေးတယ်လို့ ယုံကြည်ရပါတယ်။ ၀ဋ္ဋဂါမဏိမင်း (ဘီစီ ၁၀၀)လက်ထက်မှာမှာ မဟာဝံသကျမ်း(သီရိလင်္ကာသမိုင်း)ကို ပါဠိလို ရေးခဲ့ပါတယ်။
နောက် သီရိလင်္ကာမှာ ပါဠိစာလုံးကို ဆင်ဟာလ အက္ခရာနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ နောက်တော့ ထင်ရှားတဲ့ ခမာ၊ မြန်မာ၊ ထိုင်း၊ ဒေ၀နာဂရီ၊ မွန်ဂိုလီးယား စသဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။
ရိုမာန်အင်္ဂလိပ် (roman english)နဲ့တော့ ၁၉ရာစု မှာ ရေးပါတယ်။
ပါဠိအက္ခရာ အစဉ်တန်းကတော့-

အ အာ ဤ ဥ ဥူ ဧ သြ အံ
a ā i ī u ū e o ṁ
က ခ ဂ ဃ င
k kh g gh ṅ
စ ဆ ဇ စ် ည
c ch j jh ñ
ဋ ဌ ဍ ဎ ဏ
ṭ ṭh ḍ ḍh ṇ
တ ထ ဒ ဓ န
t th d dh n
ပ ဖ ဗ ဘ မ
p ph b bh m
ယ ရ လ ၀ သ ဟ
y r l ḷ v s h ဟု မြန်မာ အသံထွက်အတိုင်းပင် ဖြစ်ပေသည်။
================

စာလုံးများ

Lanka The land of king (J.B Disanayaka, p-132)စာအုပ်မှာတော့- ၄ ရာစုလောက်မှာ ဒီပ၀ံသကျမ်းကို ပါဠိဘာသာနဲ့ ရေးခဲ့ပြီး ထိုပါဠိသည် ကမ္ဘာသုံး အများသုံးဘာသာစကား ဖြစ်ပါတယ်တဲ့။ အဲဒီစာအုပ်ထဲကပဲ ရှေးဗြဟ္မဏအက္ခရာ နှင့် ဆင်ဟာလ အက္ခရာပုံကိုလည်း အခု ယူသုံးစွဲထားပါတယ်။ မြန်မာလိုကတော့ ကိုယ့်ဘာသာ ရိုက်ထားတာပါ။

အခုတွေ့သမျှ အတိုင်းကို ကောက်ချက်ချမယ်ဆိုရင် ကုလားရေးတော့ ကုလားအက္ခရာ၊ မြန်မာရေးတော့ မြန်မာအက္ခရာနဲ့ပေါ့။ မူရင်းပါဠိစာလုံးကို ရှာတွေ့ဖို့ထက် ပါဠိစာပေထဲကလာတဲ့ အနှစ်သာရတွေကို ယူချင်ရင်တော့ မြန်မာလိုရေးထားတဲ့ ပါဠိကိုဖတ်ပါလို့ပဲ ပြောရပါမယ်။ ကိုယ့်လက်ထဲမှာ တန်ဖိုးရှိ အသင့်သွေးပြီး အသင့်သုံး ပတ္တမြားရောက်နေပြီပဲ ဘယ်ပန်းတိမ်လုပ်တာလဲလို့ မေးမြန်း အချိန်ကုန်နေတာထက် လက်တွေ့ အသုံးပြုလိုက်တာက ပိုတန်ဖိုးရှိမယ် ထင်ပါတယ်။

အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)